20
Jan

လှဝင်းရီ အပိုင်း (၂)၊အပိုင်း (၃)

(၂)

လှဝင်းရီ မသာချရန်အတွက် လာရောက် ကူညီကြရမည်
ဟူသည့် ဆရာတော် ဦးဝေပုလ္လ၏ အမိန့် ကြောင့် ကျွန်ုပ်တို့ ကာလသားတသိုက် တောရကျောင်းရှိရာသို့
လက်ဘက်ရည်ဆိုင်မှ ဖုတ်ဖက်ခါ ထွက်ခဲ့ကြ၏။ တောရကျောင်းဝင်း အတွင်းသို့ ကျွန်ုပ်တို့ ရောက်ရှိချိန်၌
လှဝင်းရီသည် မီးတင်းကုပ်မှ ဆွမ်းစားကျောင်း ခြေရင်းရှိ ရင်ကွဲဇရပ်ပျက်ပေါ်တွင် ပြောင်းရွှေ့
စံမြန်းနေသည်ကို တွေ့ရ၏။ ထို အခိုက် နွေဥသြသည် မည်သို့ စိတ်ကူးပေါက်သည် မသိ၊ ဥသြ ဥသြနှင့်
တသြတည်း သြနေလေရာ လွန်စွာမှပင် နားကြားပြင်း ကပ်စရာ ကောင်းလှတော့သည်။ ဥသြ တခွန်း ယင်
တစွန်း ဟူသည့် စကားအတိုင်း ခေါပဏီ ယင်တပ်ကြီးသည် လှဝင်းရီ၏ မျက်နှာပေါ်တွင် လူလွန့်
ပျံသန်းပြီး တ၀ီဝီ မြည် သော အသံကို ပြု၏။

ငယ်စဉ်အခါက ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးနှယ်
အလှသွေးကြွယ်ခဲ့သူ လှဝင်းရီသည် ယခုအခါတွင် ငါးကျည်းခြောက် ကျပ်တိုက် အသွင်ကိုဆောင်၍
နေ၏။ အသက်ပျောက်ခဲ့သည်မှာ အတော်ပင်ကြာပြီ ဖြစ်သောကြောင့် မသာကောင်မှာ ရေခဲရိုက်ထားသည့်
ငါးကြီးပမာ တောင့်တောင့် တင်းတင်းကြီး ဖြစ် နေ၏။

ငယ်သံယောဇဉ်ကြောင့် ကျွန်ုပ်သည် လှဝင်းရီ၏
အနီးသို့ အသာချဉ်းကာ ကြည့်ရှုမိသည်။ ပြာနှမ်းနှမ်း နှုတ်ခမ်းပါးထက်တွင် အပြုံးကလေးတပွင့်
တင်ကျန်နေသည်ကို တွေ့ရ၏။ လှဝင်းရီကား သေသော် လည်း အပြုံးမပျက်ချေ။ သေပန်းပွင့်သည်ဟု
ဆိုရကောင်း၏။ “ အို ဒွန္နယာကြီး သင် မည်မျှပင် ဆိုခဲ့ စေကာမူ သင့်ကို ကျွန်ုပ် မေတ္တာမပျက်ပါ”
ဟု ပြုံးပြုံးကလေး လုပ်၍ နှုတ်ဆက်သွားခြင်း ဖြစ်ချေသ လော။ သို့တည်းမဟုတ် သေခါနီး ဂတိနိမိတ်
ထင်ဟပ်လာချိန်တွင် အတိတ် နိမိတ်ကောင်းများကို မြင်တွေ့သွားခဲ့သောကြောင့် ကျေနပ်အားရဖြစ်ကာ
ပြုံးသွားခဲ့ခြင်း ဖြစ်ချေသလော။ သို့သော် လှဝင်းရီ၏ ဘယ်ဘက် နှုတ်ခမ်းထောင့်ကလေးမှာ အနည်းငယ်
တွန့်၍ နေသောကြောင့် လှဝင်းရီ သည် သေခါနီးတွင် လောကကြီးကို စိတ်အနာကြီး နာကျည်းကာ မဲ့ပြုံး
ပြုံးပြသွားခြင်း ဖြစ်တန်ရာ၏ ဟု ကျွန်ုပ် မနေနိုင် မထိုင်နိုင် တွေးမိသည်။

ထိုစဉ် “ဟဲ့ ကျပ်ခိုး အလောင်းနားမှာ ဘာ
မယောင်ရာ ဆီလူး လုပ်နေတာတုံး” ဟုသည့် ဆရာတော်၏ အသံကို ရုတ်ခြည်း ကြားလိုက်ရ၏။ ထို့ကြောင့်
ကျွန်ုပ်လည်း ပါးစပ်ထဲရှိရာ “တပည့်တော် အလောင်း ကို စောင့်နေတာပါဖျာ့” ဟု လျှောက်ထားလိုက်သည်။
“တောက်တီးတောက်တဲ့ နေ့ခင်းကြောင်တောင် အလောင်းစောင့်ရအောင် ဒီမသာကောင်ကြီးကို ဘယ်ကောင်မှ
မ မပြေးဘူး။ မင်း အခု ချက်ချင်း သစ်ဆိုင်ကိုသွားပြီး တလားစပ်ရအောင် သစ်အလှူခံချေ” ဟူသည့်
ဆရာတော့် အမိန့်အဆုံး၌ ကျွန်ုပ် သည် အလောင်းအနီးမှ ခွာ၍ သစ်ဆိုင်သို့ ပြေးရလေ၏။

သစ်ဆိုင်ပိုင်ရှင်သည် ကျွန်ုပ်ကို မြင်သော်
“ဟေ့ရောင် ကျပ်ခိုး ဒီတစ်ခါ ဘယ်သူ့ အလှည့်တုံး” ဟု တခွန်း မေး၏။ ထို့နောက် “မင့် အလှည့်ရော
နီးပြီလား” ဟု နောက်တခွန်း ဆိုပြန်သည်။ ကျွန်ုပ်လည်း စိတ်ပေါက်လာသည်နှင့် “ဦးလေးရဲ့
လှဝင်းရီလေ ဦးလေးရဲ့။ ကျွန်တော်က ဦးလေးနောက်မှ သွားမှာ” ဟု ပြန်ပက်လိုက်၏။ သစ်ဆိုင်ပိုင်ရှင်သည်
“လှဝင်းရီ” ဟူသည့် အသံကို ကြားသော် ပြာယီးပြာယာ ဖြစ်သွားလေ၏။ “မင်းတို့ ဘယ်လို စီစဉ်ထားသလဲ။
အခု အလောင်းကို ဘယ်မှာထားသလဲ” ဟု ဆို၏။ “လှဝင်းရီက တောကျောင်းထဲက သီလရှင် ဇရပ်မှာကပ်နေရတာကို
ဦးလေး အသိသားနဲ့။ အလောင်း ကို ကျောင်းထဲက ဇရပ်မှာ မထားလို့။ ဦးလေးတို့ အိမ်ဦးခန်းမှာ
လာပြီး ထားရမှာလား” ဟု ကျွန်ုပ် ယဉ်ကျေးစွာ ပြန်လည် ဖြေကြားလိုက်သည်။ ထိုသို့ဆိုလိုက်သော်
သစ်ဆိုင်ရှင်က “ ဟ ကျပ်ခိုး မင်း ဟာလေ အတော် ပြောရဆိုရ ခက်ပါကလား၊ လှဝင်းရီက ရိုးရိုးသေတာ
မဟုတ်ဘူး။ ဒီတော့ကာ အလောင်းမှာ ပိုးတွေ မွှားတွေ ရှိရင် ရှိနေအုံးမှာ။ မင်းတို့ အလောင်းကို
ပလပ်စတစ်နဲ့ သေသေချာချာ ထုပ်။ ပြီးရင် အရိုးပါ ပြာကျအောင် မီးသဂြိုဟ်ရမယ်” ဟု ဆရာလုပ်လေ၏။
ထို့နောက် “မင်းတို့တွေနဲ့ သည်အတိုင်း ပစ်ထားလို့ မဖြစ်တော့ပါဘူး။ ငါကိုယ်တိုင် ဆရာတော့်ကို
လာလျှောက်ပြီး စီစဉ်မှ ဖြစ်တော့မယ်” ဟု သူသိ သူတတ် လေသံဖြင့် အကျောတင် စကားကို ဆိုလေ၏။
ကျွန်ုပ်လည်း စကားအပို မဆိုလိုသောကြောင့် ခပ်မဆိတ် နေလိုက်၏။

(၃)

သေလျှင် ကိစ္စ ပြီးပြီ၊ ပြဿနာ ရှင်းပြီ ဟု
အချို့သူတို့ ပြောဆိုကြသည်ကို ကြားဖူးပါ၏။ မည်သို့ မည်ပုံ ပြီးပြတ် ရှင်းလင်း သွားသည်ကို
ကျွန်ုပ် မသိ။ ကျွန်ုပ်သိသည်မှာ လူသေလျှင် အတော်ပင် အလုပ်ရှုပ် သည် ဟူ၍သာ ဖြစ်၏။ သေသောသူက
သေပြီးပြီ။ ထို့ကြောင့် ကျန်သောသူတို့က ရပ်ကွက်လူကြီးကို သတင်းပို့ရသည်။ သေဆုံးခြင်း
အတည်ပြုကြောင်း ထောက်ခံစာကို ရပ်ကွက်ရုံးမှ ရယူရမည်။ ထို့နောက် ဆေးရုံသို့ သွား၍ ဖွားသေစာရင်း
တာဝန်ခံထံ အစီရင်ခံရမည်။ ဖွားသေစာရင်း တာဝန်ခံ စိတ်အလို မကျလျှင် လက်ဘက်ရည်ဖိုး ထွက်တတ်သည်။
လက်ဘက်ရည်ဘိုး မကုန်လိုပါက တနေကုန် သွားတတ်သည်။ အလိုက်သိမှ အလုပ်ဖြစ်သည့် လောက မဟုတ်လော။

သေသောသူ သင်းသင်းသည် သုသာန်သို့ သက်သက်သာသာ
သွားသေသည် ဟုသည့် သ အက္ခရာ ဖြင့် စီရင်ရေးဖွဲ့ထားသည့် ကလေးကဗျာကို ကျွန်ုပ်တို့ အားလုံးလိုလို
ရွတ်ဆိုဖူးကြသည်။ ယခု သေသူ မှာ သင်းသင်း မဟုတ်၊ လှဝင်းရီ ဖြစ်သောကြောင့် သုသာန်သို့
သူကိုယ်တိုင် မသွားတတ်။ ထို့ကြောင့် ကျန်ရစ်သူတို့က လိုက်လံ ပို့ဆောင်ရတော့မည်။ လိုက်ပို့သည်ဟု
ဆိုရာတွင် အလောင်းကို သည်အ တိုင်း ပို့၍ မရ။ အနည်းဆုံး ဖျာလိပ်နှင့် ပတ်ချရန် သပေါ့ဖျာ
လိုသည်။ တလားလိုသည်။ သုဿန်သို့ မပို့ဆောင်မီတွင် အလောင်း တင်ထားရန် ၀ါးကပ်လိုသည်။ ၀ါးကပ်လုပ်ရသည်မှာ
စည်းကမ်း ထွေပြား လှပါဘိတောင်း။ ၀ါးကို ခုတ်ချင်တိုင် မခုတ်ရ။ ၀ါးရုံပင်စောင့် ရုက္ခစိုးထံတွင်
ခွင့်ပန်ရသေးသည်။ ၀ါးခုတ်ရာတွင် စုံ ဂဏန်း၊ မ ဂဏန်း စသည့် စည်းမျဉ်း စည်းကမ်းတို့ ရှိသေးသည်။  ထို့ပြင် လူသေခြင်း နှင့် လပြည့် လကွယ်ခြင်း မည်သို့
ဆက်စပ်နေသည်ကို မည်သူမျှ တိတိကျကျ မဆိုနိုင်သော်လည်း ရပ်ဓလေ့ထုံးစံအတိုင်း လပြည့်ရက်တွင်
သေလျှင် မည်သို့ ပြုရမည်။ လကွယ်ရက်တွင် သေလျှင် မည်သို့ ပြုရမည်။ နဂါးခေါင်း၊ နတ်နေ
ရှောင်ကြဉ်ရခြင်း စသည့် ရပ်ဓလေ့စဉ်လာတို့ ထွေပြားလှချေ၏။

သို့နှင့် လိုအပ်သော သစ်ဝါးတို့ စုံလင်သော်
ကျွန်ုပ်တို့ ခါတော်မီ လက်သမားတသိုက်သည် ခေါင်းစပ် ကြရလေ၏။ ရွေဘော် ထိုးသူထိုး၊ တူ
ကိုင်သူကိုင်၊ ပွဲလျက် ကပ်သူကပ်၊ ပန်းစက္ကူ ညှပ်သူညှပ်၊ ပန်းစာလုံး ရေးသူရေးနှင့် အလုပ်ရှုပ်
သွား၏။ ထိုသို့ အလုပ်များနေခိုက်တွင် တစ်ယောက်က “လှဝင်းရီ အသက် ဘယ်နှနှစ် ရှိပြီတုံး”
ဟု မေးလိုက်သည်ကို ရုတ်တရက် ကြားလိုက်ရ၏။ မည်သူမျှ ရေရေ ရာရာ မပြောနိုင်။ ထိုစဉ် “အ၀င်း
က ငါအောက် သုံးနှစ်နှစ်ငယ်တယ်၊ ဒီတော့ကာ သူ သုံးဆယ့်ငါးနှစ် ကျော်ကျော်၊ သုံးဆယ့်ခြောက်နှစ်ထဲမှာပေါ့”
ဟူသော ဘဲဥ၏ ခြောက်ကပ်ကပ် ဖြေသံကို ကြားရလေ၏။ “သြော် ဘဲဥ အမှတ်သညာ ကောင်းလှချေလား” ဟု
ကျွန်ုပ် တီးတိုး ရေရွတ်မိသည်။

အရပ်ကောင်းသဖြင့် လှဝင်းရီ အလောင်းလှသွားသည်ဟု
ဆိုသော် ဆိုရကောင်း၏။ မကောင်းခံနိုင် ရိုးလား။ စီစဉ်သူတို့မှာ ကျွန်ုပ်တို့ လူသိုက်ဖြစ်သောကြောင့်
အလောင်းလှသည်မှာ မြေကြီးလက်ခတ် မလွဲပင်တည့်။ စင်စစ် တလားတွင် ကပ်ထားသည့် ပန်းစက္ကူတို့မှာ
ကပ်ချင်တိုင်း ကပ်ထားသော ကြောင့် အတော်ပင် မျက်စိနောက်စရာ ကောင်းလှ၏။ အသေအချာကြည့်လျှင်
ကျွန်ုပ်တို့ စိတ်တိုင်းကျ မွမ်းမံထားသည့် အသည်း နှလုံးပုံ၊ ညောင်ရွက်ပုံ၊ ကြာပန်းပုံ
အစရှိသည့် အပြင်အဆင် ဒွါရယာများကို တွေ့နိုင်မည် ဖြစ်သည်။ လိုက်ကာစ တရုတ်ပိတ် ဖြူဖြဲဖြဲ
ထက်တွင် ရောင်စုံ စက္ကူ နှင်းဆီပန်းတို့ စွင့်စွင့် ကားကား နေရာယူထားကြ၏။ အလို တလားပေါ်မှာ
အုန်းရွက်နဲ့ လုပ်ထားတဲ့ ပျံလွှားလေး တကောင် နားလို့ ပါကလား။

မောင်ကျပ်ခိုး

ကောင်းကင် - လှဝင်းရီ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top