11
Jul

လုံးဝပျောက်ကင်းသည်အထိ ကုသမှု ခံယူထားသည့် အမေရိကန် ကလေးငယ် တစ်ဦးတွင် HIV ပိုး ပြန်လည်တွေ့ရှိ

စောစီးစွာ ကုသမှု ခံယူခွင့် ရခဲ့သဖြင့် မွေးရာပါ HIV ပိုး ပျောက်ကင်းခဲ့သည့် အမေရိကန် မိန်းကလေးငယ် တစ်ဦးတွင် အဆိုပါပိုး တစ်ကျော့ပြန် တွေ့ရှိခဲ့ကြောင်း ပညာရှင်များက အတည်ပြု ပြောကြားခဲ့သည်။

မစ္စစ္စပီမှ မိန်းကလေးငယ် တစ်ဦးသည် မွေးဖွားစဉ် ကတည်းက HIV ပိုး ကူးစက်ခံရကြောင်း သိရှိထားသည့်အတွက် စောစီးစွာ ကုသစောင့်ရှောက်မှု ခံယူခွင့် ရရှိခဲ့သည်။ မတ်လအတွင်းက မိန်းကလေးငယ်တွင် HIV ပိုး လုံးဝ မရှိတော့ကြောင်း ဆရာဝန်များက အတည်ပြုခဲ့ဖူးသည်။

သို့သော်လည်း အသက်(၄) နှစ် ရှိနေပြီဖြစ်သည့် မိန်းကလေးကို ပြီးခဲ့သည့် သီတင်းပတ်က ပြန်လည်ဆေးစစ်ကြည့်ရာ HIV ပိုး ပြန်လည် တွယ်ကပ်နေကြောင်း တွေ့ရှိခဲ့သည်။ ဓာတ်မတည့်မှုနှင့် ရောဂါပိုး ကူးစက်မှုဆိုင်ရာ ရောဂါများ ဌာနမှ ဒေါက်တာ အန်သိုနီ ဖော်စီက “ရလဒ်ကတော့ စိတ်ပျက်စရာ ကောင်းခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ ဒီဖြစ်ရပ်ကို အခြေခံပြီး နောက်ထပ် HIV ဆိုင်ရာ လေ့လာမှုတွေမှာ ထည့်သွင်းတွက်ချက်ဖို့ စံနှုန်းတစ်ခု ရရှိလာပါတယ်”ဟု ဆိုသည်။

၎င်းက “ကျွန်တော်တို့ အနေနဲ့ ဒီဖြစ်ရပ်ကို ကြိုးစားအဖြေရှာ လေ့လာနေပါတယ်။ လိုအပ်မယ်ဆိုရင် HIV ရောဂါပိုး ကုသမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်သွားမှာပါ” ဟုလည်း ပြောကြားသွားသည်။ ဆရာဝန်များက HIV ပိုး ရှိနေသည့် ကလေးငယ်တစ်ဦးကို မွေးဖွားပြီး နာရီပိုင်းအတွင်း ကုသမှု ပေးခြင်းဖြင့် ရောဂါပိုးကို ချုပ်ထိန်းနိုင်မည်ဟု ယူဆထားခဲ့သော်လည်း ယခုဖြစ်ရပ်မှာမူ ကွဲပြားသော အခြေအနေသို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်။

ဆရာဝန်များက မစ္စစ္စပီမလေးဟု ချစ်စနိုး အမည်ပေးထားသည့် မိန်းကလေး၏ မိခင်သည် မီးမဖွားမီ ကိုယ်ဝန်ဆောင်နေစဉ် အတောအတွင်း HIV ရောဂါပိုးအတွက် ကုသမှု ခံယူခြင်း မရှိခဲ့ဘဲ မိန်းကလေး မွေးဖွားလာပြီး နာရီ အနည်းငယ်တွင်မှ စတင်ကုသမှု ပေးခဲ့ခြင်းဟု သိရှိရသည်။

Ref: BBC

7 Day Daily - လုံးဝပျောက်ကင်းသည်အထိ ကုသမှု ခံယူထားသည့် အမေရိကန် ကလေးငယ် တစ်ဦးတွင် HIV ပိုး ပြန်လည်တွေ့ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top