အညာဒေသ ကျောက်ပန်းတောင်းမြို့ကလေးဟာ စီးပွားရေး
အချက်ချာကျပြီးတော့ အတော်လေးပဲ စည်ကားတယ် ဆိုရမှာပါ။ ပုပ္ပားတောင် အရိပ်ကြောင့်လည်း
အခြားမြို့တွေထက် စာရင် အပူသက်သာတယ် ပြောရမှာပါ။ ချမ်းသာ ကြွယ်ဝ သူတွေလည်း လာရောက်
စီးပွားရေးတွေ မြှုပ်နှံပါတယ်။
ဒီမြို့ကလေးမှာ လုပ်ငန်းရှင် တချို့က ဆယ်ဘီးကား ဘယ်နှစ်စီး
ပိုင်တယ် ဆိုတာနဲ့ သူတို့ကြွယ်ဝမှုကို တိုင်းတာလေ့ ရှိတာက တော့ ထူးခြားနေပါတယ်။
တချို့ဆိုရင် ဒီလို ကုန်တင်ယာဉ် အစီး ငါးဆယ်၊ တရာလောက်ထိ ရှိတယ်လို့ ဆိုပါတယ်။
ဒီတော့ ဒီမြို့သား အတော်များများဟာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အဖြစ်နဲ့ အသက်မွေးမှု
လုပ်ကြပါတယ်။ အဲ့ဒီမှာတင် နယ်အနှံ့ကို ခြေဆန့်ဖို့ အကြောင်းဖန် လာတော့ပါတယ်။
သူတို့က တခါတရံ ကားမောင်းထွက်သွားလိုက်ပြီဆိုရင် ကုန်တွေကို
ဟိုကနေ ဒီကို၊ ဒီကနေ ဟိုကိုပို့ ဆိုတာမျိုးတွေရှိတော့ လပေါင်းများစွာ ကြာအောင်
အိမ်ပြန်မရောက်တဲ့ရက်တွေ ရှိပါတယ်။
သူတို့က သုံးဖြုန်းနိုင်တဲ့ ဝင်ငွေလည်း ရှိတော့ သူတို့
သွေးသား တောင့်တမှု ဖြစ်လာပြီ ဆိုရင် အဆင်ပြေတဲ့ မိန်းမနဲ့ အိပ်ကြတော့ တာပဲ။ ဒီတော့
ကျန်းမာရေးအသိကလည်း မရှိ၊ ကွန်ဒုံ ဆိုတာလည်း အလွယ် မရနိုင်တဲ့ လမ်းခရီးလို
နေရာမျိုးမှာ အကာကွယ် မပါဘဲ ဆက်ဆံကြတယ်။ ခုခံကျရောဂါ ကူးစက်ပျံ့ပွားဖို့
သိပ်လွယ်တာပေါ့။ အိမ်ပြန်ရောက်ချိန်မှာ သူတို့က ကိုယ့်အမျိုးသမီး နဲ့လည်း အကာအကွယ်
မပါဘဲ ဆက်ဆံကြတယ် ဆိုတော့ ရောဂါပိုး ရှိရင် ကူးပြီပေါ့။ ကူးတာတွေလည်း အများကြီး
ရှိပါတယ်။ အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်ကိုင်၊ အိပ်ရာထဲ လဲ၊ အဲ့ဒီလို
အဖြစ်များပါတယ်။
အရင်ကဆို ကလေးတွေကိုပါ ကူးတယ်။ အခုတော့ အသိရှိရှိ
သတိရှိရှိနဲ့ နေထိုင်ကြဖို့ ကျမတို့က တပ်လှန့်ထားပေးတော့ သူတို့ရဲ့ ရင်သွေးတွေကို
မကူးစက်အောင် အတော်အတန် ထိန်းသိမ်းနိုင်ပါပြီ။ ပွင့်ပွင့် လင်းလင်း
ပြောဆိုဖို့ကိုလည်း ပညာပေးလိုက်တော့ သူတို့အတွက် အေကိုက်နေတယ် ဆိုတဲ့စကားကို
နောက်ပြောင်စရာလိုလိုနဲ့ အတည်ပြောနေကြ ပါတယ်။ အေကိုက်တယ် ဆိုတာ အေအိုင်ဒီအက်စ်
လို့ခေါ်တဲ့ ခုခံအားကျရောဂါရရှိတာကို ပြောတာပါ။
အဲ့ဒါကြောင့်လည်း ဒီမြို့က ဝေဒနာသည်တွေဟာ တခြားမြို့ တွေထက်
များနေသလားလို့ စဉ်းစားမိပါတယ်။ သူတို့တွေဟာ မီဒီယာ မှာ ပြောရမှာလည်း
မကြောက်ကြပါဘူး။ သတင်းဌာန များက စာနယ်ဇင်းကျင့်ဝတ်အရ အမည်နာမ မတပ်ဘဲ အသံလွှင့်ရင်
သူတို့က တအားစိတ်ဆိုးကြပါတယ်။
မြို့ကလူတွေ သိအောင်လို့ သတင်းဌာနနဲ့ အင်တာဗျူးတာ ဆိုပြီး သူတို့က ပြောချင်တာပါ။
ဒါဆိုရင် ပူပြင်းခြောက်သွေ့မိုးခေါင်တတ်တဲ့ ဒီမြို့ကလေးက
ဝေဒနာသည်တွေ ဘယ်လောက် ပွင့်လင်းမှု ရှိသလဲ ဆိုတာ သိလောက် ပါပြီ။
အခြားမြို့တွေမှာ စီစဉ်ရ မလွယ်ကူတဲ့ လူနာကွန်ရက်တခုကို
အဲ့ဒီမြို့မှာ ကျမတို့ လုပ်ထားပါတယ်။ လူနာတွေဟာ တဦးနဲ့ တဦး သိယုံမကပါဘူး။ သူတို့
အေကိုက်နေပြီ ဆိုပြီး တမြို့လုံးကိုလည်း သူတို့က ကြွေးကြော်ပါတယ်။ ဒါဟာ တစုံတရာ
လိုချင်လို့ မဟုတ်ပါဘူး တဲ့၊ အကြောင်း အမျိုးမျိုးနဲ့ ရောဂါကူးစက်ခံရတယ် ဆိုရင်
သူတို့ဆီ လာရောက် ဆက်သွယ်နိုင်အောင်လို့ပါ တဲ့။
တကယ်ကို မွန်မြတ်တဲ့ စိတ်ဓာတ်ပါ။ သူတို့ချင်း နားလည်မှု
ကောင်းကောင်း ထားကြပါတယ်။ ဥပမာ ကျမတို့က သောက်ရမယ့် ဆေးတော့ ပို့လိုက်ပါရဲ့၊
အကြောင်း အမျိုးမျိုးကြောင့် ဆေးကမရောက်ဘူး၊ ကားက ပျက်နေတယ် ဆိုရင် သူတို့တွေက
ကျမဆီ ဖုန်းဆက်ပါတယ်။ ဒီအခါမျိုးမှာ သူနဲ့ ထပ်တူညီမျှတဲ့ဆေး သောက်နေတဲ့တယောက်ဆီ
လွှတ်လိုက်ပြီး ယူသောက်ခိုင်း လိုက်တာပဲ။ နောက်သူ့ဆေးရောက်တော့မှ သူက ပြန်ပေးပေါ့လေ။
အဲ့ဒါကြောင့် အတော်လေး အဆင်ပြေပါတယ်။
တယောက်နဲ့တယောက် ဖေးဖေးမမလည်း ရှိကြပါတယ်။ တယောက်ယောက်က
ဝမ်းပျက် ၀မ်းလျှောနေတယ်၊ ညီအစ်ကို မောင်နှမတွေက ရွံတယ် ဆိုပြီး မလုပ်ပေးရင်
သူတို့ထဲက တယောက်ယောက်က အဲ့ဒီလို အခြေအနေဆိုးနေတဲ့လူကို အားပေး စကား သွားပြောပေးတာ
ပုဆိုး ထဘီ လျှော်ပေးတာမျိုး၊ ဓာတ်ဆား ၀ယ်ပြီးတော့ ဖျော်တိုက်တာမျိုး တနေကုန်
လုပ်ကိုင်ပေးပြီး ညအိပ်ချိန်ရောက်မှ ကိုယ့်အိမ်ကိုယ် ပြန်အိပ်တာပါ။
တကယ်လို့များ မြန်မာနိုင်ငံ မြို့တော်တော် များများကသာ
ဒီလောက် ပွင့်လင်းမယ်ဆို ရောဂါဆိုး တိုက်ဖျက်ရေးမှာ ပိုမို ထိရောက် မယ်လို့
ကျမတော့ ထင်မြင်နေမိပါတယ်။ အခုဆို ကျောက်ပန်းတောင်းမြို့လေးကနေ စလိုက်တဲ့
လူနာကွန်ရက်ဟာ အောင်လံ၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ မကွေး၊ ၀မ်းတွင်း နောက်
ဒီရန်ကုန်မှာပါ အောင်မြင်နေပြီ။ နောက်လည်း လူနာများတဲ့ နေရာတွေမှာ အောင်မြင်အောင်
လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
နောက်တခုက မြန်မာပြည်က စီးပွားရေးက အင်မတန် ကျပ်တည်းပါတယ်။
ဒီတော့ လူနာအသစ်တွေ ဆေးဝါးကုသမှု ခံယူချင် တယ်ဆို
ကျောက်ပန်းတောင်းက လူနာဟောင်းတွေက အလှူငွေ လိုက်ကောက်ပြီး အင်တိုက်
အားတိုက်လုပ်ပါတယ်။
ရန်ပုံငွေကို များများ တခါ ကောက်လိုက်ပြီးတော့ မသုံးပါဘူး။
ဈေးထဲမှာ ကုန်စုံဆိုင်လေး ဖွင့်ပြီး လူနာတွေ အလှည့်ကျ ထိုင်ပါ တယ်။
ကြီးကြပ်တာကတော့ ကျမတို့ အဖွဲ့ဝင် နှစ်ယောက်ပါ။ သူတို့ဆီမှာ ငွေအပ်၊ နောက် ဒီကို
မလာနိုင်တဲ့လူနာတွေကို သူတို့ နှစ်ယောက်ဆီ လွှတ်ပြီး လမ်းစရိတ် တောင်းခိုင်းပြီး
ရန်ကုန်ကို လွှတ်တတ်ကြပါတယ်။ ဒါကိုတော့ ရေနံချောင်း တမြို့တည်းပဲ
လိုက်လုပ်နိုင်ပါသေးတယ်။
တောင်တွင်းကြီးလည်း ရံဖန်ရံခါတော့ လုပ်ပါတယ်။ ဒါပေမယ့်
ကျောက်ပန်းတောင်းလောက် စိတ်ကူး စိတ်သန်း မကောင်းသေးပါ ဘူး။ ကျမကလည်း
ကျောက်ပန်းတောင်းကို စံထားပြီး အခြားမြို့လေးတွေကို ပြုပြင်စရာရှိတာ လိုက်ပြုပြင်ပေးနေတာပါ။
ကျမ ဆရာလို ဖြစ်နေတာပေါ့။ ကျမ သွားလို့ ရဲရဲတင်းတင်း ကြိုဆိုရဲတာလည်း ဒီတမြို့ပဲ
ရှိပါသေးတယ်။
ကျမ အဲ့ဒီကို နှစ်ခေါက် ရောက်ပါတယ်။ တခေါက်က ပညာပေး
စည်းရုံးရေး ထွက်တာပါ။ နောက်တခါကတော့ ကျမ တိမ်းရှောင် နေရင်းနဲ့ ဘုရားဖူး
ခရီးစဉ်တခုမှာ ရောက်သွားတာပါ။ ကျမကို နေရာအနှံ့ သူတို့ကိုယ်တိုင် လိုက်ပို့ပါတယ်။
မြို့ပေါ်က နာမည်ကြီး သူဌေးတွေဆီလည်း ခေါ်သွားပြီးတော့ မိတ်ဆက်ပေးတာပေါ့လေ။ သူတို့
အလှူခံကောင်းအောင်လားတော့ ကျမ မပြောတတ်ပါ ဘူး။
အဲ့ဒီမြို့ကနေ ပြန်ထွက်တော့ ညပိုင်းပေါ့။ မီးရောင်
တထိန်ထိန်အောက်မှာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက် ဆိုင်တွေ ကာရာအိုကေ ခန်းတွေမှာ
လူငယ်လေးတွေ ကွန်ဒုံ ဆောင်ပြီးနောက်ပြောင်နေတာတွေကို ကျမမြင်ရကြားနေရ ပါတယ်။
မြို့လေးက နှုတ်ခွန်း ဆက်သပါတယ် ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကြည့်ပြီး ကျမ လူနာတယောက်
ပြောတာ သွားသတိရမိတယ်။ သူကတော့ အားပါးတရကြီးကို ပြောတာပါ၊
"မမဖြူရေ ကျမတို့ ရပ်ကွက်မှာတော့ တအိမ်ကျော်
မုဆိုးမတွေချည်းပဲ" တဲ့။
ဧရာဝတီ - လူနာကွန်ရက် မြို့ကလေး




