(၁၃)
လှဝင်းရီ့လက်ရာ သဗြုသီး ငါးရံ့ချဉ်ရေဟင်းကြောင့်
ကျွန်ုပ် လျှာလည် သွား၏။ ထမင်းစားပြီးနောက် ဆေးလိပ်ကိုယ်စီခဲ၍ အိမ်ရှေ့ရှိ ညောင်စောင်းထက်တွင် ထမင်းလုံးစီရင်း မှိန်းကြ၏။ ထိုစဉ် လှဝင်းရီက “ဆေးလိပ်ချည်းပဲ
သောက်မနေနဲ့။ ငှက်ပျောသီး စားအုံး” ဟု ဆိုရင်း ရခိုင်ငှက် ပျောသီးများ ထည့်ထားသည့်
ပန်းကန်ကို ကျွန်ုပ်တို့ရှေ့သို့ တွန်းပို့လိုက်၏။ ထိုသော ကျွန်ုပ်လည်း ငယ်စိတ် ပြန်ဝင်လာ၍
“အ၀င်းရေ ငါ သဂျုသွေး စားချင်တယ် ဟ” ဟု ဆိုလိုက်လျှင် ဘဲဥသည် သဘောကျစွာဖြင့် အူလှိုက်သည်းလှိုက်
ရယ်လေ၏။ “ဒီကောင် ကျပ်ခိုးဟာ အခုအချိန်အထိ ကလေးစိတ် မပျောက်သေးဘူး” ဟု ဆို၏။ လှဝင်းရီကလည်း
ရယ်သည်။ ကျွန်ုပ်လည်း ရယ်မိသည်။ ဘဲဥသည် ရုတ်ခြည်းထပြီး အလုပ်သမား တန်းလျားဘက်သို့ ထွက်သွား၏။
ခဏကြာသော် အုန်းသီး နှစ်လုံး ဆွဲပြီး ပြုံးဖြီးဖြီး မျက်နှာထားဖြင့် ပြန်ရောက်လာ၏။
“အ၀င်းရေ အုန်းသီး ခွဲရအောင် ဓားမ သွားယူချေ” ဆိုရင်း ကျွန်ုပ်ကို ပြုံး၍ ကြည့်သည်။
သူ့အပြုံးကြောင့် ကျွန်ုပ်လည်း မပြုံးဘဲ မနေနိုင်။ အတိတ်ကို ပြန်လည် သတိရမိသည်။ အတိတ်တွင်
ပျော်ခဲ့ဖူးသည်ထက်ပင် ပို၍ ပျော်စရာ ကောင်း၏။
အလယ်ရေကျော် စပါးဒိုင်တွင် ကျွန်ုပ် ပျော်ရွှင်စွာ
နေထိုင်နေသည့် အခိုက်တွင် ကျွန်ုပ် လျှောက်ထား ခဲ့ဖူးသည့် အလုပ်တခုတွင် ခန့်ထားရန်
ရည်ရွယ်ပြီးဖြစ်သူ ရုတ်တရက် သေဆုံးသွားခြင်းကြောင့် ကျွန်ုပ်ကို အစမ်းခန့်ထားလိုက်သည်
ဟူသော အကြောင်းကြားစာ ရောက်လာလေ၏။ ထို့ကြောင့် ကျွန်ုပ် ရန်ကုန်သို့ သွားရန် ကမန်းကတန်း
ပြင်ရလေ၏။ ဘဲဥနှင့် လှဝင်းရီတို့ နှစ်ဦးလုံး မျက်နှာ မကောင်းလှချေ။ ဘ၀ဟူသည်မှာ ဖြစ်ချင်တိုင်း ဖြစ်ခွင့် မရဟူသည်ကို
လက်ကိုင်ထားပြီး နှုတ်ဆက် ခွဲခွာ ရလေ၏။ “ခွင့်ရရင် ပြန်လာကွာ” ဟု ဘဲဥက အခါခါ မှာ၏။ လှဝင်းရီက
“ကျပ်ခိုး နင် သင်္ဘော ပေါ်မှာ စားရအောင် ငါ ကောက်ညှင်းထုပ် ထုပ်ထားတယ်” ဟု ဆိုကာ စလူရွက်ဖြင့်
ထုပ်ထား သည့် ကောက်ညှင်းထုပ်တစ်တွဲ လက်ဆောင်ပေးလိုက်၏။
ကျွန်ုပ်အဖို့ အလယ်ရေကျော်မှ လပွတ္တာ၊ လပွတ္တာမှ
ရန်ကုန် ခရီးစဉ်သည် စိတ်လှုပ်ရှားဖွယ်ရာတို့ဖြင့် ပြည့်နှက်နေ၏။ ဧရာဝတီ သဘောင်္ကြီး ခုတ်မောင်းသည်မှာ
အတော်ပင် နှေးကွေးလှသည် ဟု ထင်မိ သည်။ အလုပ်တွင် အဆင်ချောမှ ချောပါ့မလား ဟု ကြိုတွေးပြီး
စိုးရိမ်ကြောင့်ကြ ဖြစ်မိ၏။ မြစ်ကမ်းနံ ဘေး လယ်ကွက်ထဲတွင် ကျွဲကျောင်းနေသည့် ကလေးများကို
မြင်သော် လက်ရမ်းပြမိ၏။ အလုပ်သို့ ထမင်းဘူး ထည့်သွားမှ စရိတ်စက သက်သာချေမည် ဟုလည်း
တွေးမိသည်။ ထိုသို့ ရောက်တတ်ရာ ရာ တွေးရင်း ရန်ကုန်မြို့သို့ ရောက်မှ လပွတ္တာအိမ်တွင်
လှဝင်းရီ ထည့်ပေးလိုက်သည့် ကောက်ညှင်း ထုပ်တွဲ ကျန်ရစ်ခဲ့ကြောင်း သတိရလေ၏။
(၁၄)
အလုပ်ရပြီးနောက်တွင် ကျွန်ုပ်သည် နေ့စဉ်
ရုံးတက်ရုံးဆင်းလုပ်ရင်း ပျော်ရွှင်ခြင်းနှင့် လွတ်လပ်ခြင်းတို့ ဆုံးရှုံးခဲ့လေ၏။ ကျွန်ုပ်
အလုပ်ရပြီး သုံးလေးငါးလခန့် အကြာတွင် ကျွန်ုပ်ရှိရာသို့ ဘဲဥ ရောက်လာ လေ၏။ ဘဲဥ၏ မျက်နှာထားမှာ
သုန်မှုန်နေ၏။ ထို့ကြောင့် အကြောင်းတစုံတရာ ထူးပြီဖြစ်မှန်း ကျွန်ုပ် ရိပ်မိသည်။ ကျွန်ုပ်
မမေးခင်မှာပင် ဘဲဥက “မသီတာ အလယ်ရေကျော်ကို လိုက်လာတယ်။ အ၀င်း ထွက်သွားပြီ” ဟု တုံးတိတိ
ဆိုလိုက်၏။ ထို့နောက် “ငါ အိမ်မပြန်ချင်ဘူး။ မင်းနဲ့ တလတန်သည် နှစ်လတန်သည် ကြာအောင်
နေလိုက်အုံးမယ်” ဟု ဆိုလေ၏။ တခါတရံတွင် ကျွန်ုပ်သည် ပျော်ရွှင်ခြင်းများကို ဖျက်စီးတတ်သည့်
ကံ ဟူသည့် အရာကြီးကို ဆဲရေးတိုင်းထွာလိုစိတ်ပေါက်မိ၏။ သို့သော်လည်း ကံ ဟူသည်မှာ ကိုယ်ပြုသည့်
အမှု ပင် ဖြစ်သောကြောင့် ကံ တရားကို ဆဲရေးခြင်း သည် ကိုယ့်ကိုကိုယ် ပြန်ပြီး ဆဲရေးရာ
ရောက်သည်ကြောင့် မဆဲမိတော့ပေ။ သို့သော်လည်း အတော် ပင် မကျေမချမ်း ဖြစ်မိသည်။
ကျွန်ုပ် အိမ်တွင် ဘဲဥ ကြာကြာ မနေလိုက်ရချေ။
အကြောင်းမူကား သူ့ဇနီးသည် မသီတာ မျက်ရည် လည်ရွဲနှင့် လိုက်ခေါ်သောကြောင့် ဖြစ်၏။ ဘဲဥတို့
လင်မယား ပြန်သွားသော် ကျွန်ုပ်သည် လှဝင်းရီ အတွက် စိတ်ပူမိသည်။ သို့သော်လည်း သူ့အတွက်
ဘာတခုမျှ ထိထိရောက်ရောက် ကူညီနိုင်ခြင်း မရှိ ခဲ့ပေ။
တခုသော နွေဦးကာလ ကျွန်ုပ် အိမ်သို့ ပြန်ရောက်ခိုက်တွင်
“လှဝင်းရီတယောက် စပါးပွဲစား ဦးစံသိန်း နှင့် တိတ်တိတ်ပုန်း ညားနေပြီ” ဟူသည့် သတင်း
သဲ့သဲ့ ကြားလိုက်ရ၏။ ထိုသတင်းကို ကြားရသော် ဒီသေခါနီး အဖိုးကြီး ဟာလေ ဟု ကျွန်ုပ် ရေရွတ်မိသည်။
အချို့က ဦးစံသိန်းက လှဝင်းရီကို အမိဖမ်း လိုက်တယ် ဟု ဆို၏။ အချို့မူကား ဒီ ကောင်မက
အဖိုးကြီးကို အပိုင်ဖမ်းလိုက်တာ ဟု အမနာပ ဆို ၏။ မည်သူ မည်ဝါ မှားသည်။ မှန်သည်ကို ဝေဖန်လျှင်
ဆုံးတော့မည် မဟုတ်။ အဖိုးကြီး လှဝင်းရီကို မယားမှတ်မှတ် သားမှတ်မှတ်နဲ့ ထောက်ပံ့ ပေါင်းသင်းရင်
တော်လှပြီ ဟုသာ သဘောထားလိုက် သည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသည့်အတိုင်း ကံကြမ္မာဆိုးသည်
လှဝင်းရီကို ရွှဲရွှဲစိုနစ် ကြွက်စုတ် ဖြစ်ရလေအောင် ရွာချလေ၏။ ရပ်ကျော်ရွာကျော် ဟိုးဟိုးကျော်
ဖြစ်နေသည့် ဦးစံသိန်းနှင့် လှဝင်းရီ၏ တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်းကို မြောင်းမြတွင်
နေသည့် ဦးစံသိန်း၏ သမီးများ သိသွားပြီးနောက် တွင် လှဝင်းရီအတွက် မိုးသည်းယုံတင်မက
မိုးကြိုးပါ ပစ်ချတော့လေ၏။ သို့နှင့် ဦးစံသိန်းလည်း မြောင်းမြကို ပြန်ရလေ၏။ တရားဝင်မယား
မဟုတ်သောကြောင့် မယားစရိတ် မရလိုက်ချေ။ ထို နောက်ပိုင်းတွင် လှဝင်းရီ ကွမ်းယာရောင်းနေသလိုလို၊
ကုန်စိမ်းရောင်းနေသလိုလို မရေမရာ သတင်း များသာ ကြားရတော့၏။
တနေ့သ၌ ကျွန်ုပ်၏ အမကြီး ရန်ကုန်သို့ ရောက်လာ၏။
“လှဝင်းရီကို ဧရာဝတီ သင်္ဘောပေါ်မှာ တွေ့ ခဲ့တယ်။ ရန်ကုန်နဲ့ ပြင်ရွာ ကူးချည်သန်းချည်လုပ်ပြီး
ကုန်စိမ်းရောင်းနေတယ် လို့ ပြောတယ်။ သူ့ခမျာ သနားစရာလေးပါကွယ်” ဟူသည့် သတင်းကို ကြားရ၏။
အမကြီး၏ “ဒီကလေးမလေးရဲ့ ဘ၀ကလဲ မလွယ်ဘူး။ အခုလဲ သင်္ဘောပေါ်မှာ ရေပက် ကြိုးချည် စူကာနီ
လုပ်တဲ့ကောင်က ကလေးမ လေးကို ပရောပရီ လုပ်နေတာ တွေ့ခဲ့တယ်ကွဲ့” ဟူသော နောက်ဆက်တွဲ စကားကြောင့်
ကျွန်ုပ် စိုးရိမ်သော က ဖြစ်ရသည်။
ထိုနှစ်ပိုင်းတွင် ကျွန်ုပ်သည် နယ်မြို့ကလေး
တမြို့သို့ ငွေကိုင်စာရေးကလေးအဖြစ်နှင့် ပြောင်းရွှေ့ အမှုထမ်းရလေ၏။ တနေ့သ၌ ကျွန်ုပ်၏
မိခင်ကြီး နေမကောင်းဟု ဆိုသဖြင့် အိမ်ပြန်ရန် ကိုင်းတန်း ဗောတံတားဆိပ်သို့ ဆင်းလာခဲ့၏။
ထိုအခိုက် “ဟဲ့ ကျပ်ခိုး” ဟူသည့် နှုတ်ဆက်သံကို ကြားလိုက်ရ၏။ အလို လှဝင်းရီ။ ကိုင်းတန်း
ဗောတံတားတွင် ဘာလုပ်နေသည် မသိ။ ကုန်စိမ်းရောင်းနေတုန်းပဲလား ဟု တွေးမိသည်။ ထို့နောက်
ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဦး သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ်၏။ လှဝင်းရီမှာ
ဆားသင်္ဘော ဆလင်ကတော် ဖြစ်နေပြန်ပြီ။ ခင်ပွန်းသည်မှာ အရက်နည်းနည်းပါးပါး သောက်တတ်သော်လည်း
သူ့အပေါ်တွင် အတော်ကလေး အလိုလိုက်ရှာသည် ဟု ၀မ်းမြောက်ဖွယ်ရာ ကြားသိရ၏။
ကျွန်ုပ်တို့နှစ်ဦးလုံး အတိတ်အကြောင်းများကို
ပြန်လည် သတိရမိသော်လည်း စကားဦး မသန်းမိ အောင် သတိထား ဆင်ခြင်ကြသည်။ ပြန်ခါနီးတွင်
လှဝင်းရီက “ကျပ်ခိုး နင့်မလဲ ပိန်လိုက်တာ ကျော
နဲ့ ရင်နဲ့ ကပ်နေပြီ။ ဆေးလိပ်လျှော့သောက်အုံး” ဟု တခုတ်တရ သတိပေး၏။ ထို့ပြင် “နင်တို့
သူငယ်ချင်းနှစ်ယောက်ဟာ တကယ်ပဲ ပြောရဆိုရ ခက်ပါတယ်။ ဒီ ဆေးလိပ်ကို မဖြတ်နိုင်ကြဘူး”
ဟု ဆိုသေး၏။ သံယောဇဉ် ဟူသော နှောင်ကြိုးသည် သံမဏိကြိုးတို့ထက် ခိုင်ခန့်မြဲမြံသည်
မဟုတ် လော။
သို့နှင့် ကျွန်ုပ်တို့ ဝေးခဲ့ကြရပြန်၏။
နောက်တနှစ်နွေဦးတွင် ကျွန်ုပ်၏ မိဘများသည် ကျွန်ုပ်ကို အိမ်ထောင်ရက်သား ချထားရန် စိုင်းပြင်းလေ၏။
အရပ်တကာလှည့်၍ အပျိုရှိရာအိမ်ဝင်ပြီး သမီး တောင်းထွက်၏။ နဖူးစာကံခေသည့် ကျွန်ုပ်မှာ
မိဘများ စီစဉ်သည့်အတိုင်း လိုက်နာမည်ဟု စိတ်ပိုင်း ဖြတ်လိုက်ပြီး မယားယူရန် အရေးကို
တွေးကာ ပျော်မိသည်။ စိတ်ကူးယဉ်သည်ဆိုသည်မှာ အတော် ပင် ပျော်စရာကောင်း၏။ မိဘများက ဘယ်သူဘယ်ဝါရဲ့
သမီးကလေးကတော့ မဆိုးပါဘူး။ အမ သွား ပြီး စပ်ကြည့်အုံးမယ် ဟု ဆိုလျှင် ထိုသူငယ်မမှာ
ကျွန်ုပ်၏ စိတ်အတွင်းသို့ ချက်ချင်း ချဉ်းနင်း ၀င်ရောက်လာ၏။ အမ သမီးတောင်းထွက်ရန် ဖိနပ်စီးနေသည့်
အခိုက်တွင် ကျွန်ုပ်၏ စိတ်ကူးယဉ် ကမ္ဘာ၌ ထိုသူငယ်မနှင့် မင်္ဂလာဆောင်ပြီးသွားလေပြီ။ သားသမီးများ
ပွားစည်းပြီး သကာလ သားရှင်ပြု၊ သမီးနားသ မင်္ဂလာပင် ဆင်ယင် ကျင်းပပြီးသွားပြီ ဖြစ်၏။
ထမင်းရည် ချောင်းစီး မောင်းတီး လှူဒါန်းသည့် ရှင်ပြုနားသ မင်္ဂလာပွဲကြီး ပြီးခါစ သားကိုရင်
ရှင်လိင်မပြန်ရသေးခင် ကာလတွင် အမ၏ “အဲဒီ သူငယ်မကလေးမှာ ရည်ရွယ်ထားတဲ့သူ ရှိသတဲ့” ဟူသည့်
စကားကြောင့် ကျွန်ုပ်၏ စိတ်ကူးယဉ် ကမ္ဘာ ပျက်ရလေ၏။
သို့နှင့် ကျွန်ုပ် ကမ္ဘာတည်လိုက်၊ ပျက်လိုက်ဖြစ်နေသည့် အခိုက်တွင် လှဝင်းရီ
အိမ်ထောင်ပျက်သွားပြီး နောက်ထပ် လင်တယောက် ရနေပြန်ပြီ ဟူသည့် သတင်းကို ကြားရ၏။ နောက်လင်မှာ
နောက်သင်္ဘောတစင်းမှ ဖြစ်ပြီး ရေပက်ကြိုးချည် စူကာနီ လုပ်သူ စာရေးကလေး တယောက် ဖြစ်သည်
ဟု လည်း သတင်းရသည်။ ဒီတယောက်နှင့်လည်း မည်မျှကြာအောင် ပေါင်းသင်းနိုင်ပါ့မည်နည်း ဟု
တွေးမိသေးသည်။
ကျွန်ုပ်ကို အိမ်ထောင်ချထားရန် စိတ်အားထက်သန်လှသည့်
မာတာမိခင်သည် နောက်တနှစ် ၀ါကျွတ် လျှင် ထုံးစံအတိုင်း သမီးတောင်းထွက်ပြန်သည်။ ကျွန်ုပ်မှာမူ
အိမ်ထောင်ရေးကို စိတ်လျှော့ထား လိုက်၏။ ထိုနှစ်တွင် ကျွန်ုပ်၏ စန်းလဂ်တို့ အတော်ပင်
ထူးခြား တိုးတက် လာ၏။ တယောက်သော မိန်းမချောကလေး၏ မိဘတို့က အမ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်ကို
ဝမ်းမြောက်ဖွယ် ကြားရ၏။ သို့နှင့် သူကလေးနှင့် စေ့စပ်ကြောင်းလမ်း ရတော့၏။ စေ့စပ်လက်စွပ်
လဲပြီးနောက်တွင် ကျွန်ုပ်လည်း ဌာနမှ အထက်ပုဂ္ဂိုလ်ကြီးများထံ ချဉ်းကပ်၍ နယ်ပြောင်းခွင့်ရရန်
အပူကပ်ရလေ၏။ ရွှေငါးမူးသားဖိုးခန့် ကုန်ပြီးနောက်တွင် နယ်ပြောင်းအမိန့်ကျလာ၏။ သို့နှင့်
ကျွန်ုပ်လည်း ဇာတိချက် ကြွေ မွေးရပ်မြေသို့ ပြန်ရောက်လေသတည်း။
လပွတ္တာသို့ ကျွန်ုပ် ပြန်ရောက်သော် လှဝင်းရီတို့
လင်မယား စလူဆိပ် မိကျောင်းအိုင် ရွာဘက်တွင်
ကုန်စုံဆိုင်ကလေး သွားဖွင့်နေကြသည်ဟု ကြားရသည်။ ဘဲဥမှာလည်း သမီးကလေးတစ်ဦးပင်
ထွန်းကားနေလေပြီ။ သူ့သမီးကလေးကလည်း စကား တီတီတာတာ ဆိုတတ်စ အရွယ်သို့ ရောက်နေ ပြီ ဖြစ်၏။
အတိတ်အကြောင်းတို့သည်လည်း အတိတ်တွင် ကျန်ရစ်ခဲ့ပြီ၊ ဝေဒနာ အပူမီးတို့လည်း ကင်းစင် ကွယ်ပျောက်
သွားပြီ ဟု ထင်ရသည်။ ကျွန်ုပ်မှာမူ ဃရာဝါသ အရေးကိစ္စတို့ကို စိတ်စောနေ သည်ကြောင့် သူတို့အကြောင်းကို
မေ့မေ့ပျောက်ပျောက် ထားလိုက်သည်။
တပေါင်း တန်ခူးတွင် လက်ထပ်ကြမည် ဟု ရက်သတ်ထားသော်လည်း
ကျွန်ုပ်နှင့် စေ့စပ်ထားသူ မိန်းကလေးသည် အအေးဓာတ်ပိုကဲသည့် ပြာသိုလမှာပင် ငယ်ကကျွမ်းသည့်
ချစ်ဦးသူနှင့် ပြန်လည် ဆုံစည်းမိပြီး ခိုးရာလိုက်ပြေး သွားလေ၏။ အမမှာ ဒေါသထွက်၍ မဆုံး။
ကျွန်ုပ်မှာ ရှက်၍ မဆုံး။ ထို သတင်းကို ကြားရသည်နှင့် အိမ်သို့ ဘဲဥ ရောက်လာသည်။ ကဲ
ကျပ်ခိုးရယ် ဘာမှ မဖြစ်ပါဘူးကွာ။ သောက်သုံးမကျတဲ့ လောကကြီးဟာ ဒီလိုချည်းပါပဲ ဟူသော
ဖြေသိမ့် စကားကို ဆိုသည်။ သူ့ဖြေသိမ့် စကားကို ကျွန်ုပ် မကြားလိုတော့ပြီ။သို့နှင့်
ကျွန်ုပ်မှာ ယောင်တီး ယောင်တောင်နှင့်ပင် ထိုနှစ် ဆောင်း တွင်းကာလကို ဖြတ်သန်းခဲ့ရ၏။
ထိုနှစ်ဆောင်းကား အတော်ပင် အေး၏။
(၁၅)
နွေဦးပေါက်ကာလ၌ ကျွန်ုပ် ငပိဆိပ်ဘက်သို့
ကိစ္စတစ်ခုနှင့် ရောက်သွားလေ၏။ ငပိဆိပ်အရပ်မှာ မြို့နှင့် မလှမ်းမကမ်းတွင် တည်ရှိပြီး
အရောင်းအ၀ယ်ဖွံ့ဖြိုးသည်။ ကိုလိုနီခေတ်တွင် စတင်ပေါ်ပေါက်ခဲ့ သော ရပ်ကွက်ဖြစ်ပြီး ငါးပိသည်တို့၏
ထွက်ကုန်ငါးပိ အနံ့အသက်ဆိုးများကို မြို့သူမြို့သားတို့ မခံနိုင် ၍ မြူနီစီပယ်ဌာနသို့
တိုင်ကြားရာတွင် မြူနီစီပယ်လူကြီးမင်းများက ထိုငါးပိသည်များကို မြို့နှင့် အတော်ဝေးသည့်
နေရာတွင် သွားရောက်လုပ်ကိုင်ရန် သတ်မှတ်နေရာချထားခြင်းမှ စတင်ပေါ်ပေါက် ခဲ့သည်ဟု အဆိုရှိသည်။
ထိုငပိဆိပ်တွင် ဓာတ်ဆင် ဓာတ်ရိုက်နှင့်
ကျွဲပျောက် နွားပျောက် လူပျောက် ဗေဒင်ဟောရာတွင် ထင်ရှားလှသော ဆြာအောင်မျိုးမြင့် ဆိုသူ
ဗေဒက၀ိပညာရှိ တစ်ဦးရှိ၏။ သူ့တွင် သူကိုယ်တိုင် စိတ်ထင်တိုင်း ချီးမြှင့်ထားသည့် ဘွဲ့ထူးနာမတို့
များလှချေ၏။ ဆိုင်းဘုတ် မည်သည့် ဆြာကြီး၏ သားတပြည့်၊ မနောမယ မဟိဒ္ဓိဆြာကြီး စသဖြင့်
အမျိုးမျိုး ရေးထားစေကာမူ မယားလေးယောက် ရှိဖူးသည်ကို အစွဲပြုပြီး ဦးမာဃဟုသာ အမည်တွင်လေ၏။
ထိုဗေဒင်ဆြာကြီးသည် မယားလေးယောက်နှင့်ပင်
တင်းတိမ်နိုင်သူ မဟုတ်ချေ။ ကြုံလျှင် ကြုံသလို၊ လစ်လျှင် လစ်သလို ကမြင်းကြော ထတတ်သည်။
အချောင်နှိုက်တတ်သည်။ တခုလပ်လည်း မရှောင်၊ မုဆိုးမလည်း မချန်၊ ကလေးမအေနှင့်လည်း ဘာလိုလို
ညာလိုလို၊ အပျိုဟိုင်းကြီးများနှင့်လည်း မလွတ် ကင်း၊ အပျိုဖြန်းကလေးများကိုပင် လက်ဖွဲ့ပေးရင်း
ပရောပရီ လုပ်တတ်သေးသည်။ အတော် သောက် ကျင့်ထူးသော ဆြာကြီးတစ်ဦး ပါပေ။ သို့သော်လည်း
သူ့ မြာစွံမှုကို ကျွန်ုပ်တို့ ကာလသားတိုင်း မနာလို ၀န်တို ဖြစ်ရ၏။ ထိုသို့ဖြစ်လေရာ
မြာစွံသူ ဆြာကြီး၏ ဗေဒင်ပညာရပ်နှင့် ပွဲတွေ့ အတွေ့အကြုံတို့ သည် ကျွန်ုပ်ကဲ့သို့ နဖူးစာအရေးတွင်
ကံခေသူတို့၏ အားကိုးအားထားရာ ဖြစ်လာလေ၏။ ဗေဒင်နည်း နှင့် အားကိုးရန် ရည်ရွယ်ထားခြင်း
မရှိသော်လည်း သူ့ထံမှ ကာလသမီးတို့၏ အလိုစရိုက် သဘောတို့ ကို တစေ့တစောင်း ကြားနာခွင့်
ရလျှင် မနည်း ဟု သဘောထားပြီး ကျွန်ုပ်လည်း သူ့ထံမှောက်သို့ ဗေဒင်မေးရောက်ခဲ့ခြင်း ဖြစ်၏။
ထိုအခိုက်တွင် လှဝင်းရီကို အမှတ်မထင် တွေ့ရလေ၏။
သူတယောက်တည်း ဘာလုပ်နေပြန်သည် မသိရ။ “ဟဲ့ အ၀င်း နင်တို့ တောကနေ အလည် တက်လာတာလား။ နင့်
ယောက်ျားရော” ဟု ကျွန်ုပ် အလောတကြီး မေးမိသည်။ ထိုသို့မေးလိုက်သော် လှဝင်းရီသည် မျက်နှာသေဖြင့်
ကျွန်ုပ်ကို ကြည့်ရင်း “ငါနဲ့ မောင်မျိုးနဲ့ ကွဲလိုက်ကြပြီ” ဟု တည်ငြိမ်စွာ ဆိုလေ၏။
သူ့နောက်လင်ကလေး၏ နာမည်မှာ မောင်မျိုးဖြစ်သည်ကို သူတို့လင်မယား ကွာရှင်းပြတ်စဲသည့်
အခါတွင်မှ ကျွန်ုပ် သိရတော့၏။ ထို့နောက် “ငါ အခု ငါးပိဆိပ်မှာ မီးသွေးရောင်းမလို့ လုပ်နေတယ်”
ဆိုပြန်သည်။ ”ဆိုင်နာမည် ရွေးမလို့ ဗေဒင်လာမေးတာ” ဟု ထပ်ဆင့် ဆို၏။ သူ ထိုသို့ ဆိုလိုက်လျှင်
ဗေဒင်ဆြာကြီးကလည်း ခေါင်းတဆတ်ဆတ် ညိတ်ကာ ဟုတ်မှန်ကြောင်း ထောက်ခံ၏။
“အ၀င်းရယ် မီးသွေးရောင်းတာပဲ ဆိုင်နာမည်တွေ
ဘာတွေ ရွေးစရာ လိုသေးလို့လား ကွယ်” ဟု ကျွန်ုပ် ရိုးသားစွာ မေးမိသည်။ ကျွန်ုပ် ထိုသို့
ဆိုလိုက်သည်ကို ဆြာကြီး စိုးစဉ်းမျှ မကြိုက်။ “ဒီမယ် မောင်ရင်လေးရဲ့ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း
သြဘာနိမိတ်ထွန်းသတဲ့ကွဲ့။ ဒီတော့ကာ ဘာပဲ လုပ်လုပ် မင်္ဂလာရှိတဲ့ ရက်မြတ် အချိန်အခါ နေရာ
နာမ တွေကို ရွေးပြီးမှ လုပ်ငန်းစရတာ ထုံးစံပဲကွဲ့။ သူ အခု လုပ်မယ့် စီးပွားရေးလုပ်ငန်းဆိုတာ
အင်မတန် အရေးကြီးတာပဲလေ။ ဒီတော့ကာ တော်အိလျော်အိ လုပ်နေလို့ ဘယ်သင့်လိမ့်မတုံး။ ဒါကြောင့်မို့
ဆရာ အခု စီစဉ် ပေးနေတာလေ” ဟု ရှည်လျားစွာ ဆို၏။ သူ ထိုသို့ ဆိုလိုက်သည့် အခါ ကျွန်ုပ်သည်
ဘုန်းကြီးရူးနှင့် လှေလူး ဟူသည့် စကားပုံကို ရုတ်ခြည် သတိရမိသည်။ သို့သော်လည်း ကျွန်ုပ်
စကားပုံ အသုံးအနှုန်း ရွေးချယ်မှု မှားယွင်း သွားခဲ့လေ၏။ ကျွန်ုပ် သုံးသင့်သည့် စကားပုံမှာ
ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင် ပံကျိုး ဟူသည်သာ ဖြစ်၏။ အကြောင်းတမူကား မယားအမှုပွေလှသူ
ဆြာကြီးနှင့် ဆက်ရက်မကလေး လှဝင်းရီတို့၏ ဇာတ်ရှုပ်ခင်းနေကြသည်ကို နောက်တပတ်ခန့်တွင်
ကျွန်ုပ် ကြားလိုက်ရခြင်းကြောင့် ဖြစ်၏။
ဆြာကြီးသည့် ဟင်းကောင်းကို စားရလျှင် မိတ်ဆွေကောင်းကို
သတိရဘိ၏ ဟူသည့် လောကနီတိ လာ စကားကို လက်တွေ့ကျင့်သုံးသူ ဖြစ်လေရကား သူ အစားကောင်းအသောက်ကောင်း
စားရ သောက်ရသည်ကို မိတ်ဆွေတို့အား လက်တို့လိုက်လေ၏။ သို့နှင့် တဦးနှင့်တဦး ထပ်ဆင့်
တလဲလဲ မိတ်ဆက်ပေးခြင်းတို့ကြောင့် လှဝင်းရီတွင် မိတ်သစ်ဆွေသစ်များ ထပ်မံ တိုးပွားခဲ့ရတော့သည်
ဟူ၏။
အချို့သော ပညာယှိတို့က ဤလူ့လောကကြီးသည်
အရောင်းအ၀ယ် တရားတို့ ထွန်းကားရာ လောက ဓာတ်ကြီးသာလျှင် ဖြစ်ချေ၏တကား ဟု ဆိုကြ၏။ မှန်လေစွ။
ပညာရှိသူက ပညာကို ရောင်းချ၍ အသက်မွေးသည်။ ဥစ္စာရှိသူက ဥစ္စာကို ရင်းနှီး၍ အသက်မွေးသည်။
ထိုသို့ အရောင်း အ၀ယ်တရားတို့ ထွန်းကားရာ ဤကမ္ဘာကြီးဝယ် ဥစ္စာလည်း မရှိ၊ ပညာလည်း မတတ်သော
လှဝင်းရီ ခမျာမှာ မိမွေဖမွေ အစစ်ဖြစ်သည့် ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ ဖောဋ္ဌဗ္ဗာရုံ အာရုံအထိအတွေ့ကို
ပုရိသတို့အား ရောင်းချ၍ အသက်မွေးရလေ၏။
မောင်ကျပ်ခိုး
ကောင်းကင် - လှဝင်းရီ




