ဖေဖေနဲ့မေမေကတော့ အသက်သုံးဆယ် အရွယ်လောက်တွေမှာ လောကကြီးကနေ ထာဝစဉ် ခွဲခွာသွားခဲ့ကြတယ်။ အဲလိုအရွယ်တွေ ကောင်းတဲ့အချိန်မှာ ဆုံးပါးသွားတာဟာ မိသားစုရဲ့အငွေ့ရနံ့၊ သံယောဇဉ်နဲ့ ယုယမှုလေးတွေကို ရှူရှိုက်ခံစားလို့ မ၀သေးတဲ့ ရင်သွေးလေး နှစ်ဦးအတွက် စောလွန်းပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ရင်သွေးလေး ညီအစ်ကိုယ်နှစ်ဦးဟာ အခြားမိဘမဲ့ သား/သမီးငယ် လေးတွေလို လောကအလယ်မှာ မျက်နှာ ငယ်ငယ်နဲ့ ဘ၀ကိုရင်ဆိုင်ရမှာကိုကတော့ နားလည်လက်ခံနိုင်စရာပါ။ ဒါပေမဲ့ ထိုညီအစ်ကိုနှစ်ဦးရဲ့အဖြစ်က အခြားသာမန် မိဘမဲ့ ကလေးငယ်လေးတွေထက် မျက်နှာငယ်ခံနေရတာကိုက ရင်နာစရာ…။
ထိုညီအစ်ကိုနှစ်ဦးရဲ့နာမည်ကို မောင်ငြိမ်းချမ်း(ညီ)နဲ့ မောင်ဆန်းထွန်း(အစ်ကို)လို့ တင်စား လိုက်ပါတယ်။ ဖေဖေမေမေတို့ ဆုံးပါးတဲ့ အချိန်မှာဆို မောင်ငြိမ်းချမ်းနဲ့မောင်ဆန်းထွန်းဟာ ငါးနှစ်နဲ့ ခြောက်နှစ်သားအရွယ် လောက်မှာသာ ရှိပါသေးတယ်။
မိဘတွေက အိတ်ခ်ျအိုင်ဗီ ၊အေအိုင်ဒီအက်စ်နဲ့ အတူနေထိုင်ခဲ့ကြရတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၀၁ခုနှစ်က သူတို့ရဲ့မွေးရပ် မြေဖြစ်တဲ့ ကရင်နီ(ကယား)ပြည် လွိုင်ကော်မြို့မှာဆုံးပါးသွားခဲ့ကြပါတယ်။
မိဘတွေက အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်နဲ့ ဆုံးပါးသွားခဲ့ကြပြီး ကျန်ရစ်ခဲ့တဲ့ မောင်ငြိမ်းချမ်းနဲ့ မောင်ဆန်းထွန်း တို့မှာထိုလက္ခဏာတွေနဲ့ အတူနေထိုင်ရတဲ့အတွက် လူမှုပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အပယ်ခံရမှုများကို ရင်ဆိုင်ကြရပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ အချိန်မှာ လွိုင်ကော်မြို့မှာရှိတဲ့ အိမ်နီးနားချင်းရဲ့အိမ်တအိမ်မှာ ညီအစ်ကိုနှစ်ယောက် ကံကောင်းထောက်မစွာဖြင့် တွယ်ကပ်နေထိုင်ခွင့် ရရှိပြီး လွိုင်ကော်မြို့ အ.ထ.က ကျောင်းတကျောင်းမှာ ပညာဆက်လက်ဆည်းဖူးခွင့်ရကြပါတယ်။
ပထမတန်း ပညာသင်ယူနေသော မောင်ငြိမ်းချမ်းဟာ တနေ့မှာတော့ သူ့ရဲ့လက်မှာ အနာဖုတွေပေါက်နေတာကို ဆရာမ ကတွေ့တော့ အခြားကျောင်းသားလေးတွေလဲ မောင်ငြိမ်းချမ်းလို မဖြစ်စေရလေအောင်ဆိုပြီး သူ့ကို ကျောင်းဆက်တက်ခွင့် မပေးတော့ဘဲ ရပ်နားခိုင်း လိုက်ပါတယ်။ "ဆရာမက ကျောင်းမပေးတက် တော့တဲ့အတွက် ကလေးက ၀မ်းနည်းပြီးငိုတယ်။ ကျောင်းကိုလာခွင့် မရတော့ဘဲ တလအကြာမှာ ကလေးက ဆုံးသွားရှာတယ်။"လို့ ကျန်ရစ်နေတဲ့ အစ်ကိုဖြစ်သူ မောင်ဆန်းထွန်းရဲ့ ရှေ့ရေးကို တာဝန်ယူပေးနေတဲ့ ဆရာမ နေခြည်က ပြောပြပါတယ်။
မောင်ဆန်းထွန်းဟာ ယခု၂၀၀၉ ခုနှစ်ဆိုရင် သတ္တ္တမတန်း(၇တန်း)
ပညာကို သင်ယူနေပါပြီ။ အိတ်ခ်ျအိုင်ဗီ/ အေအိုင်ဒီအက်စ်နဲ့အတူ နေထိုင်တဲ့ပုံမပေါ်ပေမဲ့ မိဘတို့မှ စွန်းထင်ထားခဲ့တဲ့ အမဲစက်တွေကြောင့် သူ့ခမျာ အခြားကျောင်းသား/သူလေးတွေရဲ့အကြား၊ အသိုင်းအ၀ိုင်း တခုရဲ့အကြားမှာ သိမ်ငယ်နေရရှာတယ်လို့ ဆိုပါတယ်။
(မောင်ဆန်းထွန်း) ညီလေးရဲ့အဖြစ်ကို တွေ့ရတာကျမ အရမ်းနာကျင်သွားတယ်။ စိတ်မကောင်းတာကလွဲလို့ ကျမဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ တကယ်တမ်းတော့ သူ့ဆရာမတွေက ဒီ အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ်ကို ဘယ်လိုကာကွယ်နိုင်လဲ၊ နောက်ပြီး အလွယ်တကူ မကူးစက်နိုင်ဘူး ဆိုတာကို နားလည်ကြပါတယ်။ ဒါပေမဲ့တကယ်လက်တွေ့မှာ ကျမတို့ community ကဒီအရာကို လက်ခံနိုင်စွမ်း မရှိသေးဘူး"လို့ မိဘမဲ့ကလေးငယ်လေးတွေကို ကူညီထောက်မှုပေးနေတဲ့ ကယားပြည်နယ် ခရစ်ယန်အသင်းတော်ရဲ့ အဖွဲ့ခေါင်းဆောင် ဆရာမ နေခြည်က ရှင်းပြသွားတာပါ။
မောင်ငြိမ်းချမ်းနဲ့ မောင်ဆန်းထွန်းတို့ရဲ့ အဖေဟာ နာမည်ကြီးတဲ့ ရှင်းပြည်နယ်တောင်ပိုင်းက မိုင်းရှူးမှာ ကျောက်တွေ သွားတူးဖူးသလို အပျော်တမ်း လိင်ဆက်ဆံမှုများလဲ အတော်လေး လိုက်စားခဲ့တဲ့အတွက် အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ်နဲ့အတူစတင် နေထိုင်ရခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ လွိုင်ကော်မြို့ရဲ့ရပ်ကွက် တွေထဲမှာ မောင်ငြိမ်းချမ်းနဲ့ မောင်ဆန်းထွန်းတို့လို အခြေအနေတူ၊ ဘ၀တူ သား/သမီး ငယ်လေးတွေ ရှိနေကြောင်း နှင့် သူတို့ရဲ့မိဘတွေကလည်း အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ်နဲ့ ဆုံးပါးသွားခဲ့ကြတာကို ဆရာမက ထပ်ပြီးညွန်းပြပါတယ်။
မှိုင်းရှူးဒေသမှာ ကျောက်မျက်ရတနာ တူးဖေါ်ရေးလုပ်ငန်းနဲ့ ရောင်းဝယ်ရေးလုပ်ငန်းများ နာမည်ရှိသလောက် မြန်မာနိုင်ငံနယ်အသီးသီးမှ အလုပ်လာရောက် လုပ်ကိုင်သူ အများစုဟာ မလုံခြုံတဲ့လိင်ဆက်ဆံမှုနဲ့ မူးရစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ မကင်းဘူးလို့ ဆိုကြပါတယ်။
ကယားပြည်နယ်တွင် ကျေးလက်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း(RHDP) အဖွဲ့၏ ၂၀၀၇-၂၀၀၈ စစ်တမ်းကောက်ချက်အရ လူဦးရေ(၄၀၀၀) ၀န်းးကျင်၏ ၃၀ရာခိုင်နှုံးဟာ မှိုင်းရှူးနှင့်ဖားကန့်တို့မှာ အလုပ်သွားရောက်လုပ်ကိုင်နေကြပြီး ထိုထဲမှ ၂၆ရာနှုန်းဟာ မလုံခြုံတဲ့ လိင်ဆက်ဆံမှုများ ကျင့်သုံးကြတာ ကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။
ထိုဒေသများမှ အလုပ်သွားရောက်လုပ်ကိုင်ပြီး မိမိကယားပြည်နယ်သို့ ပြန်လာအခြေချ နေထိုင်သူတို့မှာ အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ် နှင့်အတူ နေထိုင်ရသောကြောင့် အိမ်ထောင်အချို့မှာ မိမိတို့လွယ်ထားသော ကလေးများဟာ မိခင်ဝမ်းထဲ ပင်သေဆုံး သွားကြရသော ကလေးငယ်များရှိသလို မွေးကင်းစကပင် သေဆုံးသွားသောကလေးများလဲ ရှိခဲ့တယ်လို့ RHDP အဖွဲ့ခေါင်းဆောင် ဆရာမီရယ်က ပြောပါတယ်။
အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်နဲ့အတူ နေထိုင်သူ သုံးသိန်းကျော်ရှိတဲ့ မြန်မာနိုင်ငံကို World Vision အဖွဲ့မှ ပြီးခဲ့တဲ့ ၁၉၅၈ခုနှစ် ကတည်းက ၀င်ရောက်ကူညီပေးလျက်ရှိပြီး လိင်ဆက်ဆံမှုများလုံခြုံမှုမရှိဟု ယူဆရတဲ့ မှိုင်းရှူးမှာ World Vision အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ်နဲ့ ပါတ်သက်ပြီး ကြိုတင်ကာကွယ် မှုများနဲ့ပညာပေးရေးအစီအစဉ် များကိုပြု လုပ်ပေးနေပါတယ်။ သို့သော်လည်း မှိုင်းရှူးသို့ အလုပ်သွားရောက် လုပ်ကိုင်ကြသော လူငယ်အများစုဟာ အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ်ကို ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် နည်းလမ်းများအား မသိရှိကြသေးကြောင်း RHDP ၏ စစ်တမ်းကဆိုပါတယ်။
မှိုင်းရှူးသို့ သွားရောက်ကျောက်တူးခဲ့သော အသက်(၂၅)နှစ်အရွယ် လူငယ်တဦးက "ကျနော်ဖောက်သည် တော်တော်များများနဲ့ တွေ့ဖူးတယ်။ ကွန်ဒိုသုံးရကောင်းမှန်း မသိဘူး။ တချို့ဖောက်သည်တွေကလည်း သူ့ကိုယ်သူရောဂါမရှိဘူး၊ ကွန်ဒိုးသုံးစရာမလိုဘူးလို့ ပြောကြတယ်။ ကျနော်လည်း ကွန်ဒိုသုံးရမှာ သိပ်အရသာ မရှိတာနဲ့ မသုံးချင်တာလဲ ပါတယ်။ "
လို့ RHDP ကိုပြောပြသွားပါတယ်။
ဆက်လက်ပြီး ထိုလူငယ်က “အစားစားရှိတယ်။ လောပန်း(သူဌေး)တွေ အများအားဖြင့် သုံးကြတဲ့အသစ်လို့ ခေါ်မှာပေါ့ ပါကင်လို့ ခေါ်ကြတယ်။ အဲဒါက နှစ်သိန်း(ကျပ်)
လောက်ပေးရတယ်။ ကြာသွားရင်ပြီး ဒါမှမဟုတ် အသက်ကြီးသွားတဲ့လူတွေက ဈေးကျသွားတယ်။ ငါးရာ(ကျပ်) အထိရှိတယ်။ ကျနော်တို့ဆို ကြပ်တည်းတဲ့ အချိန်တွေမှာ အဲဒီငါးရာတန်တွေနဲ့ သွားပျော်ရတာ များတယ်။”
ထိုလူငယ်တွေဟာ အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ်ကို ဂရုမစိုက်ကြဘဲ မိမိရဲ့စိတ်အလို ဆန္ဒတခုတည်းကိုသာ ဦးထိပ်ထားမိတဲ့အတွက် “ရောဂါကို ငွေနဲ့ဝယ်ယူသလို ဖြစ်နေတယ်”လို့ RHDP အဖွဲ့ခေါင်းဆောင် ဆရာမီရယ်က ကောက်ချက်ချပါတယ်။
အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ်နှင့် အတူနေထိုင်သော လက်ရှိကလေးငယ်လေးတွေ လူမှုအသိုင်းအ၀ိုင်းထဲ ခွဲခြားဆက်ဆံမှုများ လျော့ပါးလာနိုင်အောင် ပညာပေးရေး အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်နေပါကြောင်း ကုလသမဂ္ဂ ကလေးများ ဆိုင်ရာရံပုံငွေ (UNICEF)အဖွဲ့တွင် မိဘမဲ့ကလေးများ ကူညီစောင့်ရှောက်ရေး အစီအစဉ်၌ ဆောင်ရွက်ခဲ့ဖူးသော ဆရာမတဦးက ပြောပါသည်။
အိတ်ခ်ျအိုင်ဗီနဲ့အတူ နေထိုင်သူတဦးရဲ့ လက်ဖျားပေါ်ကသွေးစက်ဟာ ကြမ်းပြင်ပေါ်ကျရောက်သွားတာနဲ့ တခါထဲ သူ့ရဲ့ဗိုင်းရပ်ပိုးတွေက စက္ကန့်ပိုင်းအတွင်း သေကုန်ကြောင်း၊ အလွယ်တကူသွေးကို ထိတွေ့၍ မရရှိနိုင်ကြောင်း၊ အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ်ဟာ တဦးပေါ်တဦး အလွယ်တကူရောက်နိုင်တဲ့ အချက်က မလုံခြုံတဲ့လိင် ဆက်ဆံခြင်းနဲ့ မူးရစ်ဆေးဝါးသုံးစွဲမှုတို့ကသာ အဖြစ်များတယ်လို့ ရန်ကုန်မှ အိတ်ခ်ျအိုင်ဗီ/
အေအိုင်ဒီအက်စ်နဲ့ ပါတ်သက်ပြီး အထူးလေ့လာကျွမ်းကျင်သူ ဒေါက်တာတဦးက ပြောပြဖူးပါတယ်။
ဒါကြောင့် အပြစ်ကင်းစင်တဲ့ မောင်ငြိမ်းချမ်းတို့လိုရင်သွေးလေးတွေ မငြိုးနွမ်းသွားစေဖို့ အပြစ်မဲ့တဲ့ မောင်ဆန်းထွန်းတို့ လိုမျိုးဆက်သစ် လေးတွေ နောင်မနက်ဖြန်မှာ မျက်နှာငယ်ငယ်နဲ့ လောကရဲ့ပါတ်ဝန်းကျင်ကို မရင်ဆိုင်ကြရလေအောင် မလုံခြုံတဲ့ လိင်ဆက်ဆံခြင်းဖြင့် အပျော်အပါးလိုက်စားခြင်းနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုဆိုတဲ့ အချက်နှစ်ချက်ဟာ ကျနော်တို့အားလုံးကနေပြီးမှ ကြိုတင်ရှောင်ရှားသင့်၊ ရှောင်ရှာလို့ ရတဲ့အရာတွေ ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။
ဆောင်းပါး လောင်းရိပ်မိသောပန်း




