ယနေ့အချိန်အထိ ART ဆေး လိုအပ်ချက်များစွာ ရှိနေသဖြင့် လူထုတွင်း HIV ပြန့်ပွားမှုနှုန်း မြင့်မားလာမည်ကို AIDSလူမှု အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။ ART ဆေးဝါးကုသမှု ခံယူရန်လို အပ်နေသော ဝေဒနာရှင်ဦးရေမှာ နိုင်ငံတော်အဆင့် ခန့်မှန်း ထားချက်များအရ ၂ဝ၁ဝ ခုနှစ်တွင် ၂ဝ ရာခိုင်နှုန်းသာ ပေးနိုင်ခဲ့ပြီး၊ အမျိုးသား မဟာဗျူဟာ စီမံကိန်း ၂ တွင် ART ဆေးဝါးလိုအပ်သူ ၈ဝ ရာခိုင်နှုန်း ဆေးရရှိရန် ချမှတ်ထားသော်လည်း ယခုနှစ်တွင် ၁၂ဝဝဝဝ ဦး လိုအပ်သည့်အနက် ၂ဝ၁၅ နှစ်ကုန်အထိ ၄၇ဝဝဝ ဦး ရရှိနိုင်ရန်သာ စီစဉ်ထားပေး နိုင်ကြောင်း ဖေဖော်ဝါရီ ၁ဝ နှင့် ၁၁ ရက်တို့၌ Excel Tower တွင် ပြုလုပ်ခဲ့သော ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ အစည်းအဝေးမှ သိရသည်။
”အခုလို ART ဆေး မလုံလောက်တဲ့အချိန်မှာ ကာကွယ်ရေးပိုင်းကို ကျွန်တော်တို့အဖွဲ့ အစည်းတွေအနေနဲ့ အရှိန်အဟုန်တိုးဆောင်ရွက် သွားရတော့မယ်၊ လုပ်ငန်းတွေ အကောင်အထည် ဖော်တဲ့အခါမှာ လည်း အောက်ခြေအဆင့်အထိ ပူးပေါင်း၊ လက်တွဲခြင်းတွေကို ပိုမို မြှင့်တင်ဖို့ အစီအစဉ်တွေ ရှိပါတယ်”ဟု National NGOs Network မှ ကိုစိုးမိုးအောင်က ပြောသည်။
လူမှုအဖွဲ့အစည်းများ လတ်တလော ကြုံတွေ့နေရသည့် အခက်အခဲများမှာ ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ Round 11 နှစ်အတော်ကြာ နောက်ဆုတ်သွားခြင်း၊ ရန်ပုံငွေ လျာထား ဆောင်ရွက်ချက်များတွင် ပြည်တွင်းရှိ အရပ်ဘက် လူမှုအဖွဲ့ အစည်းများအတွက် ပါဝင်ဆောင် ရွက်ခွင့်ရရှိရန် ခက်ခဲလွန်းခြင်း၊ ဆောင်ရွက်လျက်ရှိသည့် အရပ် ဘက် လူမှုအဖွဲ့အစည်းများ၏ အရည်အသွေး၊ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သည့် အဖွဲ့အစည်း ကြီးများ နိုင်ငံတကာအဖွဲ့ များနှင့် အလှူရှင်များ၏ စိတ်ဝင်စားမှု နည်းပါးလွန်းခြင်းတို့ပင် ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးမှ သိရသည်။
”အမျိုးသား မဟာဗျူဟာ စီမံကိန်း ၂ မှာ ဆေးဝါးလိုအပ်သူလူနာ ၈ဝ ရာခိုင်နှုန်း ဆေးရစေရမယ်လို့ဆို ထားပါတယ်။ အဲဒီအနေအထားကို ရောက်ဖို့ လိုသေးတယ်။ နယ်ဒေသတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းလာရင် HIV ဝေဒနာရှင်တွေအတွက် ပိုကောင်းလာနိုင်တယ်”ဟု UNAIDS မှ ဒေါက်တာစိုးနိုင်က ဆက်လက် ပြောသည်။
အဆိုပါအခက်အခဲများ ရင်ဆိုင်ကျော်လွှားနိုင်ရန် ထိရောက်ပီပြင်သည့် လူမှုရေးလုပ်ငန်းများ အတွက် ရန်ပုံငွေမြှင့်တင်ခြင်း၊ ပညာပေးဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်းနှင့် အကောင်အထည် ဖော်ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များပါ ပူးပေါင်းဆောင်ရွက် လာစေလိုကြောင်း ယင်းအခမ်းအနားတွင် တင်ပြတောင်းဆို ခဲ့ကြသည်။
ချစ်ဆုဆွေ
Popularmyanmar - လူထုတွင်း HIV ပြန့်ပွားမှုနှုန်း မြင့်မားလာမည်ကို အေ့ဒ်စ်လူမှုအဖွဲ့များ စိုးရိမ်နေ




