19
Jan

လှဝင်းရီ

(အပိုင်းလိုက်ဖေါ်ပြသွားပါမည်)

(၁)

လှဝင်းရီကား ကျွန်ုပ်တို့၏ မြို့ကလေးတွင်
အတော်ပင် ထင်ရှားသောသူ ဖြစ်၏။ လှဝင်းရီ ဟူသော အသံကို ကြားလျှင် အချို့သော အမျိုးသမီးတို့သည်
အကြောင်းမဲ့ မျက်စောင်းထိုး ကြကုန်၏။ အချို့ သော အမျိုးသမီးများ ကမူ အိမ်ရှေ့တံခါးဝသို့
နာနာဘာဝ ရောက်လာသည့်အလား ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြသည်။ အချို့မူကား အော့နှလုံးနာဟန်ဖြင့်
တံတွေး ထွီခနဲ ထွေးထုတ် ကြလေ၏။

လိုရင်းတိုရှင်း ဆိုရလျှင် လှဝင်းရီသည်
ကျွန်ုပ်တို့ မြို့ကလေး၏ တဦးတည်းသော ပြည့်တန်ဆာမက လေးဖြစ်၏။ ထို့ကြောင့် လှဝင်းရီကို
လူတိုင်း သိကြသည်မှာ မဆန်းချေ။ ထိုစဉ်အခါက ကျွန်ုပ် နေထိုင် သည့် မြို့ကလေး တွင် ပြည့်တန်ဆာ
အတော် ရှားသောကြောင့် လှဝင်းရီကို ရှားပါး လူသုံးကုန် ပစ္စည်း တစ်မျိုးအဖြစ် သတ်မှတ်
သော် သင့်နိုးအံ့သည်။ သို့စေမူ မည်သူကမျှ လှဝင်းရီကို ရှားပါး ပစ္စည်းအဖြစ် မသတ်မှတ်ကြချေ။

ယခုမူကား လှဝင်းရီ သေသွားရှာလေပြီ။ ညဥ့်နက်ပိုင်းကတည်းက
သေဆုံးခြင်း ဖြစ်ချေသလော သို့တည်း မဟုတ် မိုးသောက်ယံ အချိန်ရောက် သေဆုံးခြင်းဖြစ်ချေသလော
မည်သူကမျှ ရေရေရာရာ မပြောနိုင်။ သီလရှင်ဆရာကြီး ဒေါ်မေဓာဝီကမူ ညဥ့်ဦးယံ အချိန်အထိ လှဝင်းရီ၏
ညည်းတွားသံကို လေသင့်ခိုက်တွင် တချက်တချက် ကြားလိုက်ရသေးသည်ဟု အခိုင်အမာ ဆို၏။ အရုဏ်ဦးကာလ၌
ဒေါ်မေဓာဝီတို့ သီလရှင်တစ် သိုက် မီးတင်းကုပ်သို့ ဆွမ်းချက်ရန် ဆင်းသည့် အခိုက်တွင်မူ
မီးတင်း ကုပ်တွင်းရှိ ကွပ်ပျစ်ထက်တွင် ဆန့်ဆန့်ကြီး လဲလျောင်းနေသော လှဝင်းရီ၏ အတ္တဘောကြီးပေါ်တွင်
ပုရွက်ဆိတ်တို့ပင် လမ်းသလားစ ပြုနေလေပြီ။

 ဒေါ်မေဓာဝီတို့ သီလရှင်တသိုက်သည် ဦးဆံကိုစွန့်၍ ဖန်ရည်စွန်းသော
အ၀တ်ကို ၀တ်ကာ စိပ်ပုတီး ကိုယ်စီနှင့် ရိပ်ကြီး ခိုနေကြသူများ ဖြစ်သော်လည်း ဘ၀တဏှာ
မပြတ်ကြသေး၊ ပုထုဇဉ်မျှသာ ဖြစ် သည်။ ထို့ကြောင့် လှဝင်းရီ၏ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကြီးကို
မြင်လျှင် ကြောက်သလိုလို၊ ရွံ့သလိုလို၊ တွန့်သလိုလို ဖြစ်သွားကြ၏။ အလောင်းနားတွင် နေရဲသူ
မရှိ။ စကား ကျယ်ကျယ် မဆိုဝံ့။  နောက်ကျော မလုံတော့။
လှဝင်းရီ၏ အလောင်းကို ကုန်းကြည့်နေတုန်း အနောက်ကနေ နာနာဘာဝ ၀ိနာဘာဝတို့ ရောက်လာလိမ့်နိုး၊
ကုပ်ချိုးလိမ့်နိုး အမျိုးမျိုး အဖုံဖုံ တွေးတော ကြံဆပြီး ကြောက်ကြ သည်။ ထိုမျှသာမက
ကျောက်ရုပ်ကြီးကဲ့သို့ လှုပ်ရှားခြင်း ကင်းမဲ့နေပြီဖြစ်သော အလောင်းကောင် ကြီးက ရုတ်တရက်
ထထိုင်ပြီး လျှာထုတ်ပြနိုး၊ မျက်စိမှိတ်ပြနိုး တွေးကြ၏။ ကြားဖူးနားဝ သရဲဇာတ် လမ်းတို့ကို
ပြန်ပြောင်း အောက်မေ့ပြီး မီးတင်းကုပ်မှ ထွက်ပြေးရန်ပင် ကြံစည် ကြသေးသည်။ ထွက်ပြေးရန်
ကြံသော်လည်း မပြေးဝံ့။ အလောင်းကို ဖုတ်ဝင်ပြီး ထလိုက်လာမှ မှောင်ကြီးမည်းကြီး ထဲမှာ
သောက်ကျိုးကြီးနည်းမည့် အဖြစ်မျိုးနှင့် ကြုံရမည်ကိုလည်း စိုးရိမ်ကြပြန်သည်။

နောက်ဆုံးတွင် ထိုသီလရှင် တသိုက်သည် လှဝင်းရီကလေးကို
အညာစောင်ပါးကလေး တထည်ဖြင့် အသာ အုပ်ထားခဲ့ပြီး မီးခွက်ကိုယ်စီကိုင်၍ တောရကျောင်း ဆရာတော်ထံပါးသို့
ချဉ်းကပ်ကာ ဖြစ်ပုံပျက်ပုံ အလုံးစုံကို သီလရှင်သံနှောကာ လျှောက်တင်ကြလေသည် ဟူသတတ်။
ဆရာတော် သည် ထိုသတင်းကို ကြားသော် မည်သို့မျှ မဆို၊ အနိစ္စ သဘောကိုသာ ဖြောင့်ဖြောင့်ကြီး
ဆင်ခြင် သည်။ ထို့နောက်တွင်မှ တိုက်အုပ်ကိုယ်တော်၊ တိုက်ကြပ်ကိုယ်တော်၊ ခန်းနေကိုယ်တော်တို့အား
ဆင့်ခေါ်၍ လှဝင်းရီ၏ အလောင်းကို သဂြိုဟ်ရန် စီစဉ်စေ၏။

မောင်ကျပ်ခိုး

ကောင်းကင် - လှဝင်းရီ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top