Karin Eberhardt: Bangor
Daily News
ကြာသပတေး၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်
မြန်မာစစ်အစိုးရက လူထု၏ ထုတ်ဖေါ်ပြောဆိုချက်များကို ရက်စက်စွာဖြိုခွင်းရာ၌
လူထု၊ ဆန္ဒပြ ရဟန်းသံဃာတော်များနှင့် ထောက်ခံသူများအား ရိုက်နှက်၊ ဖမ်းဆီးသောအခါတွင် မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာ အတိဒုက္ခသမိုင်းကြောင်း၏
ရင်မောဖွယ်ရာများစွာ အနက်မှ ရက်တရက် ဤအကြောင်းကို စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် Bangor Daily News ၏ မျက်နှာဖုံးစာမျက်နှာတွင် ဖေါ်ပြခဲ့သည်။ နိုင်ငံတကာအသိုင်းအ၀န်းမှ ပြန်လည်တုန့်ပြန် ဆောင်ရွက်ရန်အတွက် ဆက်လက် လုပ်ဆောင်နေသည်နှင့်
တပြိုင်နက် လောလောလတ်လတ်တွင် အရှေ့တောင်အာရှမှ လူမသိသူမသိ
တိုင်းပြည်အပေါ် တကမ္ဘာလုံး၏
စိတ်ဝင်စားမှု စုပြုံရောက်နေသည်။ သမ္မတဘုရှ်က သူ၏ ကမ္ဘာ့ကုသမဂ္ဂ
အထွေထွေညီလာခံ အဖွင့်မိန့်ခွန်းတွင် အမေရိကန်နိုင်ငံ၏
တုန့်ပြန်ချက်ကို ထည့်သွင်း
ပြောပြခဲ့သည်။ သမ္မတဘုရှ်က မကြာသေးမှီက ပြစ်ဒဏ်ခတ်ခဲ့သည့် ပိုမိုပြင်းထန်သော ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းအား ထည့်သွင်းပြောဆိုခဲ့သလို မြန်မာနိုင်ငံအတွင်း တွေ့ကြုံ ခံစားနေရသော ဒုက္ခသုက္ခများ
ပပျောက်ရေး လူသားချင်းစာနာသော အဖွဲ့များ၏
ကြိုးပမ်းအားထုတ်မှုများကိုလည်း ဆက်လက် ထောက်ပံ့သွားရန် ကတိပြုပါသည်
ဟူ၍လည်း သူ၏မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ့မှုနှင့် တစစတိုးပွားလာနေသော ငတ်မွတ်မှုများကို
နေ့တဓူဝ ၀ါးမျိုခံစားနေရသော လူဦးရေ ၅၂ သန်းခန့် မြန်မာနိုင်ငံတွင် နေထိုင်နေကြသည်။ မိသားစုအများစု၏ အဓိက စိုးရိမ်ချက်မှာ နေ့စဉ်နေ့တိုင်း မိသားစုကို မည်ကဲ့သို့ ထမင်းကြွေးရမလဲဟူ၍ ဖြစ်သည်။ တဦးချင်းဝင်ငွေသည် ဒေသအတွင်း အနိမ့်ဆုံးအဆင့်တွင်ရှိနေပြီး ကလေးသုံးယောက်တွင် တယောက်သည် အဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရပြီး မွေးကင်းစကလေး သေဆုံးမှုနှုန်း မြင့်မားနေဆဲဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ် ပြန့်ပွားမှုနှင့် နေထိုင်မှုစရိတ် လျင်လျင်မြန်မြန်
တိုးတက်နေမှု စသော
အပိုဆောင်း ဒုက္ခများကြောင့် ဘေးဒုက္ခကပ်ကြီး တခုဆီသို့ အဘယ့်ကြောင့် မကြုံစဖူး မြန်မြန်ဆန်ဆန် ထိုးကျနေရသည်ဟု လူထု၏ ခံစားချက်ကို ကျွန်ုပ်တို့
နားလည်သည်။
လောင်စာဆီဈေးနှုန်းများ အဆမတန် တိုးမြှင့်လိုက်မှုမီးပွားက စတင်ကာ
ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေရသော ဆင်းရဲမွဲတေမှုနှင့် တိုးတက်မှုအတွက် ပျောက်ဆုံးနေသော မျှော်လင့်ချက်များက ထိုမီးပွားကို အားဖြည့်လိုက်ကာ နောက်ဆုံး လူထုအုံကြွမှုအထိ ဖြစ်ခဲ့သည်။
အနောက်နိုင်ငံများမှ တုန့်ပြန်ချက်များသည် စိတ်အားထက်သန်ဖွယ်ရာ ခပ်ကြမ်းကြမ်းများ ဖြစ်သော်လည်း ပိတ်ဆို့မှုများ တိုးမြှင့်ခြင်း၊ ရှုံ့ချသောဆုံးဖြတ်ချက်
မူကြမ်းများ ထုတ်ပြန်ခြင်းစသော စိတ်ကသိကအောက်
ဖြစ်စရာ အရင်အတိုင်းပုံစံများပင် ဖြစ်နေသေးသည်။ သို့သော် မြန်မာနိုင်ငံ၏
ရှုပ်ထွေးလှသော အခြေအနေက အနီးကပ်လေ့လာ အကဲခတ်မှုနှင့် ပြည့်စုံသော ဘက်စုံဆောင်ရွက်ချက်များ လိုအပ်သည်။
ဘေးထွက်ဆုံးရှုံးမှု နည်းနိုင်သမျှ
နည်းပါးနိုင်ရေးအတွက် နိုင်ငံတကာ
အသိုင်းအ၀န်းက စမတ်ပိတ်ဆို့မှု (Smart
Sanction) ဟူသော ဝေါဟာရအသစ် တခုကို စတင် အသုံးပြုခဲ့သည်။ မကြာသေးမီက အမေရိကန်အစိုးရက ပြုလုပ်ခဲ့သော စစ်တပ် ထိပ်ပိုင်းအရာရှိများနှင့် စီးပွားရေးအရ
ဆက်နွယ်သူ ၃၇ ဦး၏
ပိုင်ဆိုင်မှုများကို ထုတ်ယူခွင့်
ပိတ်ပင်ခြင်းနှင့် ပြည်ဝင်ခွင့်
ဗီဇာပိတ်ပင်ခြင်းများ လုပ်ဆောင်မှုသည် ယင်းစမတ်ပိတ်ဆို့မှု အတွက် ရည်ရွယ် လုပ်ဆောင်သည်ဆိုပါက အောင်မြင်နိုင်သော အခွင့်အလမ်း
ရှိသည်။ သို့သော် အချိုလူများက ဆော်သြော်နေသော မြန်မာ့စီးပွားရေး လုံးဝ ရပ်တန့်သွားစေရေး ကျယ်ပြန့်သော
ပိတ်ဆို့မှုသည် ဆင်းရဲသား ပြည်သူများအပေါ် အတိအကျ တန်ပြန် အကျိုးသက်ရောက်
လိမ့်မည် ဖြစ်သည်။
လူဦးရေ ၇၅ ရာခိုင်နှုန်းသည် ကျေးလက်နေ လူဦးရေများဖြစ်သော်လည်း စိုက်ပျိုးရေးကဏ္ဍသည် တိုးပွားလာသော
လူဦးရေကို အထောက်အပံ့
မပေးနိုင်ပေ။ စက်မှုထုတ်ကုန်လုပ်ငန်း သို့မဟုတ် ၀န်ဆောင်မှုကဏ္ဍများ အတွက် အထောက်အကူ ဖြစ်နိုင်သော အခွင့်အလမ်း
နည်းပါးမှုကို ရင်ဆိုင်နေရသောကြောင့် အလုပ်လက်မဲ့နှင့် အချိန်ပြည့်
အလုပ်မလုပ်ရသော အလုပ်သမားများ
အတွက် ရွေးချယ်ခွင့်လမ်း မရှိသလောက်
ဖြစ်နေသောအချိန်တွင် အိမ်နီးခြင်း
တိုင်ပြည်များသို့ (ပုံမှန်အားဖြင့် တရားမ၀င် ခိုးဝင်ကြခြင်း ဖြစ်သည်။)
ဝင်ရောက်အလုပ်ရှာဖွေကြရခြင်း သို့မဟုတ် မြန်မာနိုင်ငံ၏ တစစတိမ်ကောနေသော သဘာဝအရင်းအမြစ်များ ခိုးထုတ်ခြင်း၊ ကျောက်တူးခြင်း၊ ရွှေတူးခြင်း၊ သစ်နှင့်အခြားသော သစ်တောထုတ် ပစ္စည်းများ ခိုးထုတ်ခြင်းနှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်ခြင်းများတွင် ပါဝင်လုပ်ကိုင်ကြရသည်။
မိသားစုအား ထောက်ပံ့နိုင်မှု နည်းလေလေ လူတွေဟာ အာသာငမ်းငမ်းဖြစ်လာကြကာ လမ်းပေါ်သို့
ပို၍ ထွက်လာနိုင်သည်။
သွေးထွက်သံယိုမှု တကြိမ်ပြီး
တကြိမ်ဖြစ်ခဲ့သော ၁၉၈၈ သြဂုတ်လနှင့် ၂၀၀၇ စက်တင်ဘာတို့သည် ယင်းပြဿနာများ၏ နိဂုံးချုပ်ချက်များ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆင်းရဲသော မိသားစုများသည် သဘာဝအရင်းအမြစ်များကို မဖြစ်မနေ ထုတ်ယူ သုံးစွဲရသောကြောင့် အရင်းအမြစ်များသည် လျင်လျင်မြန်မြန်ဖြင့် ပျောက်ကွယ်ဆုံးရှုံးနေကာ တိုင်းပြည်အား မရေရာ မသေချာသော အနာဂါတ်တခုကို ဆွဲတင်နေသလို ဖြစ်နေသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင်ဂမ်ဘာရီသည် လမ်းကြောင်းအမှန်ပေါ်တွင် ရှိနေသည်။ မြန်မာနိုင်ငံအပေါ်တွင် လွှမ်းမိုးနိုင်သော
နိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၏
အိမ်းနီးချင်းနိုင်ငံများသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်တွင် အာရှတွင် အမြစ်တွယ်နေသော ပြဿနာတခု အဖြေရရှိရေးအတွက် သူဖိအားပေး ဆောင်ရွက်နေသည်။ ချော့တခါ ချောက်တလှည့် နည်းလမ်းအဖြစ် မှန်ကန်သော ပြောင်းလဲမှုများ ဆီသို့ ဦးတည်သော ခြေလှမ်းများဖြစ်ပါက အကူအညီအဖြစ် လူသားချင်းဆိုင်ရာ အကူအညီများ တိုးမြင့်ပေးနိုင်ခြင်း အပါအ၀င် ရင်းနှီးမြုပ်နှံမှုများပါ ပါဝင်သော
မက်လုံးပေးခြင်းများကို သူက
စတင်ပြောဆိုနေသည်။
လူသားချင်းဆိုင်ရာအကူအညီများ ပျက်ဆီးရာပျက်ဆီးကြောင်းကို ကျွန်ုပ်တို့ လုံးဝခွင့်ပြု၍
မရပေ။ ဆန့်ကျင်ဖက်
အားဖြင့် မြန်မာနိုင်ငံသား လူဆင်းရဲများအတွက် အကူအညီများ
ပိုမို၍ တိုးပေးရန် ကျွန်ုပ်တို့က တွန်းအားပေးရမည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီအဆုတ်နာ
အဖြစ်အများဆုံးသော တိုင်းပြည်တခု
ဖြစ်ပြီး အာရှနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗွီဝေဒနာသည်
ဦးရေ လေးနိုင်ငံမြောက်
အများဆုံးနိုင်ငံနှင့် ငှက်ဖျားရောဂါသည် အရွယ်ရောက်သူများ
အတွက် အကြီးမားဆုံးသော လူသတ်အန္တရာယ်အဖြစ် ဆက်လက်တည်ရှိနေသော နိုင်ငံတနိုင်ငံဖြစ်သည်။ ကလေးငယ်များသည် ၀မ်းရောဂါနှင့် ရုတ်တရက်ဖြစ်သော အသက်ရှူလမ်းကြောင်းနှင့် သက်ဆိုင်သော
ရောဂါများကို ခံစားနေရပြီး အသက်ဆုံးရှုံးမှုများပင် ရှိသည်။ ကာကွယ်ခြင်းနှင့် ကုသခြင်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်သည်။ သို့သော် အကူအညီပေးရေး
အေဂျင်စီများ အနည်းငယ်နှင့် ဘဏ္ဍာငွေအဆင့်သည်လည်း အလွန်တရာ နည်းပါးလွန်းလှသည်။ အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါ ကမ္ဘာလုံးဆိုင်ရာ တိုက်ဖျက်ရေးငွေကြေးရံပုံငွေအဖွဲ့ (Globle
Fund to Fight AIDS, Tuberculosis and Malaria) က ၂၀၀၆ ခုနှစ်တွင် အဖိုးထိုက်တန်လှသော အကူအညီ ၈၇ သန်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ၄င်းရုပ်သိမ်းမှုအား မြန်မာနိုင်ငံတွင် ယင်းရောဂါများကြောင့် ပြည်သူများ
နက်နက်ရှိုင်းရှိုင်း ခံစား၊ သေကျေနေရမှု လက်တွေ့ဘ၀ထက် နိုင်ငံရေးအရ မှန်ကန်သော
ရပ်တည်ချက် ခိုင်မာမှု၏
အောင်ပွဲတခု အဖြစ် တချိန်တခါက ပြဆိုခဲ့ဖူးသည်။
ဗိုလ်ချုပ်များဖြင့် ဆက်ဆံလုပ်ကိုင်ရမည်ကို ၀န်လေးနေသောကြောင့် နိုင်ငံတကာ
အသိုင်းအ၀န်းသည် သန်းပေါင်းများစွာသော အကူအညီမဲ့ မြန်မာပြည်သူများ၏
အသက်ကို ကယ်တင်ပေးမည့် အကူအညီများကို
ထုတ်မပေး ဆက်လက်
ထိန်းသိမ်းထားဆဲ ဖြစ်သည်။ တဦးချင်း ၀င်ငွေနှင့် အကူအညီများအပေါ် တဦးချင်း အသုံးပြုနိုင်မှု နှစ်ခုစလုံးတွင် အောက်ဆုံးအဆင့်
နီးပါးတွင် ရှိနေသော မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်
ရှိသော အခြားဆင်းရဲသော တိုင်းပြည်ထက် ပိုမို၍ ဥပက္ခော ပြုခံနေရသည်။ ဒေသအတွင်း နှိုင်းယှဉ်ကြည့်ပါက ၂၀၀၅ ခုနှစ်တွင် အိမ်နီးချင်း
တိုင်ပြည်တခု ဖြစ်သော လောနိုင်ငံ (အာဏာရှင်နိုင်ငံ)
သည် မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်လျှင် တဦးချင်း အကူအညီရရှိမှုသည် ၁၆ ဆ ပိုများကာ အာဏာရှင် ဗီယက်နမ်နိုင်ငံက ၇ ဆ ပိုများသည်။
စစ်အစိုးရ ကိုယ်တိုင်သည် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးများထက် ကာကွယ်ရေးစရိတ်တွင် အဆမတန် ငွေကြေး အသုံးပြုနေခြင်းကိုက တက်တက်စင် လွဲမှားနေသည်။ သို့သော်လည်း ပြစ်ဒဏ်ခတ်
ပိတ်ဆို့မှုများနှင့် ရှုတ်ချမှုများက စစ်အစိုးရအား လူမှုဖူလုံရေးလုပ်ငန်းများ
အတွက် တိတိကျကျ
တာဝန်ယူပေးရန် မစွမ်းဆောင်နိုင်သေးပေ။ အကူအညီများ၏
ထိရောက်မှု တာရှည်ခိုင်ခန့်ရန်အတွက် အင်စတီကျူးရှင်းများ မလုံမလောက်ဖြစ်မှုနှင့် နိုင်ငံရေးအရ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခြင်းအား ရေရှည်အကျိုးအတွက်
ဖြေရှင်းရမည်မှာ မလွဲဧကန်ဖြစ်သည်။ သို့သော် လက်ငင်း ကာလတွင် ကျွန်ုပ်တို့သည်
ဆင်းရဲသော မြန်မာနိုင်ငံသားများကိုတော့ စွန့်ခွာ မသွားသင့်ပေ။ လူသားချင်းဆိုင်ရာ အားထုတ်မှုများအား ကူညီထောက်ပံ့ပေးမည် ဟူသော သမ္မတဘုရှ်နှင့် အခြားသော အစိုးရများ၊ အကူအညီ ထောက်ပံ့ပေးရေး အေဂျင်စီများ၏
ကတိများ တည်ကြပါစေ။
(Karin Eberhardt သည် လွန်ခဲ့သော ၈ နှစ်က မြန်မာနိုင်ငံအတွင်း
လူသားချင်းဆိုင်ရာ အထောက်အပံ့များ ကူညီပေးရာတွင် ကျေးလက်ဖွံဖြိုးမှုအတွက် အကြံပေးတစ်ဦး
ဖြစ်သည်။ ယခုအခါ လစ်ဘာတီတွင် သူမသည် ခေတ္တ နေထိုင်လျက် ရှိသည်။)
မူရင်းဆောင်းပါးကို ဒီနေရာကနေ ဖတ်ရှုနိုင်သည်။




