(၁၀)
တခုသော ညနေစောင်း
ကျွန်ုပ် အိမ်ပြန်ရောက်ခိုက်တွင် ကျွန်ုပ်၏ နှမများ မီးဖိုးချောင်ထဲ၌ တီးတိုးတီး တိုး
သဖန်းပိုး လုပ်နေသည်ကို တွေ့ရ၏။ သူတို့၏ မျက်စိမျက်နှာ မကောင်းလှသည်ကို သတိပြုမိ သည်။
အတန်ကြာမှ ကျွန်ုပ်၏ အမကြီးက “မင်းတို့ သူငယ်ချင်း အ၀င်း အကြောင်း ကြားပြီးပြီလား”
ဟု ရုတ်ခြည်း ဆိုလိုက်သည်။ “ကလေးမလေး ခမျာမှာ သနားစရာပါကွယ်” ဟု ဆက်လက် ပြောပြန် သည်။
ကျွန်ုပ်၏ အမကြီးမှာ
ခွေးနှစ်ကောင် ကိုက်လျှင်လည်း သနားတတ်၊ ကြောင်နှစ်ကောင် ကိုက်လျှင် လည်း သနားတတ်၊ ကလေး
ချော်လဲလျှင်လည်း သနားတတ်၊ သူတောင်းစား ပိုက်ဆံလာတောင်း လျှင်လည်း သနားတတ်သူ ဖြစ်ခြင်းကြောင့်
သူ၏ သနားစရာကောင်းသည်ဟူသော အကြောင်းတို့မှာ ကျွန်ုပ်အတွက် ဆန်းကြယ်သည့် အရာများ မဟုတ်ချေ။
သို့သော်လည်း ယခု သူဆိုလိုက်သော “သနားစရာကောင်းသည်” ဟူသည်မှာ လှဝင်းရီနှင့် တနည်းတဖုံ
ပက်သက်နေသောကြောင့် “အ၀င်း ဘာများဖြစ်လို့တုံး။ နေမကောင်း ထိုင်မကောင်း ဖြစ်တယ် ကြားမိလို့လား”
ဟု သာမန်ကာ လျှံကာ မေးလိုက်မိသည်။ ဘာလိုလိုနှင့် လှဝင်းရီနှင့် ကျွန်ုပ်တို့ မဆုံဖြစ်ခဲ့သည်မှာ
ဆယ်တန်းစာမေးပွဲ မဖြေမီကတည်းပင် ဖြစ်၏။
“အံ့ပါရဲ့တော်
တနေကုန် တနေခန်း ကိုးကျင်းကိုးကြောင်း လျှောက်သွားနေတာ နင် လှဝင်းရီ အ ကြောင်း မကြားလိုက်ဘူးလား”
ဟု အမကြီးက ဆိုပြန်သည်။ ”လှဝင်းရီ ဗလက္ကာရ အလုပ်ခံရလို့တဲ့၊ လုပ်တဲ့အကောင်ကိုလဲ ရဲတွေ
ဖမ်းထားပြီတဲ့။ အဲဒီ မသာကောင်ကို ထောင်ချ မနေနဲ့။ အလကား ဆန်ကုန်တယ်။ တခါထဲ သေအောင်
ရိုက်သတ်ရမယ်။ ဓားနဲ့ နုပ်နုပ်စင်းပစ်လိုက်တာ အကောင်းဆုံးပဲ” ဟူသည့် သူ့ စကားသံ အဆုံးတွင်
ကျွန်ုပ်၏ ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွား၏။ ရင်တဒိတ်ဒိတ် ခုန်လာ ၏။ သွေးများ ဆူပွက်လာသည်။
ဂယောင်ချောက်ချား ဖြစ်သွားသည်။ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ တော့။ ဘာကိုမျှ နောက်ထပ်
မကြားလိုတော့။
နောက်တနေ့တွင်
ကျွန်ုပ် နံနက်စောစော အိပ်ယာက ထပြီး သုသာန်ဘက်သို့ ထွက်ခဲ့၏။ သုသာန်သို့ သွားရာ လမ်းတလျှောက်တွင်
ဘဲဥကို တမ်းတမိသည်။ စင်စစ် ဘဲဥ မရှိသည်မှာလည်း ခပ်ကောင်း ကောင်းပင်။ သူရှိနေပါက ဘာဖြစ်မည်မှန်း
အတပ် မပြောနိုင်သော်လည်း ပြဿနာ တခုခု ကြုံရဖွယ် ရှိသည်ဟု ကျွန်ုပ် တွေးမိသည်။ သုသာန်သည်
နံနက်ခင်းတွင် ချမ်းရှာလွန်းသောကြောင့်ထင့်၊ ငြိမ်ငြိမ် သက်သက်နှင့် နေစာလှုံ နေလေ၏။
ပန်းနုရောင် ထိကရုံး ပန်းကလေးများ ဖူးပွင့်နေသည်ကို မြင်ရသောအခါ ကျွန်ုပ်၊ လှဝင်းရီနှင့်
ဘဲဥတို့ သူငယ်ချင်းတသိုက် ထိကရုံးပင်ကလေးများကို လက်နှင့် တို့၍ ထိကရုံးပင်ကလေးများကို
အိပ်ခိုင်းတမ်း ကစားခဲ့ဖူးသည်ကို မတွေးဘဲ မနေနိုင်။
သို့နှင့် လှဝင်းရီတို့
တဲကလေး အနားသို့ ကျွန်ုပ် ရောက်မှန်း မသိ ရောက်လာ၏။ တဲကလေးမှာ ယခင် အတိုင်းပင်။ လှဝင်းရီ
အဖေ ပစ်နေကျ ပိုက်ကွန်ကလေးမှာ ခြံစည်းရိုးတွင် တွဲလျားကျနေ၏။ အဝေး ဆီမှ ဘုတ်ငှက်မြည်သံ
တပူပူကို ကြားရ၏။ သို့သော် တဲကလေးမှာ တိတ်ခြင်းမလှ တိတ်လွန်းလှ သည်။ တဲရှေ့ရောက်သော်လည်း
လူသံသူသံ မကြားရသေး။ ကျွန်ုပ်သည် တဲရှေ့တွင် ရပ်ကာ အ၀င်းရေ ဟု ခေါ်ရကောင်းနိုး၊ ဗျို့
ဦးလေးရေ ဟု ခေါ်ရကောင်းနိုး အတော်ကြာအောင် စဉ်းစားရသေး ၏။ အ၀င်းရေ ဟု ခေါ်ရန် မသင့်ချေ။
လှဝင်းရီ ခမျာမှာ ရှက်နေရှာလိမ့်မည်။ ဦးလေးရေဟု အော်ခေါ်ပြန်လျှင်လည်း သမီး၏ အဖြစ်ဆိုးကြောင့်
စိတ်ဆင်းရဲ နေရမည့် အဖ ဖြစ်သူ၏ မျက်နှာကို တွေးမြင်မိလာ၍ အားနာသလိုလို ရှိမိသည်။ ထို့ကြောင့်
အဟမ်း ဟု ချောင်းသံ ပေးလိုက်သည်။ ချောင်းတချက် ဟန့်သော်လည်း မည်သည့် တုံ့ပြန်မှုကိုမျှ
ပြန်မရ။ ထို့ကြောင့် နောက်ထပ် ချောင်းဟန့် ရပြန်သည်။ မထူးခြားချေ။ နောက်ထပ် ချောင်းဟန့်ပြန်သည်။
အကြောင်း မထူးချေ။ ထို့ကြောင့် နောက်ဆုံးတွင် အ၀င်းရေ ဦးလေးရေ ဟု အော်ခေါ်လိုက်၏။ ကျွန်ုပ်
တခွန်း အော်ခေါ်သော်လည်း မည်သူမျှ မထူး။ နောက် တစ်ခွန်း။ မည်သူမျှ မထူး။ နောက်ထပ် တခွန်း။
မည်သည့် အသံမျှ မကြားရ။ အဖန်တလဲလဲ အော်ခေါ်သော်လည်း မည်သည် တုံ့ပြန်သံကိုမျှ မကြားရ။
ထို့ကြောင့် ကျွန်ုပ်စိတ်တွင် စနောင့်စနင်း ဖြစ်လာ၏။ မထူးပါဘူးကွာ အိမ်ပေါ်တက်ကြည့်တာ
ကောင်းပါတယ်ဟု စိတ်ပိုင်းဖြတ်၍ ခြံတွင်းသို့ ၀င်ခဲ့၏။ မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ရ။
အိမ်ပေါ်တွင် မည်သူမျှ မရှိကြတော့ပေ။ သို့နှင့် ကျွန်ုပ်တို့၏ ချစ်လှစွာသော သူငယ်ချင်းမကလေး
လှဝင်းရီမှာ စုန်းစုန်းမြုပ် ပျောက်ကွယ် သွားလေ၏။
(၁၁)
လှဝင်းရီတို့
သားအဖ ထွက်သွားပြီးနောက် လအတန်ငယ်ကြာမှ ဘဲဥ မြို့သို့ ပြန်ရောက်လာသည်။ သူပြန်ရောက်လာသည့်
ညနေစောင်းတွင် ကျွန်ုပ်တို့နှစ်ဦး ကမ်းနဖူးသို့ ဆင်း၍ ရေဆင်းတံတားဦးရှိ ကင်းတဲ၌ ထိုင်နေမိသည်။
မည်သည့် စကားကိုမျှ မဆိုမိကြ။ မြစ်အတွင်း တလိပ်လိပ် လွန့်လူးနေ သည့် လှိုင်းလုံးများကို
အကြောင်းမဲ့ ငေးကြည့်နေကြခြင်းသာ ဖြစ်သည်။ ထိုရော အခိုက်ဝယ် မုတ်သုန် မိုးသည် ယင်း၏
အပေါင်းအပါများဖြစ်သည့် လေပြင်း၊ ငယ်ကျွမ်းဆွေဖြစ်သည့် မိုးကြိုးလျှပ်စီးတို့ ခြံရံပြီးလျှင်
ရွေးမြစ်ရိုးတစ်လျှောက် တဝေါဝေါမြည်သံကိုပြုကာ မြစ်ရေပြင်အနားသတ်ရာ လတာပြင် အစပ်နားမှ
လမုတောကို ဖျက်ဆီးအံ့သောငှာ မညှာမတာ ရိုက်ပုတ်လေ၏။
မိုးထစ်ချုန်းသံသည်
အမျက်ထနေသည့် မုတ်သုံမိုးကို ဘီလူးဆိုင်းတီး၍ မြှောက်ပင့်ပေးနေသယောင်။ ပြိုးပြက်လက်သည့်
လျှပ်ရောင် ၀င်းခနဲ အလက်တွင် ကမ်းနဖူး ရေဆင်းတံတား၌ ဆိုက်ကပ်ထားသည့် စပါးလှေ၊ ဆားလှေ
စသည်တို့ လှိုင်းစီး၍ နေကြသည်ကို အထင်းသား မြင်ရသည်။ မုတ်သုံမိုး၏ လက်သရမ်းခြင်းကြောင့်
နုနယ်လှစွာသော လမုရွက်တို့သည် ညစ်ထေးထေး မဲပုပ်ပုပ် အဆင်းကို ဆောင်သည့် လတာပြင်ထက်သို့
ဦးစိုက်ဂျွမ်းပြန် ကျလေ၏။ မှိုင်းညို့ညို့ လမုတောတန်းသည် လေ အသော့တွင် သွက်သွက်ခါရမ်းနေသည်ကို
လျှပ်ရောင်အပြက်တွင် မြင်ရ၏။ မိုးသားတိမ်စိုင်တို့ ကောင်းကင်တွင် ပတ်ရစ်ဖွဲ့ကာ မြို့ကလေးကို
လှည့်လည် ခြိမ်းချောက်နေ၏။
ထိုစဉ် ဘဲဥက
“ဟေ့ရောင် ကျပ်ခိုး။ အ၀င်းတို့ သားအဖ ဘယ်ကို ထွက်သွားသတုံး။ မင်း သတင်း ရသေးသလား” ဟု
ရုတ်တရက် မေးလိုက်၏။ ကျွန်ုပ်လည်း သူ့အမေးကို ပြန်မဖြေနိုင်။ အတန်ကြာမှ ဘဲဥသည် လေပူတစ်ချက်
မှုတ်ထုတ်ရင်း “အေးလေ ဒီလောက်တောင် ဖြစ်တော့မှ သူတို့လဲ ဒီမှာ ဘယ်လိုလုပ်ပြီး နေချင်တော့မှာလဲ”
ဟု ဆိုလိုက်လေ၏။ ထိုအချိန်မှစ၍ ကျွန်ုပ်နှင့် ဘဲဥသည် လှဝင်းရီ အကြောင်းကို စကား မစဖြစ်အောင်
အထူး သတိထား ဆင်ခြင်ကြသည်။ သို့သော်လည်း အကြောင်း တိုက်ဆိုင်လာလျှင်မူ မတွေးဘဲ မနေနိုင်။
ဘဲဥသည်လည်း ကျွန်ုပ် နည်းတူပင် ဖြစ်နေရှာ ပေလိမ့်မည်။ ထိုအခိုက် တစိမ့်စိမ့် ရွာသွန်းနေသော
မုတ်သုံမိုးသည် သည်းရာမှာ မည်းလာပြီးလျှင် မစဲနိုင်အောင် ရွာချလိုက်လေသတည်း။
ထိုနှစ် ဆောင်းဦးပေါက်တွင်
ကျွန်ုပ်သည် ပညာဆက်လက်သင်ကြားရန် မြို့ကလေးမှ ထွက်ခွာလာ ခဲ့၏။ မိသားစု အရေး၊ စီးပွားရေး
စသည့် အထွေထွေ ပြဿနာတို့ကြောင့် ဘဲဥမှာ ကျွန်ုပ်နှင့်အတူ ပညာဆက်လက် သင်ကြားရန် အခွင့်မရတော့ချေ။
(၁၂)
ယူနီဗာစီတီကျောင်းဆိုသည်
တရားဝင် အလေလိုက်ခွင့်ရသူတို့ ပျော်ပါးရာ နေရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် အပေါင်းအသင်း
အသစ်တို့နှင့် ပျော်ပျော်ပါးပါး ဟေးလားဝါးလား လုပ်ခြင်း၊ တွေ့သမျှ မြင်သမျှ ချောသည်
လှသည်ဟု ထင်ရသော မိန်းကလေးတိုင်းကို ရည်းစား စကားလိုက်ပြောခြင်း၊ စာလိုက်ပေးခြင်းတို့ဖြင့်သာ
အချိန်ဖြုန်းခဲ့၏။ သတ္တဘာဂ ဖူးစာရေးနတ်သည် ကျွန်ုပ်ကို ရှေးဘ၀က မည်သည့် အကြောင်းရေစက်တို့ကြောင့်
မျက်မုန်းကျိုးနေသည် မသိ။ ကျွန်ုပ် ပိုးပန်းသည့် မိန်းကလေး များကို ကျွန်ုပ်နှင့် လွဲရလေအောင်
သွေးဆောင် ဖြားဆောင်း၏။ တောင်ကျရေပမာ ထက်သန်လှ စွာသော ကျွန်ုပ်၏ မေတ္တာဓာတ် အရှိန်အဟုန်ကို
မည်သည့် မိန်းကလေးကမျှ ခံယူခြင်း မပြုကြပေ။ အချို့သော လုံမငယ်တို့သည် ကျွန်ုပ် ချစ်ရေးဆိုသည်နှင့်
တပြိုက်နက် လင်နောက်လိုက်သွား ကြလေ၏။ အချို့သော မိန်းကလေးတို့ကမူ ကျွန်ုပ် မေတ္တာစကား
ပန်ကြားချက်ကို ကြားလိုက်ရသည် နှင့် တပြိုက်နက် “နင် ငါ့ နောက်ဆက်ပြီး လိုက်မလာနဲ့။
နင် ဆက်လိုက်လာရင် ဘတ်စ်ကားရှေ့ ၀င်ရပ်ပြီး အသေခံလိုက်မယ်” ဟု ဆိုကာ သူတို့၏ အသက်ဖြင့်
ရင်း၍ ကျွန်ုပ်၏ မေတ္တာကို တုံ့ပြန်သမှု ပြုသည်။ အချို့မူကား စာတိုက်မှ စာပို့လိုက်ယုံမျှနှင့်ပင်
လူကြီးမိဘ သက်သေ စုံလင်စွာဖြင့် လာ ရောက် ဆဲဆို ရန်တွေ့ကြ၏။
သို့နှင့် ပျော်သလို
ပါးသလို နေထိုင် ကျင်လည်ခဲ့ပြီး တနှစ်ပြီး တနှစ် ကူးပြောင်း၍ သုံးလေးနှစ်ခန့် ကြာ သော်
ဘွဲ့လက်မှတ် တခုကို ကျွန်ုပ် လက်ဝယ် ပိုင်ဆိုင်ခဲ့လေ၏။ ဘွဲ့လက်မှတ် တခုရခါမျှနှင့်
တ၀မ်း တခါးလှအောင် ကြံဆောင်ရန်မှာ အတော်ပင် ခဲယဉ်းကြောင်း ထိုအခါမှ ကျွန်ုပ် သိသည်။
အလုပ် ကြေငြာ တွေ့တိုင်း၊ ဌာနဆိုင်ရာတို့မှ အလုပ်ခေါ်လေတိုင်း အပြေးအလွှား သွားကာ အလုပ်လျှောက်ရ
သည်မှာ အမောပင်။ အလုပ် ခဏခဏ လျှောက်ရခြင်းကြောင့် ရှိရှိသမျှ အလုပ်ဌာနတို့မှ ၀န်ထမ်းရေး
ရာ ဆိုင်ရာ ပုဂ္ဂိုလ်များနှင့်ပင် လက်ပွန်းတတီးဖြစ်ကာ အထူးပင် ရင်းနှီးကျွမ်းဝင်ခဲ့ရသော
ဟူ၏။ ကျွန်ုပ် ၀ိဇ္ဇာဘွဲ့ရပြီးနောက် အလုပ်လျှောက် ၀ိဇ္ဖာကြီး ဖြစ်နေချိန်၌ ဘဲဥသည် ကျွန်ုပ်တို့
ကွမ်းတောင်ကိုင် မိန်းမချော မသီတာကို ခိုးပြေးပြီး အိမ်ထောင်သည် ဘွဲ့ထူးကို ခံယူလိုက်လေ၏။
ဖူးစာအရေး၌ နုံချာ တော် မူပေထသော ကျွန်ုပ်သည် ဘဲဥတယောက် အိမ်ထောင်ကျသွားပြီ ဟူသည်ကို
ကြားသည့်အခါ စိတ်ထဲတွင် ကျိတ်ပြီး မနာလို ဖြစ်မိသည်။ သတ္တာဘာဂနတ်ကိုလည်း ဆဲရေးမိသေးသည်။
အတော်ပင် စွံသည့် ငါ့ သူငယ်ချင်း ဟူ၍လည်း ဂုဏ်ယူ ၀မ်းသာမိ၏။
ကျွန်ုပ် အိမ်မပြန်ဘဲ
ရန်ကုန်မြို့တွင် ကြုံသလို ကျသလို နေထိုင်ကာ အလုပ် ရှာဖွေရေး လုပ်နေသည့် ကာလအတွင်း၌
ဘဲဥသည် စပါးဒိုင် စာရေးကလေး အဖြစ်မှ စာရေးကြီး အဖြစ်သို့ ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။
ထိုစဉ်က လယ်သမားတိုင်း အစိုးရထံသို့ တဧကလျှင် ဆယ့်နှစ်တင်းနှုန်းဖြင့် မဖြစ်မနေ တာဝန်ကျေစပါး
သွင်းရသည့် ခေတ်ဖြစ်သောကြောင့် စပါးဒိုင် စာရေးကြီးဟူသည်မှာ လက်ဖျားငွေ သီးသည့် ရာထူးဌာနန္တရပင်
ဖြစ်၏။ ဒိုင်မှူးနှင့် အလွမ်းသင့်သော စာရေးကြီးဘဲဥသည် စပါးဒိုင်တွင် သူ့ခြေသူ့လက်ချည်း
ဖြစ်ကာ အတော်ပင် အရေးပါအရာသော ပုဂ္ဂိုလ်ကြီး ဖြစ်သွားလေ၏။ ထို့ကြောင့် စပါးဒိုင် စာရေးကြီးဘဲဥသည်
စပို့ရှပ် ထည်လဲ ၀တ်တော့၏။ ခေါင်းလိမ်းဆီ တရွှဲရွဲ၊ အသားအရည် စိုစိုပြေပြေ ဖြစ်ကာ အတော်ပင်
ကြည့်ကောင်းလာသည်ဟု သတင်းကြားရသည်။ စာရေးကြီး ကတော့် လက်မှ တချွမ်ချွမ် တချွင်ချွင်
မြည်သံတို့ကို နားကြားပြင်းကပ်အောင် ကြားရတော့သည် ဟူ၏။ ထိုအချိန်တွင် ကျွန်ုပ်မှာမူကား
ပြေးရင်းလွှားရင်း အလုပ်လျှောက် ကောင်းနေဆဲ ဖြစ်၏။
အလုပ်ခေါ်တိုင်း
လျှောက်သော်လည်း အဆင်မပြေ။ အလုပ်မရသည့် အဆုံးတွင် ကျွန်ုပ်သည် စိတ် အပျက်ကြီး ပျက်ကာ
အိမ်ပြန်ခဲ့လေ၏။ အိမ်ပြန်ရောက်သော် ဘာလုပ်ရမည်မှန်း မသိ။ စိတ်ဓာတ် ကျစရာ အခြေအနေတို့ဖြင့်
ထပ်၍ ကြုံရသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဘဲဥရှိရာ အလယ်ရေကျော် စပါးဒိုင်သို့ စိတ်ပြေလက်ပျောက်
ထွက်ခဲ့လေ၏။
စပါးဒိုင်ရှိရာ
ချောင်းအတွင်းသို့ ပဲ့ထောင် မောင်းဝင်လိုက်သည်နှင့် တောင်လို မို့မောက်နေသည့် စပါးပုံ
ကြီးများ တွေ့ရသည်။ နံနက်ခင်း နေရောင်အောက်တွင် ချွေးတဒီးဒီးကျနေသည့် အလုပ်သမားတို့
ပျားပန်းခတ် နေကြသည်။ ဘဲဥကို ကြိုတင် အကြောင်း မကြားမိသောကြောင့် ကျွန်ုပ်ကို ဆီးကြို
မည့်သူ မရှိ။ အလုပ်သမကလေးတို့က ဝေါကင်းရှုးနှင့် ဂျင်းဘောင်းဘီ ၀တ်ထားသည့် ကျွန်ုပ်ကို
ကြည့်၍ ရယ်ပွဲဖွဲ့သောကြောင့် ကျွန်ုပ် မနေတတ် မထိုင်တတ် ဖြစ်ရ၏။ စပါးထမ်းနေသည့် အလုပ်
သမားတယောက် အနားသို့ မယောင်မလည် ချဉ်းကပ်၍ “ဘဲဥ ဘယ်မှာတုံးဗျ” ဟု မေးလိုက်သော် ထိုအလုပ်သမားကြီးသည်
ဇဝေဇ၀ါ ဖြစ်သွားလေ၏။ သူကပင် “ဘယ်က ဘဲဥကို ပြောတာတုံး” ဟု ပြန်လှန် မေး၏။ “ခင်ဗျားတို့ဒိုင်က
စာရေးကြီးကို ပြောတာဗျ” ဟု ကျွန်ုပ် ငေါက်ဆတ်ဆတ် ဆိုလိုက်မှ ထိုသူသည် အလွန်ရိုကျိုးသော
အမူအရာဖြင့် “သြော် စာရေးကြီး ကိုဝင်းနိုင်ကို ပြောတာနဲ့ တူတယ်” ဟု ဆို၏။ ထို့နောက်
ကျွန်ုပ် စိတ်မရှည် ဖြစ်လာသောကြောင့် “ဟုတ်တယ် ၀င်းနိုင်ကို ပြောတာ။ ဒီကောင် ဘယ်မှာတုံး”
ဟု ဆိုလိုက်လျှင် ထိုအလုပ်သမားကြီးက “ဆရာလေး ကိုဝင်းနိုင်က အခုလေး တင်ပဲ ကန်ဘဲ့ကို
ပဲ့ထောင်နဲ့ ထွက်သွားတယ်” ဟု ပြောရင်း ကျွန်ုပ်၏ အိတ်ကို ဆွဲ၏။ ထို့နောက် “လာပါ ဆရာရယ်။
ဆရာလေး ကိုဝင်းနိုင် တော်ကြာနေရင် ပြန်ရောက်လာမှာပေါ့။ ဆရာကတော်နဲ့ စကားစမြည် ပြောရင်း
အိမ်ကနေ စောင့်တာက ပိုကောင်းပါတယ်” ဟု ဆိုပြီး ကျွန်ုပ်၏ အထုပ်အပိုး များကို ဆွဲ၍ စာရေးကြီး ဘဲဥ စံမြန်းရာ စပါးဒိုင် ၀န်ထမ်းတန်းလျားဆီသို့
ကျွန်ုပ်ကို ခေါ်ဆောင်သွား လေ၏။
ဝန်ထမ်းတန်းလျားရှိ
ဘဲဥ၏ နေအိမ်ကလေးမှာ နေချင့်စဖွယ် သာတောင့်သာယာ ရှိလှပါ၏။ အိမ်ရှေ့ တွင် စပို့ရှပ်များ
လှမ်းထားသည်ကို တွေ့သောကြောင့် ကျွန်ုပ် ပြုံးမိသေးသည်။ အိမ်ရှေ့တံခါးဝသို့ ရောက်လျှင်
အလုပ်သမားကြီးက “အမရေ ဆရာ့သူငယ်ချင်း မြို့ကနေ လာလည်လို့ ကျွန်တော် လိုက်ပို့တာ” ဟု
ဆိုပြီး ကျွန်ုပ်၏ အထုပ်အပိုးများကို အိမ်ရှေ့တွင် ချကာ အလုပ်ခွင်သို့ ခပ်သုတ်သုတ်
ပြန်သွားလေ၏။ “လာပြီ ဦးလေးရေ” ဟု ဆိုရင်း အိမ်တွင်းမှ စာရေးကြီးကတော် ထွက်လာ၏။
“ဟင် အ၀င်း” ဟု
ကျွန်ုပ် အံ့သြစွာ ရေရွတ်မိသည်။ ဘယ့်နှယ်ဖြစ်ရတာတုံး ဟု တွေးမိ၏။ လှဝင်းရီက လည်း ကျွန်ုပ်ကို
မြင်လျှင် ဘီလူးသရဲကို မြင်တွေ့ရသည့်အလား ဖြစ်သွား၏။ ထို့နောက် “ဟယ် ကျပ်ခိုး နင် ဘယ်ကနေ
ဘယ်လို ရောက်လာတာတုံး” ဟု ၀မ်းသာအားရ ဆိုပြီး ကျွန်ုပ်၏ အထုပ်အပိုး များကို နေရာချ၏။
“ကဲ ရေလေးဘာလေး သောက်အုံး။ နင့် သူငယ်ချင်းလဲ ထမင်းစားချိန် အမီ ပြန်လာမယ်လို့ ပြောသွားတယ်။
နေပါအုံး နင်က အကြောင်းလေး ဘာလေးတောင် မကြားဘူး။ နင် လာလည်မယ်မှန်း ကြိုသိရင် ငါ ကြက်သားဟင်း
ချက်ထားတာပေါ့။ အခုတော့ သဗြုသီးနဲ့ ငါးရံ့ ချဉ်ရည်ဟင်း ချက်ထားတာပဲ ရှိတယ်” ဟု ဆို၏။
“တအောင့်တနား အမောဖြေအုံး။ ငါ ထမင်း ထပ် ချက်လိုက်အုံးမယ်” ဟု ဆိုပြီး လှဝင်းရီသည်
အိမ်နောက်ဖေးသို့ ၀င်သွားလေ၏။
တခုခု ဖြစ်နေပြီမှန်း
ကျွန်ုပ် သိသည်။ သို့သော်လည်း ဘာဖြစ်မှန်း အတပ် မသိချေ။ လှဝင်းရီနှင့် ပြောစ ရာ ဆိုစရာ
အကြောင်းအရာ များစွာ ရှိသော်လည်း မည်သည့် စကားကို စပြီး ဆိုရမည်ကို မစဉ်းစား တတ်တော့။
သို့နှင့် ကျွန်ုပ်သည် ဆေးလိပ်သောက်ရ ကောင်းနိုး၊ ရေသောက်ရ ကောင်းနိုး၊ ပက်လက် ကုလားထိုင်တွင်
ထိုင်ရကောင်းနိုးနှင့် ယောင်တီးယောင်တောင် ပြုကာ ဘဲဥကို စောင့်ရလေ၏။
တနာရီခန့်ကြာသော်
ဘဲဥ ပြန်ရောက်လာ၏။ ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း “လာမယ်လို့ ကြိုပြောရင် ငါ ပဲ့ထောင်နဲ့
လာခေါ်မှာပေါ့” ဟု ဆိုကာ ၀မ်းသာအားရ နှုတ်ဆက်၏။ “ကဲ သူငယ်ချင်းရယ် ထိုင်ပါအုံး” ဟု ဧည့်သည်ဖြစ်သူ
ကျွန်ုပ်က ဘဲဥကို ပြန်ကာ ဧည့်ဝတ်ပြုရသည်။ “ဘာတွေ ဘယ်လို ဖြစ်တာတုံး” ဟု ကျွန်ုပ် စကားစလိုက်လျှင်
ဘဲဥက လက်ကာပြ၏။ “ကဲ ရောက်တုန်းရောက်ခိုက် မင်းကို စပါးဒိုင် ဘက်ကို လျှောက်ပြအုံးမှပဲ။
အ၀င်းရေ ထမင်းပွဲ ပြင်ထားနှင့် ဟေ့။ ငါတို့ သိပ်မကြာဘူး” ဟု ဆိုကာ ကျွန်ုပ် လက်ကို
ဆွဲ၍ ရေဆင်းတံတားဘက်သို့ ခေါ်သွားလေ၏။
တံတားဦးတွင်
သူငယ်ချင်းနှစ်ယောက် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ ရေတက်ချိန်မို့ ချောင်းရိုးတ လျှောက်တွင်
ဗေဒါဖုတ်ကလေးများ ဟိုဒီ မျောနေ၏။ ဗေဒါတို့တွင် ပန်းတိုင်ဟူ၍ ရေရေရာရာ မရှိ၊ ရေစီးသန်လျှင်
သန်သလောက် ခရီးပေါက်၏။ တက်ရေ၊ ကျရေကို အမှီသဟဲ ပြုရသော်လည်း ရေ လှည့်သင့်လျှင် သင့်သလို
စိတ်သွားတိုင်း ကိုယ်ပါ လိုရာခရီးကို ရေယဉ်စီး၍ မျောနိုင်သည့် သတ္တိထူး ရှိ၏။ ဘဲဥသည်
လေပူတချက်ကို မှုတ်ထုတ်ရင်း “တလောတုန်းက ငါ ပိုးလောင်းဘက်ကို စပါးကိစ္စနဲ့ သွားရင်း လှဝင်းရီနဲ့
အမှတ်မထင် ပြန်တွေ့တယ်။ သူ့ဖအေကြီးလည်း သေသွားပြီ။ ပိုးလောင်းမှာ ကောက်လာစိုက်ရင်းနဲ့
သောင်တင်နေတာတဲ့။ သူတယောက်ထဲ ပိုးလောင်းမှာ ဘောက်လုပ် ဘောက်စား ဖြစ်နေတယ်။ ဒါနဲ့ ငါ သူ့ကို မရမက ခေါ်ထားလိုက်တယ်။ မင်း အပြစ်တင်ချင်ရင်လဲ
တင် ကွာ” ဟု ဆိုပြီး ချောင်းရိုးတလျှောက်ရှိ ဓနိတောကို အထူးအဆန်းလုပ်၍ မမှိတ်မသုန်
ကြည့်နေလေ ၏။ ကျွန်ုပ်သည် ဘဲဥ၏ စကားကို ကြားရသည့်အခါ အတော်ပင် လူမော စိတ်မော ဖြစ်ရသည်။
ထို့ကြောင့် ဆေးပေါ့လိပ်ကိုသာ နာနာ ဖွာမိသည်။ အတန်ကြာမှ “ကဲ ဘဲဥရယ် ဖြစ်သမျှ အကြောင်း
အကောင်းချည်းပဲပေါ့ကွာ၊ စောင်မ ကြည့်ရှုတယ် ဆိုတာ ဒါပဲပေါ့” ဟု ဆိုမိသည်။ စောင်မ ကြည့်ရှု
ဟူသည်ကို အတွေးပေါက်ပြီး ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဦးလုံး အူလှိုက်သည်းလှိုက် ရယ်မိ၏။
ကျွန်ုပ်တို့ ၏ ရယ်သံသည် ချောင်းရိုးတလျှောက်တွင် ပဲ့တင်ထပ် သွား၏။ ချောင်းအစပ်ရှိ
လမုတောကလေးပင် တုန်ခါသွားလေ၏။
မောင်ကျပ်ခိုး
ကောင်းကင် - လှဝင်းရီ




