(၄)
သုံးရက်မြောက်သော်
လှဝင်းရီကို သုသာန်သို့ လိုက်လံ ပို့ဆောင်ရလေ၏။ လှဝင်းရီ၏ နောက်ဆုံးခရီး သည် တောရကျောင်း
ဆရာတော်၏ တရား ဆုံးမစကား၊ သီလရှင်တို့၏ သံဝေဂ လင်္ကာရွတ်သံတို့ ကြောင့် အတော်ပင် ငြိမ်းချမ်းလှပါပေ၏။
ကျွန်ုပ်တို့ မသာပို့သူ တသိုက်ပင်လျှင် ယခင်အခါလို ဟေး လားဝါးလား မလုပ်မိကြချေ။ မည်သည့်
ဘုံဘ၀၊ ဌာနသို့ ရောက်နေပြီမှန်း မသိရသည့် လှဝင်းရီ အတွက် ကျွန်ုပ်တို့ ပြုဖူးသည့် ကုသိုလ်ကောင်းမှုတို့ကို
ခြစ်ချုတ် ဆင်ခြင်၍ အမျှပေးဝေလိုက်ကြ၏။
သုသာန်စည်းရိုး
တလျှောက်တွင် အလေ့ကျပေါက်နေသည့် ဗုဒ္ဓသရဏံပန်းတို့ ရဲပဒေါင်းခတ်အောင် ဖူးပွင့်နေ၏။ လေအဝှေ့တွင်
ဗုဒ္ဓသရဏံပန်းတို့ လူးလွန့်နေသည်မှာ ခုနစ်ထွေ ရုပ်သေးပွဲစင်တွင် ဇော်ဂျီရုပ်ကလေး ကနေသည်နှင့်ပင်
တူသေး၏။
လှဝင်းရီသည် သွေးရိုးသားရိုး
သေဆုံးခြင်းမဟုတ်၊ ဆန်းဆန်းပြားပြား သေဆုံးခြင်းဖြစ်သဖြင့် အလောင်းကို အရိုးပြာကျအောင်
မီးသင်္ဂြိုဟ်ရမည် ဟူသည့် ဆရာတော့် အမိန့်ကြောင့် ကျွန်ုပ်တို့ လူသိုက်သည် လှဝင်းရီကို
မီးပြင်းတိုက်ရန် ပြုရလေသည်။ နွေနေ့လယ်အချိန်တွင် မီးသင်္ဂြိုဟ်ရသည် မှာ အလွန် ပင်ပန်းလှသည့်
အလုပ်ပင် ဖြစ်သည်။ သို့သော်လည်း ဆရာတော့်စကားကို ပယ်ရှားရန် မဖြစ်နိုင်။ သမှည့်၊ ကနစို
အမြစ်ဆုံကြီးများကို ထင်းအဖြစ်စီမံပြီး လှဝင်းရီကို ထိုထင်းပုံကြီးပေါ်တွင် မှောက်ခုံ
တင်လိုက်၏။
“ကဲ မီးစတိုက်ရအောင်
ကျပ်ခိုးရေ၊ မော်တော်ကား တာယာတွေ ယူခဲ့အုံး။ ရေနံဆီဖြန်း ပြီးရင် ပုံးကို ၀ါးရုံတောနားမှာ
သွားထားချေ။ တော်ကြာ ရေနံဆီပုံး မီးထတောက်လို့ ငါတို့ပါ လှဝင်းရီနောက် လိုက်နေရအုံးမယ်”
ဟူသည့် ကာလသားခေါင်း ဆင်ပေါက်၏ စကားအဆုံးတွင် ကျွန်ုပ်တို့သည် အလောင်းကို မီးသင်္ဂြိုဟ်ရန်
စတင် ပြင်ဆင်ကြ၏။
ထိုအခိုက် “ခဏနေအုံး
အလောင်းကို မီးမတိုက်နဲ့အုံး” ဟု ဘဲဥ လှမ်းပြောလိုက်သည်ကို ကြားလိုက် ရ၏။ ဘဲဥသည် ကျွန်ုပ်တို့
လူသိုက်ကို တိုးဝှေ့ကျော်လွှားပြီး အလောင်းနားသို့ ချဉ်းကပ်သွားသည်။ အလို သူ့လက်ထဲတွင်
သနပ်ခါးတုံးကလေး ကိုင်လို့ ပါကလား။ ဘဲဥသည် မှောက်ခုံကြီးဖြစ်သော လှဝင်းရီ အလောင်းနံဘေးတွင်
သနပ်ခါးတုံးကလေးကို ကိုင်၍ ငူငူကြီး ရပ်နေ၏။ သနပ်ခါးတုံးကို လှဝင်းရီ၏ ကျောက်ကုန်းထက်တွင်
တင်ထားရကောင်းနိုး၊ သို့တည်းမဟုတ် ပေါင်တံပေါ်တွင် တင်ထားရကောင်းနိုး သို့တည်းမဟုတ်
အလောင်းအောက်သို့ ထိုးထည့်လိုက်ရကောင်းနိုး အမျိုးမျိုး တွေးတောကာ ဇဝေဇ၀ါ ဖြစ်နေရှာဟန်တူသည်။
အတန်ကြာမှ သနပ်ခါးတုံးကလေးကို လှဝင်းရီ၏ လက်ပြင်ထက်တွင် အသာ နေရာချထားလိုက်လေသည်။ အတော်ပင်
ကဗျာမဆန်သည့် ဘဲဥ ဖြစ်ချေ၏။
ထိုအချင်းအရာကို
မြင်ရသောကြောင့် ကျွန်ုပ်တို့ လူသိုက် တဒင်္ဂမျှ မင်သက် မိန်းမောခြင်းသို့ ဆိုက် ရောက်သွား၏။
ကာလသားခေါင်း
ဆင်ပေါက်က “ဟေ့ရောင် ဘဲဥ မင်းမိန်းမ သနပ်ခါးတုံးကို ခိုးလာတာလားကွ။ တော်ကြာ သနပ်ခါးတုံး
ပျောက်တဲ့ အကြောင်းကို မင့်မိန်းမကြီး သိသွားရင် မင်းကို နားရင်းပါးရင်း တီးနေအုံးမယ်၊
မင်း ပြေးပေါက်မှားနေအုံးမယ်” ဟု ကျီစယ်လိုက်သည်တွင်မှ ကျွန်ုပ်တို့ လူသိုက်လည်း သတိပြန်ဝင်ကာ
မပြုံးဘဲ ၀ါးလုံးကွဲ ရယ်မိကြသည်။ ထို့ကြောင့် ဘဲဥသည် ရှက်အမ်းအမ်း ဖြစ်သွားပြီး မျက်လွှာကို
ချကာ မျက်လုံးကို ပေကလပ် ပေကလပ် ပြု၍ နောက်ဆုတ်သွားလေ၏။
ဆင်ပေါက်သည် သူကျီစယ်ပြီးခါမှ
နှုတ်လွန်သွားပြီ ဖြစ်ကြောင်း သတိပြုမိသည်။ ထို့ကြောင့် အခြေ အနေကို ထိန်းရန် အတွက်
“ဘဲဥရယ် လူဆိုတာ သေမျိုးချည်းပဲပေါ့ကွာ။ ဒီတော့ကာ မင်း ဟိုအ ကြောင်း ဒီအကြောင်းတွေ
လျှောက်တွေးမနေနဲ့။ လာကွာ အလောင်းကို မီးသင်္ဂြိုဟ်ရတာ ပူပါတယ်။ အုန်းရည်လေး ဘာလေး သောက်ရအောင်
အုန်းသီး သွားခူးကြမယ်” ဟု ဆိုရင်း ဘဲဥ ပုခုံးကို ဖက်ကာ သုသာန်အစပ်ရှိ အုန်းတောသို့
ထွက်ခွာသွားလေ၏။
ကျွန်ုပ်တို့
လူသိုက်လည်း အလေနတော အကြောင်းအရာတို့ကို စိတ်ကူးတည့်သလို ပြောရင်း အလောင်းကို မီးတိုက်ကြလေ၏။
သုသာန်တောင်ဘက်မှ ညောင်မုတ်ဆိတ်ပင်တို့သည် ကျွန်ုပ်တို့၏ အလေနတော စကားများကို နားစွင့်ရင်း
တဟဲဟဲ မြည်သံကို ပြုနေ၏။ မီးရှိန်ကြောင့် တချက်တချက် တွင် အလောင်းရုန်းထလာ၍ တံစူးဝါးဖြင့်
ထိုးရသေးသည်။ ထုံးစံ အတိုင်းဆိုလျှင် အလောင်းကို ထင်းပုံပေါ်တင်၊ ပြီးလျှင် မီးပြင်းတိုက်၊
မီးညွန့် မကျိုးအောင် နောက်ထပ် ထင်း ထည့်ထားခဲ့ပြီးလျှင် သုသာန်မှ ပြန်ကြယုံသာ ဖြစ်၏။
သို့သော်လည်း ယခုမူကား ဆရာတော့်အမိန့်ကြောင့် အရိုးကျသည့် အထိစောင့်၍ အရိုးကောက်ပြီး
မြေမြုပ်ရပြန်သောကြောင့် နေအတော်စောင်းခါမှ ကိစ္စပြီးပြတ် သွားလေသည်။
“ပစ္စည်း ပစ္စယတွေ
သိမ်းဟေ့၊ ပြီးရင် အိမ်ပြန်ကြရအောင်” ဟု ဆင်ပေါက် ဆော်သြလိုက်သဖြင့် ကျွန်ုပ်တို့သည်
မီးကြွင်းမီးကျန်တို့ကို ငြှိမ်းသတ်ပြီး သုသာန်မှ ဖုတ်ဖက်ခါ၍ ထွက်ခွာခဲ့ကြသည်။ သုသာန်မှ
မထွက်မီတွင် တယောက်သောသူက ဇီးခက်ကလေး တစ်ခက်ကို ချိုးယူပြီး လှဝင်းရီ၏ အရိုးတို့ မြှုပ်နှံထားရာ
မြေပုံကို အသာပုတ်၍ “ကဲ လှဝင်းရီ ရေ၊ ငါတို့နဲ့ ပြန်လိုက်ခဲ့” ဟု ဆိုကာ လိပ်ပြာ ခေါ်၏။
“အောင်မယ် မင်းက လှဝင်းရီ ဒီည ခေါ်သွားအုံး မလို့လားကွ။ မင်းတို့အိမ်က လူကြီး တွေ ပင်လယ်ဆင်းနေတယ်
ဆိုတော့ အတော်ပဲ ပေါ့ကွာ။ ဒါပေမယ့် အသံမထွက်စေနဲ့။ ဘေးအိမ်တွေ သိသွားအုံးမယ်” ဟု တစ်ယောက်က
နောက်လိုက်သည်။ သူ့စကားကြောင့် အားလုံး ပွဲကျသွား၏။ ဘဲဥ မျက်နှာထား တင်းခနဲ ဖြစ်သွား၏။
ကျွန်ုပ်မူကား လှဝင်းရီ လိုက်ပါလာသည်ဟု ဆိုသော ဇီးခက် ကလေးကို အားနာနာနှင့် ကြည့်မိ၏။
(၅)
မြို့အစပ်သို့
ရောက်လျှင် ဆင်ပေါက်က “ဒီနေ့ မီးသင်္ဂြိုဟ်ရတာ မပင်ပန်းဘူးလားဟေ့။ ဒီတော့ကာ ငါတို့ နည်းနည်းပါးပါးလောက်
ဝင်မော့လိုက်ကြရအောင်” ဟု ဆို၏။ ဆင်ပေါက်၏ အဆိုပြုချက်ကို ကျွန်ုပ်တို့ အားလုံး သဘောတူကြ၏။
ထို့ကြောင့် မြို့ဝင်လမ်းကြောင်းမှ သွေဖီကာ အရက်ဖြူဆိုင်သို့ ချဉ်းခဲ့၏။
အရက်တလုံးပြီး
တလုံးသောက်ရင်း ကျွန်ုပ်တို့ အားလုံး ရီတီတီ ရစ်တစ်တစ် ဖြစ်ကာ အတော်ပင် ထွေ သွားကြလေ၏။
ထိုအခိုက်တွင် တယောက်သောသူက “ဟေ့ ဘဲဥ မင်း ငိုင်လှချည်လားကွ” ဟု စကားစလိုက်သည်။ ဘဲဥကား
အင်းမလုပ် အဲမလုပ် ငူငူကြီး ထိုင်ကာ အရက်ကိုသာ ဖိသောက်နေ သည်။ ထိုသူကပင် ဆက်လက်၍ “ဟေ့ရောင်
ဘဲဥ မင်း လှဝင်းရီကလေးကို အလယ်ရေကျော်ဘက် ကို မ သွားတုန်းက မင့် မိန်းမကြီး ဆွေ့ဆွေ့ခုန်ပြီး
ကျန်ခဲ့တာ ငါ မှတ်မိသေးတယ်ကွ” ဟု အကြောင်း စပ်လျဉ်းခြင်း လုံးဝ မရှိဘဲ ရှေးဟောင်းနှောင်းဖြစ်တို့ကို
ပြန်လှန်ကာ ချီးခြောက် ရေနှူး လုပ်၏။ ထိုအချိန်အထိ ဘဲဥ နကမ္ပတိ လုပ်နေသေးသည်။ “ဟေ့ရောင်
ဘဲဥ ငါပြောတာကို ကြားရဲ့လားကွ။ ဘာဖြစ်လို့ တငူငူ တငိုင်ငိုင် ဖြစ်နေရတာတုံး။ မင်း မလဲကွာ
ဖာသည်ကိုများ စာဖွဲ့နေရသေးတယ် လို့ကွာ” ဟူသည့် ထိုသူ၏ ဖြေသိမ့်စကား အဆုံး၌ ဘဲဥ၏ လက်အတွင်းမှ
ငှဲ့လက်စ အရက်ပုလင်း သည် ၀ှီခနဲ လွင့်စဉ် ထွက်လာပြီး ထိုသူ၏ မျက်နှာနှင့် သစ္စာနှံလေ၏။
ထို့နောက် ဆိုင်ထဲတွင် ပုလင်း မိုး၊ ဖန်ခွက်မိုး ဗြုန်းစားကြီး ရွာချလေ၏။ ထိုးသူထိုး၊
ဆွဲသူဆွဲ၊ ပြေးသူပြေး၊ လိုက်သူလိုက်နှင့် ကျွန်ုပ်တို့ လူသိုက် ဖရိုဖရဲ ဖြစ်သွား၏။
လှဝင်းရီ လိုက်ပါလာသည် ဟုဆိုသော ဇီးခက်ကလေးသာ အရက်ဆိုင် တံခါးဝတွင် ကျန်ရစ်ခဲ့တော့သည်။
သူရံ အရက်ကို
ဧကော တခွက်သောက်မူ သုညံ ဆိတ်ငြိမ်၏။ ဒွိယံ နှစ်ခွက်သောက်မူ သူရံ ရဲရင့်၏။ တြိယော သုံးခွက်သောက်မူကား
သုနခေါ ခွေးဖြစ်ပါသလျှင်ကတည်း ဟူသည့် အရက်သမား ဂါထာကို မည်သူ ရေးဖွဲ့ခဲ့သည်ကို ကျွန်ုပ်
မသိချေ။ ထိုစကားသည် သွေးထွက်အောင် မှန်ကန်လှပါပေ၏။
ဖန်ခွက်၊ ပုလင်းတို့နှင့် ပစ်ကြ ခတ်ကြသည်ကြောင့် သွေးထွက်သံယို ဖြစ်သူ အတော်များသွားသည်ကို
လက်တွေ့ကြုံခဲ့ရ၏။
ကျွန်ုပ်မှာ ဘဲဥကို
ဆွဲရင်း ပြေးခဲ့ရသောကြောင့် အတော်ပင် မောဟိုက်သွားသည်။ ဘဲဥကို အိမ်ပြန်ပို့ ရန် စဉ်းစားမိသော်လည်း
အိမ်ပြန်ရောက်လျှင် နောက်ထပ် ပြဿနာများ ကြုံရဖွယ် ရှိသည်ကို တွေးမိ သောကြောင့် မြို့တွင်းမှ
တပ်ခေါက်ပြီး တောရကျောင်းရှိ ဆွမ်းစားဇရပ်တွင် တညတာ အိပ်စက်ခို အောင်း ရလေ၏။ ဆွမ်းစားဇရပ်ရှေ့ရှိ
ကွပ်ပျစ်အိုထက်တွင် ဆေးပေါ့လိပ် ကိုယ်စီနှင့် လဲလျောင်းရင်း တလက်လက် တောက်ပနေသည့် ကြယ်ကလေးများကို
အကြောင်းမဲ့ ငေးကြည့်မိသည်။ မည်သည့် စကားကိုမျှ မဆိုမိကြတော့ချေ။ အုန်းလက် လေတိုးသံ
တရှဲရှဲနှင့် အမှောင်ထု ပိန်းပိတ်ဖုံးနေသော အကာလ ညအခါတွင် ဘဲဥနှင့် ကျွန်ုပ်သည် ခြူးနဂါးဆေးပေါ့လိပ်၏
အရသာကို ခံစားရင်း ကျွန်ုပ်တို့၏ စိတ်အစဉ်ကို အတိတ်ဆီသို့ ရွှက်လွှင့်မိလေသတည်း။
(၆)
တောရကျောင်းတိုက်နှင့်
မနီးမဝေးတွင် ဖုန်းဆိုးကွင်းဟု ခေါ်သည့် ဆင်ခြေဖုံးရပ်ကွက် တခု ရှိ၏။ ထိုအရပ်သည် ရှေးယခင်က
ကြပ်တစ္ဆေတို့ ခိုအောင်း ပျော်မြူးရာ လယ်ကွင်းကြီး ဖြစ်ခဲ့ဖူးသည်ဟု အဆိုရှိသော်လည်း
မြို့ရွာ စည်ကားလာပြီးသည့်နောက်တွင် လက်လုပ်လက်စား ပျံကျသမားတို့၏ ဘူမိနက်သန် နေရာမှန်
ဖြစ်လာ၏။ ထိုလက်လုပ်လက်စား ပျံကျသမားတို့၏ ရင်သွေးငယ်များ ပညာရင်နို့ သောက်စို့ရာ ဖုန်းဆိုးကွင်းကျောင်းသည်
လှဝင်းရီ၊ ဘဲဥနှင့် ကျွန်ုပ်တို့ စတင် ဆုံဆည်းခဲ့ရာ အရပ်ပင်တည်း။
ဖုန်းဆိုးကွင်းကျောင်းသည်
လက်လုပ်လက်စားတို့ကို အမှီသဟဲပြုရသောကြောင့် အတော်ပင် ဆင်းရဲ သောကျောင်း ဖြစ်သည်။ သင်ကြားပို့ချမည့်
ဆရာ၊ ဆရာမ များစွာ မရှိချေ။ ကျောင်းအုပ်ဆရာကြီး တဦးတည်းသာ ရှိပြီး၊ ထိုကျောင်းအုပ်ဆရာကြီးသည်
သူငယ်တန်းမှ လေးတန်းအထိ ငါးကိုယ်ခွဲ၍ သင်ကြားသည်။ မိုးကျခါနီးတွင် ကျောင်းအမိုးအတွက်
ကျောင်းသားမိဘတို့ထံမှ ကျောင်းသားတဦး လျှင် ဓနိငါးပျစ်နှုန်းဖြင့် ကောက်ခံကာ အနောက်တောင်
မုတ်သုံကို အံတုရသည်။ မုတ်သုံလေ သရမ်းလျှင် ကျောင်းတခုလုံး သိမ့်သိမ့်တုန်နေတတ်သည်။
အကာမှာ ကျောင်းသားတဦးလျှင် ၀ါးတ လုံးနှုန်းဖြင့် ရရှိသည့် ၀ါးဖြင့် ရက်လုပ်ထားသည့်
ဝါးထရံ ဖြစ်သည်။ ကျောင်းသူကျောင်းသားတို့ လက်ဆော့ပြီး ထရံဖြဲခြင်းကြောင့် ထိုဝါးထရံကို
နှစ်စဉ်နှစ်တိုင်း အသစ်လဲရသည်။ ၀ါးထရံလဲချိန်တန် လျှင် ကျောင်းအုပ်ဆရာကြီးသည် ကျောင်းသူကျောင်းသားတို့ကို
ကျောင်းရှေ့ ဘောလုံးကွင်းတွင် စုရုံး စေပြီး “နက်ဖြန်ကျရင် ၀ါး တယောက်တလုံး ယူခဲ့ရမယ်။
မယူခဲ့တဲ့ကောင် ကြိမ်နဲ့ ဆော်မယ်” ဟူသည့် တိုတိုတုတ်တုတ်နှင့် အနှစ်သာရ ပြည့်ဝသော မိန့်ခွန်းကို ခြွှေတတ်၏။
ဖုန်းဆိုးကွင်းကျောင်းမှ
တောင်ဘက်သို့ မျှော်ကြည့်လိုက်လျှင် တောရကျောင်းရှိရာ ဥယျာဉ်ကုန်းသည် မြို့အစွန်တွင်
ထီးထီးကြီး တည်နေ၏။ တောရကျောင်းကို လွန်၍ ကြည့်လျှင်မူကား ညို့ညို့မှိုင်းမှိုင်း အုံဆိုင်းနေသည့်
ညောင်မုတ်ဆိတ်ပင်များနှင့် လွင့်လွင့်မားမား စွင့်ကားနေသည့် လက်ပံပင်ကြီး တပင် ကို
တွေ့ရပေမည်။ ထိုအရပ်သည် ကျွန်ုပ်တို့ မြို့ကလေး၏ သင်္ချိုင်းကုန်းရှိရာ အရပ် ဖြစ်၏။ ထိုသင်္ချိုင်း
ကုန်း အစပ်နားလောက်တွင် တမံတခု ရှိ၏။ တမံ ခြေရင်းတွင် ကြယ်မြင် လမြင် အမိုး၊ လေ၀င်
လေထွက် ကောင်းသည့် အကာ၊ ကြမ်းခုနစ်ချောင်း ကျိုးတို့ကျဲတဲ ခင်းထားသည့် တဲကလေးတလုံးရှိ
သည်။ ထိုတဲကလေးတွင် လှဝင်းရီဟူသည့် သတို့သမီးငယ်ကို အဖ သုသာန်စောင့်ကြီးနှင့် အမိ ပျံကျ
ဈေးသည်ကြီးတို့က ဖွားမြင်ခဲ့လေ၏။
ထိုစဉ်အခါက ကျွန်ုပ်တို့
မြို့ကလေးတွင် လူဦးရေနည်းပါးသည့်အလျောက် သေဆုံးသူလည်း အတော် ပင် နည်းပါး၏။ ထို့ကြောင့်
လှဝင်းရီ၏ အဖသည် လက်ဖျားငွေသီးသည့် သုသာန်စောင့်ကြီး မဟုတ်ခဲ့ ချေ။ မသာရှိသည့် ရက်တွင်သာ
ကျင်းတူး၊ ခေါင်းစပ် စသည့် အလုပ်မျိုး ရှိသည်။ ကျန်ရက်များတွင်မူ တမံထဲတွင် ကွန်ပစ်၊
လယ်ကွက်ထဲတွင် ဗျိုင်းထောင်၊ အရပ်ထဲလှည့်ကာ အုန်းသီးခူး၊ အိမ်သာကျင်း တူး စသည့် အလုပ်မျိုးစုံကို
လုပ်ကိုင်ပြီး အသက်မွေးရသည်။ အရပ်ထဲတွင် အမဲ၊ ၀က် ခိုးပေါ်လျှင် အူစား ခေါင်းစားနှုန်းဖြင့်
အမဲပေါ်၊ ၀က်ပေါ်ရာတွင် ဦးစီး ဆောင်ရွက် ပေးတတ်သည်။
လှဝင်းရီ၏ အမိမှာ
ဈေးသည် မည်ကာမတ္တမျှသာ ဖြစ်၏။ ရံဖန်ရံခါတွင် သုသာန်စည်းရိုးတလျှောက် အလေ့ကျပေါက်နေသော
ကင်ပွန်းချဉ်ရွက်၊ ခံတက်ရွက်၊ ကနေဖော့၊ ဍရင်ကောက်ညွန့် စသည်တို့ကို ခူးယူ ရောင်းချတတ်သည်။
ရံဖန်ရံခါတွင် ခင်ပွန်းသည် ဝေစုရလာသည့် အမဲအူ၊ ခေါင်း စသည်တို့ကို ပြုတ်ကာ ကျောင်းမုန့်ဈေးတန်းတွင်
အမဲအူပြုတ် လာရောင်းတတ်သည်။ ရံဖန်ရံခါတွင်မူ တမံမှ ရသည့် ငါးကလေးများကို အရပ်တကာ လှည့်လည်ကာ
ရောင်းချတတ်သေးသည်။ ဆောင်းဦးပေါက် ခင်ပွန်းသည် ငှက်ထောင်ချိန်တွင်မူ တုတ်တလုပ်၊ တုတ်ဆီ၊
ရေကြက်မ အစရှိသည့် ငှက်ကလေးများ တောင်းထဲထည့်ကာ ကုန်းလေးဈေးတွင် ရောင်းချတတ်သည်ကို
ကျွန်ုပ် ကောင်းစွာ မှတ်မိသေးသည်။
ကျွန်ုပ်တို့၏
ဖုန်းဆိုးကွင်းကျောင်းတွင် တစ္ဆေသရဲ ပုံပြင်များ အထူးပင် ရေပန်းစား၏။ ကျောင်းသား တဦးလျှင်
ဖြတ်ညှပ်ကပ် ကိုယ်တွေ့ တစ္ဆေသရဲပုံပြင် သုံးလေးပုဒ်မျှ ရှိသည်။ နေ့လယ် ကျောင်းလွှတ် ချိန်တွင်
ကျောင်းတော်သူ ကျောင်းတော်သားများ ပြောဆိုကြသည်တို့မှာ ကလေးမသာကို တူးဖော်ပြီး အောက်လမ်းဆရာတို့
ဆေးဖော်ကြပုံ၊ အစိမ်းမက မည်သူ့ကို ဂုတ်ချိုးသတ်လိုက်ပုံ စသည်တို့ ချည်း သာ ဖြစ်၏။ ညအခါ
ဖြောင့်ဖြောင့် မအိပ်ဝံ့။ ညအိပ်လျှင် ကုတင်အောက်တွင် အစိမ်းမ ရောက်နေပြီ လားဟု တွေးကာ
ကြောက်ရသည်။ ခွေးအူသံကြားလျှင် ကလေးမသာကို ဖုတ်ဝင်ပြီး ထလာခြင်း ဖြစ်သလော၊ သို့တည်းမဟုတ်
အလောင်းဖော်သည့် အောက်လမ်းဆရာကို အစိမ်းမ ကုတ်လိုက်ချိုး ခြင်း ဖြစ်ချေသလော သို့တည်းမဟုတ်
ကြပ်တစ္ဆေတို့ အသိုက်အမြုံ ပြောင်းရွှေ့ခြင်းပင်လော စသည့် ကြားဖူးနားဝ ဗဟုသုတတို့ဖြင့်
အမျိုးမျိုး အဖုံဖုံ တွေးတော ကြံဆ၍ ကြောက်အားပိုရသည်။
တစ္ဆေသရဲပုံပြင်များကို
အထူးနှစ်သက်သည့် ကျွန်ုပ်တို့ ကလေးတသိုက်ကြားတွင် သုသာန်အစပ်တွင် နေရသည့် လှဝင်းရီသည်
အတော်ပင် ပေါ်ပြူလာ ဖြစ်၏။ “အ၀င်း နင် ညတုန်းက သရဲနဲ့ တွေ့ခဲ့သေးသလား” ဟူသည့် အမေးကို
ကျွန်ုပ်တို့ နံနက်ခင်းတိုင်း မေးလေ့ရှိ၏။
ထိုအခါတိုင်း၌ လှဝင်းရီကလည်း တနေ့တမျိုး မရိုးနိုင်သည့် ဖြတ်ညှပ်ကပ် ကိုယ်တွေ့
လံကြုတ်ဇာတ်လမ်း အဖုံဖုံဖြင့် ကျွန်ုပ်တို့ မပျင်းရလေအောင် ဖြေဖျော်တတ်သည်။
ဖုန်းဆိုးကွင်းကျောင်းတွင်
ကစားခုန်စားပြုရန်နေရာဟူ၍ ဘောလုံးကွင်း တကွင်းသာ ရှိသည်။ ထိုဘောလုံးကွင်း၌ နေ့လယ်ခင်း
ကျောင်းလွှတ်ချိန်တွင် ယောက်ျားကလေးများက ဂေါ်လီလှိမ့်၊ သား ရေကွင်းပစ်၊ ဘောလုံးကန် ကြသည်။
မိန်းကလေးတို့က ဖန်ခုန်တမ်း၊ ဇယ်ခတ်တမ်း၊ ထမင်းဟင်းချက် တမ်း ကစားကြသည်။ တခါသော် ကျောင်းအုပ်ဆရာကြီးသည်
မည်သို့ စိတ်ကူးပေါက်လာသည် မသိ။ ကျောင်းသူကျောင်းသား အချင်းချင်း ပိုမိုရင်းနှီးလာစေရန်နှင့်
ကျန်းမာ သန်စွမ်းသည့် ကျောင်းတော်သူ ကျောင်းတော်သားများ ဖြစ်လာစေရန် အလို့ငှာ ကျားမ
မခွဲခြားဘဲ ကျောင်းသူ ကျောင်းသားတိုင်း အတူ ယှဉ်တွဲ ကစားနိုင်မည့် ထုပ်ဆီးတိုးတမ်း
ကစားနည်းကို ပြန်လည်ဖော်ထုတ်ကာ ကစားစေ၏။ ထို့ကြောင့် “ထမင်းရည်ပူ လောင်ပြီ၊ မလောင်ဘူး”
ဟူသည့် အသံများ ကျောင်းထဲတွင် ကြွက်ကြွက် ညံလေ၏။
နေ့ရက်တို့ ကြာညောင်းလာသော်
ကျောင်းသူကျောင်းသားတို့သည် လူသားပီပီ ထိုကစားနည်းကို မကစားလိုကြတော့ပြီ။ ထိုအခိုက်တွင်
လင်မယားလုပ်တမ်း ကစားနည်း ပေါ်ပေါက်လာလေ၏။ ထို ကစားနည်းကို ဖုန်းဆိုးကွင်းကျောင်းသို့
စတင်သယ်ဆောင်ခဲ့သူမှာ မည်သူဖြစ်သည်ကို ကျွန်ုပ် ကောင်း စွာ မသိလိုက်ချေ။ သို့သော်လည်း
လေးတန်း ကျောင်းသူကျောင်းသားတို့ ဖြစ်တန်ရာ၏ ဟု ကောက် ချက်ချသော် သင့်နိုးအံ့သည်။ ထိုလေးတန်း ကျောင်းသူ ကျောင်းသားတို့ စတင် ကစားသည့်
လင်မယားလုပ်တမ်း ကစားနည်းသည် ကျွန်ုပ်တို့ သူငယ်တန်းကလေး ကျောင်းသူကျောင်းသားများ ထံသို့
ချက်ချင်း ကူးစက်ခဲ့လေ၏။
နေ့လယ်နေ့ခင်း
မုန့်စားဆင်းချိန်တွင် ကျောင်းတော်သူ ကျောင်းတော်သား အပေါင်းသည် ကျောင်း ခေါင်းရင်းရှိ
ပိတောက်ပင်အိုကြီး၏ အရိပ်အာဝါသတွင် အိမ်ထောင်မှု ဗာဟီရ ကိစ္စတို့ဖြင့် အလုပ်ရှုပ် လေ၏။
အုန်းလက်နွားတရှဉ်းဖြင့် လယ်ထွန်သူ ထွန်၏။ ဆင်ငိုမြက်ကို ပျိုးလုပ်ကာ ပျိုးနုတ်သူ နုတ်၏။
ငပိရောင်းသူ ရောင်း၏။ ငပိရောင်းရသည်မှာ မခက်လှပါ။ သဲနှင့် ရေကို သမ မျှတအောင် ဖျော်စပ်
လိုက်လျှင် ငပိ ကောင်းကောင်း ရသည်သာ ဖြစ်၏။ ပုဏ္ဏရိက်ပန်းများကို ခူး၍ နှင်းဆီပန်းရောင်းတမ်း
ကစားသူ ကစား၏။ သုံးစွဲသည့် ငွေကြေးစနစ်မှာမူ သရက်ရွက်၊ ဗာဒံရွက် ငွေကြေးစနစ်ပင် ဖြစ်လေ၏။
ထိုသို့ ကျောင်းတော်သူ ကျောင်းတော်သားတို့ နေ့လယ်ခင်း မုန့်စားဆင်းချိန်တွင် ဃရာဝါသ
အိမ် ထောင့် တာဝန်များ ထမ်းရွက်နေကြရသည်ကို ကျောင်းအုပ်ဆရာကြီး သိရှိသွားသည့်အခါ ကျောင်းသူ
များ၏ လက်ဖ၀ါးနှင့် ကျောင်းသားတို့၏ တင်ပါးထက်တွင် အရှိုးရာ ထပ်လေတော့၏။ ထိုညနေ ကျောင်းဆင်းချိန်တွင်
ဘဲဥ အမှတ်မထင် ပြောခဲ့ဖူးသော “ငါ ကြီးလာရင် လှဝင်းရီကို ယူပြီး လယ်လုပ် မယ်” ဟူသည့်
ကြိမ်းဝါးသံကို ကျွန်ုပ် ယနေ့ထက်တိုင် ကြားယောင်မိသေးသည်။
မောင်ကျပ်ခိုး
ကောင်းကင် - လှဝင်းရီ




