23
Jan

လှဝင်းရီ အပိုင်း (၇)၊ (၈)၊ (၉)

(၇)

သို့နှင့် တဆောင်းဝင်၊
တနွေကုန်၊ တစ်မိုးကျ ပြီးသည့်နောက်တွင် လှဝင်းရီ၊ ဘဲဥနှင့် ကျွန်ုပ်တို့ သူငယ်တန်းကြီးသို့
ရောက်ခဲ့လေ၏။ သူငယ်တန်းကြီးတွင် စာအလွန်ခက်သဖြင့် အတော်ပင် ကြိုးစား ရသည်။ တနှစ်ထက်
တနှစ် အသက်အရွယ် ကြီးပြင်း လာသည်နှင့် အမျှ သင်ယူ လေ့လာစရာတို့ ပိုများလာ၏။ အသိဉာဏ်အကြားအမြင်
တိုးပွားလာ၏။ ပထမတန်းသို့ ရောက်ချိန်တွင်မူ အသိဉာဏ် တိုးပွားလာပြီးဖြစ်သည့် ကျောင်းတော်သူကြီးများက
လှဝင်းရီကို သုသာန်စောင့် စဏ္ဍာလ၏ သမီးဖြစ် သည် ဟူသော စွဲချက်ဖြင့် ၀ိုင်း၍ ကြဉ်ထားလိုက်လေ၏။

လူတဦး တယောက်ကို
လူ့အသိုင်းအ၀ိုင်းမှ ဖဲကြဉ်ထားခြင်းသည် အတော်ပင် ထိရောက်သော လက်နက်ဖြစ်သည်ကို ထိုစဉ်ကပင်
ကျွန်ုပ် ကောင်းစွာ သိရှိခဲ့သည်။ ထိုလက်နက်သည် သွေးမထွက် သည့် လက်နက်ဖြစ်သော်လည်း
ထိုးနှက်ခံရသူ၏ ကိုယ်စိတ်နှလုံးကို ပျက်ပြုန်းမွကြေ သွားစေနိုင် သည်။ ကျောင်းသူတို့၏
သွေးမထွက်သည့်နည်း ၀ါ အဟိံသာလမ်းစဉ်ဖြင့် ညှဉ်းပန်းခြင်းကြောင့် လှဝင်းရီတွင် သွားဖော်လာဖက်၊
ကစားဖော် ကစားဖက် မိန်းကလေး သူငယ်ချင်းဟူ၍ မရှိတော့ပြီ။ နေ့လယ်နေ့ခင်း မုန့်စားဆင်းချိန်တွင်
အတန်းထဲတွင် တဦးတည်း နေရစ်ခဲ့ရတော့သည်။

ဘဲဥသည် ကိုယ်စိတ်
ခက်ထန်သူ ဖြစ်သော်လည်း နူးညံ့သော စိတ်နှလုံးရှိသူ တဦးဖြစ်သည်ကို ကျွန်ုပ် ငယ်စဉ်ကပင်
သိ၏။ ဘဲဥသည် သူ့အောက် ငယ်သူ ကျွန်ုပ်ကို အစဉ် စောင့်ရှောက်သည်။ စွန်လုရင်း၊ သားရေကွင်းလုရင်း၊
တဦးနှင့် တဦး အားစမ်းရင်း ရန်ဖြစ်ကြသည့် အခါတိုင်း၌ ဘဲဥသည် ကျွန်ုပ်ဘက် မှ မားမားမတ်မတ်
ရပ်တည်ခဲ့သည်။ ဘဲဥ၏ လက်သံပြောင်မှုကြောင့် ကျွန်ုပ်သည် ငယ်စဉ်အခါမှ စ၍ သူတထူး၏ လေးစား
ခန့်ညားခြင်း ခံရသည်။

ယခု လှဝင်းရီကို
ကျောင်းသူတို့ ကြဉ်ထားသည်ကို ဘဲဥမြင်သည့်အခါ ဒေါသူပုန် ထသွားလေ၏။ စိတ် မြန် လက်မြန်ရှိသူ
ဘဲဥသည် လှဝင်းရီ၏ လက်ကို ဇိုးဇိုးဇတ်ဇတ် ဆွဲကာ ကျွန်ုပ်တို့၏ ထိုင်ခုံသို့ ခေါ် လာ၏။
လှဝင်းရီ၏ လွယ်အိတ်ကို ဖုန်းခနဲ မြည်အောင် ပစ်ချလိုက်၏။ “အ၀င်း နင် ငါတို့နဲ့ လာထိုင်
ချေ။ အဲဒီခုံမှာ နောက်ဘယ်တော့မှ သွားမထိုင်နဲ့ ကြားလား” ဟူသည့် ဘဲဥ၏ ငေါက်ဆတ်ဆတ် စကားသည်
လှဝင်းရီ၊ ဘဲဥနှင့် ကျွန်ုပ်တို့ နှလုံးသားများကို တဆက်တည်း တသားတည်း ဖြစ်သွား အောင်
ဂဟေဆော် လိုက်၏။ ထိုအချိန်မှစ၍ ကျွန်ုပ်သည် လှဝင်းရီ၏ တစ္ဆေသရဲ ပုံပြင်များကို တဦး
တည်း ဒိုင်ခံ နားထောင်ခွင့် ရတော့သတည်း။

သို့နှင့် ကျွန်ုပ်တို့
တတန်းပြီး တတန်း ကျော်လွှားကာ စတုတ္ထတန်းသို့ ရောက်ခဲ့၏။ ကျောင်းစာများ မှာလည်း တနှစ်ထက်
တနှစ် ပိုမို ခက်ခဲလာသည်။ တနှစ်တတန်း မှန်မှန် အောင်ရမည်ဟူသော မိဘများ၏ ရာဇသံကြောင့်
ကျွန်ုပ်တို့မှာ စာအုပ်နှင့် မျက်နှာ ခွာရသည် မရှိ။ နေ့တွင်လည်း စာ၊ ညတွင်လည်း စာ တစာစာ
ရေရွတ်ရင်း ကျောင်းသင်ခန်းစာများနှင့် နပန်းလုံးရလေသည်။ အတန်းတင် စာမေးပွဲဖြေပြီးသော်လည်း
စိတ်မဖြောင့်။ အောင်မှ အောင်ပါ့မလား ဟု ကြောင့်ကြ ရပြန်၏။ သို့နှင့် ပိတောက် ရွှေဝါတို့
ပွင့်ဖူးသည့် လတန်ခူးသို့ ရောက်ခဲ့၏။ နှစ်ဆန်း ၁ ရက်နေ့တွင် စာမေးပွဲ အောင်စာရင်း ထွက်မည်
ဟူသည်ကို ကြားသည့်အခါ လက်ထဲမှ ရေပြွတ် လွတ်ကျလုမတတ် ထိတ်လန့် တုန်လှုပ်မိသတည်း။

(၈)

နှစ်ဆန်း ၁ ရက်နေ့။

“ဟဲ့ အိပ်ရာက
ထတော့ ၊မျက်နှာသစ်ပြီးရင် အောင်စာရင်း သွားကြည့်ချေ၊ မအောင်ရင် သေဖို့ ပြင်ထား” ဟူသည့်
မာတာမိခင်၏ အကြင်နာ စကားများကြောင့် ကျွန်ုပ်သည် အိပ်ယာထက်မှ လေးတိ လေးကန် ထ၍ အောင်စာရင်း
ကြည့်ရန် ထွက်ခဲ့၏။ မိုးသောက်ခါနီးတွင် ရွာချထားသည့် မိုးကြောင့် မြေသင်းရနံ့တို့ သင်းထုံနေသည်။
ကျောင်းခေါင်းရင်းမှ ပိတောက်ပင်ကြီးမှာလည်း ရွှေသောအဆင်းကို ဆောင်၍ နေသည်။ ဘဲဥသည် ကျွန်ုပ်ထက်
ဝီရိယ ကောင်းသောကြောင့်  ကျောင်းသို့ ရောက်နှင့်
နေပြီ။ “ဟေ့ရောင် ကျပ်ခိုး မင်းအောင်တယ်” ဟူသည့် ဘဲဥ၏ အသံကို ကြားရပါမှ ကျွန်ုပ် အသက်ဝ
အောင် ရှုနိုင်တော့သည်။ “မင်းရော ဘယ်နှယ့်တုံး” ဟု ကျွန်ုပ် မေးလိုက်သည့်အခါ ဘဲဥက “ငါလဲအောင်တယ်”
ဟု ဖြေ၏။ ထို့နောက် “အ၀င်းလဲ အခုလေးတင်ပဲ အောင်စာရင်း လာကြည့် သွားတယ်ကွ။ သူကတော့ မအောင်ဝူး”
ဟု သတင်းပေး၏။

စင်စစ် စတုတ္ထတန်း
စာမေးပွဲ ကျရှုံးခြင်းသည် လှဝင်းရီ အတွက် အရေးပါသော အရာ မဟုတ်ချေ။ အကြောင်းမူကား ထိုစာမေးပွဲ
အောင်လျှင်လည်း မိဘများက ကျောင်းဆက်ထားနိုင်မည် မဟုတ်သော ကြောင့် ဖြစ်၏။ ထိုစာမေးပွဲသည်
လှဝင်းရီ၏ ဘ၀အတွက် မည်သို့မျှ မထူးခြားသည့် နောက်ဆုံးနှစ် စာမေးပွဲတခုသာ ဖြစ်ခဲ့လေ၏။

နောက်နှစ် ကျောင်းဖွင့်ချိန်တွင်
ဘဲဥနှင့် ကျွန်ုပ်တို့သည် မင်းလမ်းကျောင်းသို့ ရောက်သွားလေ၏။ မင်းလမ်းကျောင်းမှာ အထက်တန်းကျောင်း
ဖြစ်သည်။ ကျောင်းကို သဘောင်္ဆေး အ၀ါရောင် သုတ် ထားသည်။ ကျောင်းခြံစည်းရိုးမှာ လူကြီးတစ်ရပ်
ကျော်၏။ ထို့ထက် ပို၍ ထူးသည်မှာကား အရိုက် ကြမ်းသည့် ဆရာများ ရှိခြင်း ဖြစ်သည်။ ထိုကျောင်းမှ
ဆရာတို့သည် အာဏာပါးကွက်သားများကဲ့သို့ အရိုက်သန်၏။ ပုဆိုး ချက်ပြုတ် ၀တ်လျှင်လည်း ရိုက်၏။
ဖိနပ် ရှပ်တိုက် စီးလျှင် ရိုက်၏။ ပါးကွက် ကွက်လျှင် ရိုက်၏။  အတန်းထဲတွင် ပြေးလျှင် ရိုက်၏။ လေချွန်လျှင် ရိုက်၏။
စိတ်မထင်လျှင် မထင် သလို ရိုက်တတ်သည်။ ထို့ကြောင့် မျက်နှာသစ် နှစ်ဦးဖြစ်သူ ဘဲဥနှင့်
ကျွန်ုပ်မှာ အသံကျယ်ကျယ် မထွက်ရဲ။

ထိုကျောင်းတွင်
ဆရာတို့၏ ရန်ကို ကြောက်ရယုံမျှသာမက ကျောင်းသားဟောင်းများ၏ ရန်ကိုလည်း တတ်နိုင်သမျှ
ရှောင်ရှားရသည်။ ကျောင်းသားဟောင်း အများစုမှာ မြို့ထဲရပ်ကွက်များတွင် နေသူ လူရည်လည်သူတို့၏  သားသမီးများ ဖြစ်သောကြောင့် အလွန်ပင် လူပါးဝ၏။ ဆရာမများကို
ကုန်းချော ခြင်း၊ အတိုင်ကြောထူခြင်း စသည့် အတတ်တို့၌ တစ်ဖက်ကမ်းခတ်အောင် ကုန်စင် တတ်မြောက်ထား
ပြီးသူများ ဖြစ်သည်။ ထိုလူပါးဝသည့် ကျောင်းသားတို့သည် ဖုန်းဆိုးကွင်းကျောင်းမှ ပြောင်းလာသူ
ဘဲဥနှင့် ကျွန်ုပ်တို့ကို အဟိံသာ လမ်းစဉ်ဖြင့် ညှဉ်းပန်းကြလေ၏။ ကျွန်ုပ်တို့ နှစ်ဦးကို
ကြဉ်ထား၏။ ပုံနှိပ်စာအုပ်များကို ဖွက်သူဖွက်၊ ထိုင်ခုံများတွင် ၀ါးပြီးသား ပီကေများ
ကပ်သူကပ်၊ နေ့လယ် ကျောင်း ဆင်းခါနီးတွင် ထမင်းဘူး ဖွက်သူ မရှား။ ကျောင်းဆင်းချိန်တွင်
စက်ဘီး လေလျှော့သူ မရှား။ အတော်ပင် ဆိုးရွားသည့် ကျောင်းသားများ ဖြစ်ချေ၏ တကား။ တခါတရံ
ကျွန်ုပ်တို့ သည်းမခံနိုင်၍ လက်ပါမိလျှင်မူ ရန်လာစသူကပင် လက်ဦးမှု ရယူပြီး ဆရာမများနှင့်
တိုင်တတ်သည်။ ထို့ကြောင့် ဘဲဥနှင့် ကျွန်ုပ်မှာ သူတပါး ညှဉ်းဆဲသည်ကို ခံယူရင်းနှင့်
ကျောင်းသားဆိုးများ ဖြစ်သွားလေ၏။

ထိုမင်းလမ်းကျောင်းတွင်
ကျွန်ုပ်တို့ နှစ်ဦးလုံး မပျော်ပိုက်ကြချေ။ ထိုကျောင်းသို့ သွားရသည်မှာ ငရဲတွင်းသို့
သွားနေရသည့် အလား၊ အတော်  စိတ်ဆင်းရဲစရာ ဖြစ်၏။

ထိုစဉ်က ကျွန်ုပ်တို့
မြို့ကလေးတွင် မော်လမြိုင်ဘက်မှ မှောင်ခိုလမ်းကြောင်းဖြင့် ၀င်ရောက်လာသော BMX စက်ဘီးကလေးများ
အတော် ခေတ်စား၏။ ဘဲဥ၏ မိဘများက ပဉ္စမတန်း ကျောင်းသားကြီး ဘဲဥ အတွက် BMX စက်ဘီး တစ်စီး
ဝယ်ပေးလိုက်သည်။ ဘဲဥသည် ကျွန်ုပ်ကို စက်ဘီး ဘားတန်းပေါ်တွင် ထိုင်စေပြီး မြို့ပတ်၍ မမောနိုင်
မပန်းနိုင် နင်းတတ်သည်။ BMX စက်ဘီးကလေးဖြင့် ကျောင်းသွား ကျောင်းပြန် လုပ်ရသည်မှာ
အတော်ပင် ဂုဏ်ရှိလှ၏။ စက်ဘီး စီးရသည်မှာ အတော်ပင် ပျော်စရာ ကောင်းသော်လည်း ကျောင်းတွင်းသို့
ရောက်သည့်အခါ ဘဲဥ၏ စက်ဘီးကို မျက်စိကျနေသည့် ကျောင်းသားဟောင်းတို့၏ ရန်ကို တွေးကာ ပူရပြန်သည်။
စာသင်ရသည်မှာ မဖြောင့်တော့။ စက်ဘီး လေလျှော့သူ၊ ကျွတ်တိုင်ဖြုတ်ပြီး လွှင့်ပစ်တတ်သူတို့ကြောင့်
အတော် စိတ်ဆင်းရဲရ ပြန်သည်။

တနေ့ ကျောင်းသို့
သွားခိုက်တွင် ဘဲဥသည် မည်သို့ စိတ်ကူးပေါက်သည် မသိ။ ကျောင်းဘက်သို့ မသွား။ မင်းလမ်းကို
ရှောင်ကွင်း၍ နိဗ္ဗာန်လမ်းဘက်သို့ ဦးတည်လိုက်၏။ “ဟေ့ရောင် ဘဲဥ မင်း ဘယ်ကို သွားမလို့တုံး”
ဟု ကျွန်ုပ် မေးလိုက်သော် ဘဲဥသည် ပြုံးဖြီးဖြီး မျက်နှာထားဖြင့် “ကျပ်ခိုး လျှာမရှည်နဲ့”
ဟု ဆို၏။ သို့နှင့် ကျွန်ုပ်တို့ ဖုန်းဆိုးကွင်း ကျောင်းနားသို့ပင် ရောက်ခဲ့လေ၏။ ဘဲဥကား
မရပ်သေး။ စက်ဘီးကို အသားကုန် ကျုံးနင်း ပြန်၏။ ထို့နောက် မြို့အထွက်ရှိ ကျိုက်ထီးရိုးလေး
စေတီ တော်နားသို့ ရောက်မှ စက်ဘီးကို တုံ့ခနဲ့ ရပ်လိုက်သည်။ ဘဲဥ ၏ အပြုအမူတို့ကို ကျွန်ုပ်
နားမလည် နိုင်တော့ချေ။ “ဟေ့ရောင် ဘဲဥ ကျောင်းနောက်ကျနေပြီ၊ ဘယ်လို လုပ်မလဲ” ဟု အလန့်တကြား
ဆိုမိ၏။ “ဘယ်လိုမှ မလုပ်နဲ့ ” ဟူသည့် အဖြေကိုသာ ဘဲဥထံမှ ပြန်ရလိုက်၏။ ထို့နောက် ဘဲဥက
ပြုံး တုံးတုံး လုပ်ကာ “ကဲ ကျပ်ခိုး စက်ဘီးပေါ်ကို ပြန်တက်၊ ငါ ဒီနေ့ ကျောင်းမတက်ချင်ဘူး”
ဟု ဆိုလေ၏။

လိုရင်းတိုရှင်း
ဆိုရလျှင် ထို့နေ့တွင် ဘဲဥနှင့် ကျွန်ုပ်တို့ ကျောင်းပြေးပြီး လှဝင်းရီဆီသို့ အလည်အပတ်
သွားကြ၏။ မိုးဦးကျကာလ ဖြစ်သောကြောင့် သုသာန်လမ်းတလျှောက် ဗွက်ပေါက်နေ၏။ သုဿန် အစပ်
လယ်ကွက်ထဲမှ ဖားတို့ အုံးအင် တေးသီဖွဲ့သည်ကို ကြားရ၏။

လှဝင်းရီတို့
အိမ်ရှေ့သို့ ကျွန်ုပ်တို့ နှစ်ဦး ခြေချမိလျှင် အသားညိုစိမ့်စိမ့်နှင့် ပါးစောင်တွင်
ဆေးပေါ့ လိပ်တို ခဲထားသော ယောကျာ်းကြီးတဦး 
ပိုက်ဖာနေသည်ကိုသာ တွေ့ရ၏။ ကျောင်းစိမ်းဝတ်စုံနှင့် ကလေးနှစ်ဦး အိမ်ရှေ့ရောက်လာသဖြင့်
သူ ဇဝေဇ၀ါ ဖြစ်သွားဟန် တူသည်။ ထို့ကြောင့် ကျွန်ုပ်တို့ နှစ်ဦးကို “မင်းတို့ ဘယ်ကလာတာတုံး။
ဘာလာ လုပ်တာတုံး။ ဘယ်ကို သွားမလို့တုံး” စသည့် သတင်းထောက် လက်သုံး “ဘ” ကုန်း မေးခွန်းများဖြင့်
တရစပ် နှိပ်စက်၏။ နှုတ်သွက်လျှာသွက်ရှိသူ ဘဲဥက အကျိုးသင့် အကြောင်းသင့် ဖြေလိုက်သော်
ထိုသူက “မင်းတို့ သူငယ်ချင်းက တမံဘက်ကို သူ့ မအေနဲ့ ထွက်သွားတယ်ကွ။ မင်းတို့ ဒီက စောင့်ချင်စောင့်ချေ။
မစောင့်ချင်ရင် လိုက်ခေါ်ချေ” ဟု အဘိ ယာစက ပြု၏။ ထို့ကြောင့် ကျွန်ုပ်တို့ ဧည့်သည်တော်နှစ်ဦးသည်
တမံဘက်သို့ သုတ်ခြေတင်ရ ပြန်၏။

တမံစောင်း ရေစပ်တွင်
လှဝင်းရီကို တွေ့ရပါပြီ။ လှဝင်းရီက ကျွန်ုပ်တို့ကို မမြင်သေး။ ရေထဲတွင် ကုန်းကုန်း
ကုန်းကုန်းနှင့် ဘာလုပ်နေသည် မသိ။ ခေါင်းမဖော်နိုင်အောင် အလုပ်များနေ၏။  ထိုစဉ် ဘဲဥက “ဟေ့ ကြပ်ခိုး လှဝင်းရီ သွားမခေါ်လိုက်နဲ့အုံး။
သူ့ကို စရအောင်” ဆို၏။ ဘဲဥ၏ ချစ်စနိုး ကျီစယ်ပုံမှာ အတော်ပင် ထူး၏။ တမံစောင်းမှ ရွှံ့များကို
ခူး၍ ပေါက်ခြင်း ဖြစ်သည်။ သူ့အလုပ်နှင့် သူရှုပ်နေသော လှဝင်းရီသည် ဘဲဥ ပစ်လိုက်သည့်
ရွှံ့စိုင်ခဲ ခေါင်းကို တည့်တည့်ကြီး ထိမှန်သွားသည့် အခါတွင်မှ တာပေါ်တွင် ရပ်နေသူ ကျွန်ုပ်တို့ကို
သတိပြုမိသည်။ “ဟဲ့ နင်တို့ ဘာလာ လုပ်တာတုံး” ဟု ကမန်းကတန်း ဆို၏။ “ခဏစောင့်အုံး၊ ငါ
နောက်ထပ် တစည်း လောက်ရအောင် ခူးလိုက်အုံးမယ်။ ပြီးမှ တက်လာခဲ့မယ်” ဟု ပြောရင်း ရေထဲမှ
ကန်စွန်းညွန့် တညွန့် လှမ်းခူးလိုက်၏။ အလေ့ကျပေါက် နေသော ကန်စွန်းညွန့်တို့သည် သန်စွမ်းလှပါပေ၏။
တမံစောင်းတွင် ဗေဒါပန်းများ ဖူးပွင့်နေသော ကြောင့် တမံစောင်းတွင် ခရမ်းရောင် ကမ္ဗလာကြီး
ခင်းထားသည့်နှယ်။

မတွေ့ရသည်မှာ
ကြာမြင့်ပြီ ဖြစ်သောကြောင့် ကျွန်ုပ်တို့တွင် ပြောစရာ ဆိုစရာ အကြောင်း စုံလင်လှ ချေသည်။
မင်းလမ်းကျောင်းမှ ဆရာများ အရိုက်ကြမ်းခြင်း၊ ကျောင်းသားများ လူပါးဝခြင်းတို့မှ စ၍
ကုန်းလေးဈေးတွင် လှဝင်းရီ ကန်စွန်းရွက် ရောင်းနေရခြင်း စသဖြင့် အကြောင်းအရာ စုံလင်
လှချေ၏။ ဘဲဥက စက်ဘီး မစီးဖူးသေးသည့် လှဝင်းရီကို စက်ဘီးဖြင့် သုသာန် တပတ် တင်နင်း၏။
စက်ဘီးစီးရခြင်းကြောင့် လှဝင်းရီ ပျော်မဆုံးတော့ပြီ။

ငယ်စဉ်က ကျွန်ုပ်
ငှက်ဖျား ခဏခဏ မိသောကြောင့် ရခိုင်ငှက်ပျောသီးမစားရန် အိမ်က အထူး ပိတ် ပင်တားမြစ် ထား၏။
လှဝင်းရီတို့ အိမ်နောက်ဖေးတွင် ချိတ်ဆွဲထားသည့် ငှက်ပျောဖီးများကို မြင်ရ သည့်အခါ ကျွန်ုပ်
သွားရည်တမြားမြား ကျမိတော့သည်။ လှဝင်းရီ၏ အမေကလည်း နှမြောတွန့် တိုခြင်း အလျဉ်း မရှိ။
“စားစရာရှိတာကို စားနိုင်သလောက် စား၊ ၀မ်းအပြင် ပုတ်ပါတာ မဟုတ်ဘူး” ဟူသည်ကို လက်ကိုင်ပြုကာ
ရခိုင်ငှက်ပျောသီးဖြင့် ဧည့်ခံ၏။ ကျွန်ုပ်နှင့် ဘဲဥလည်း ငတ်ငတ်နှင့် တွယ် လိုက်သည်မှာ
တယောက် တဖီး မကချေ။လှဝင်းရီ အဖေကြီး ခွဲကျွေးသည့် အုန်းသီး စားလိုက်၊ လှဝင်းရီ အမေကြီး
ကျွေးသည့် ငှက်ပျောသီး စားလိုက်နှင့် အတော်ပင် ပျော်စရာ ကောင်းလှ၏။ အုန်းရွက်ဖြင့်
ပျံလွှားငှက်ရုပ် ချိုးနည်းကို လှဝင်းရီ အဖေက သင်ပေးသေးသည်။ အုန်းလက်ပျံလွှား ကလေးများနှင့်
ကစားရသည်မှာ အတော်ပင် ပျော်စရာ ကောင်းလှသည်။ ပျော်လည်း ပျော်ရ၊ မောလည်း မောရ။ မောရသည့်
အကြောင်းမှာ ပျံလွှားငှက်ကလေးများ ဝေးဝေးပျံအောင် မြန်မြန်ပြေး ရသောကြောင့် ဖြစ်၏။

သဂျုသွေးဟု ကလေးများ
ခေါ်သည့် အုန်းဆံခြည်ထွေးကို ကျွန်ုပ် ငယ်စဉ်က အတော်ပင် နှစ်သက်ခဲ့ ဖူး၏။ ဖော့သားစိုင်
သဂျုသွေးကို ကိုက်လိုက်ရသည့် အရသာကို မည်သည့် အရာနှင့်မျှ မလဲနိုင်။ ဖြစ်နိုင်လျှင်
ထမင်း မစားဘဲ သဂျုသွေးချည်း နေ့တိုင်း စားရန် စိတ်ကူးမိ ခဲ့ဖူးသည်။ လှဝင်းရီတို့ အိမ်
တွင် ကျွန်ုပ် မစားရသော ရခိုင်ငှက်ပျောသီး၊ သဂျုသွေး ကဲ ဘာလို သေးသတုံး ဟုသာ မေးလိုက်ချင်
တော့သည်။

(၉)

သို့နှင့် တနေကုန်
တနေခန်း ပျော်ပျော်ပါးပါး ကျောင်းပြေးပြီးနောက် ညနေ ကျောင်းဆင်းတွင် ကျောင်း ပြန်သူများနှင့်
ရောင်တော်ပြန်လှိမ့်ကာ အိမ်ပြန်ခဲ့လေ၏။ လှဝင်းရီ၏ မိဘများက နောက်လည်း လာပြီးတော့ လည်ဦး
ဟု အဖန်တလဲလဲ ဖိတ်မန္တက ပြု၏။ လှဝင်းရီကလည်း သုသာန်အ၀ အထိ လိုက်ပို့၏။

ဘဲဥတွင် မကောင်းသော
အလေ့တစ်ခု ရှိ၏။ ထို့အလေ့မှာ မည်သည်ကိုမျှ သိုသိပ် မျိုဝှက်မှု မရှိခြင်း ပင် ဖြစ်သည်။
ထိုအကျင့်ထူးကြောင့် သူ့ဘ၀ တလျှောက်လုံးတွင် ပြဿနာ ပွေခဲ့ရလေသည်။ ထိုည နေတွင် ဘဲဥသည်
ပါးစပ် အငြိမ် မနေ။ သူ သဂျုသွေး စားခဲ့ရသည်ကို စကားမရှိ စကားရှာပြီး အိမ်ကို ပြန်ပြော၏။
ထို သဂျုသွေးမှ မီးခိုး ကြွက်လျှောက်လိုက်၍ ကျွန်ုပ်တို့ နှစ်ဦး ကျောင်းပြေးသည်ကို
မိဘ များ သိသွားတော့သည်။ ဘဲဥ၏ အမေသည် သူ့သားကို သူရိုက်ယုံမျှနှင့် ကျေနပ်တော် မမူသေး။
ကျွန်ုပ် အိမ်သို့ တကူးတက ရောက်လာပြီး နတ်သံနှောကာ ဇာတ်စုံခင်း၏။ “သုသာန်က ဟာတွေနဲ့
ပေါင်းပြီး စဏ္ဍာလကျင့် စဏ္ဍာလကြံ ကြံတယ်၊ မကြံကောင်း မစည်ရာ သုသာန်က အုန်းသီးနဲ့ ငှက်
ပျောသီး ကို တခုတ်တရ သွားစားကြတယ်တဲ့၊ ကောင်းကြသေးရဲ့လား” ဟူသည့် ဘဲဥအမေ၏ တိုင်ကြားချက်
အဆုံးတွင် မာတာ မိခင်သည် ကျွန်ုပ်၏ ကျောပြင်ကို ဗျောတင်လေ၏။

ဗျောတီးပြီးသော်
အမသည် ကျွန်ုပ်ကို တရော်ကင်ပွန်းနှင့် ခေါင်းအကြိမ်ကြိမ် လျှော်ပေးသည်။ ခေါင်း လျှော်ပေးရင်း
“ငါ့ သားရယ် မင့်တို့နှယ် မိုက်လိုက်တာနော်။ 
မလုပ်ကောင်းတာတွေ နောက်မလုပ်နဲ့။ ဘုန်းနိမ့်ကုန်မယ်။ အာစက် လျှာစက်တွေ ညံ့ကုန်မယ်။
နောက်တစ်ခါ နင် သုသာန်ဘက်ကို သွားတယ်လို့ ငါ ကြားရင် သေပြီသာမှတ်” ဟု ဆိုမြည်ကြိမ်းမောင်းလေ၏။

ထိုနောက်ပိုင်းတွင်
ဘဲဥနှင့် ကျွန်ုပ်လည်း ကျောင်းမပြေးဝံ့တော့ချေ။ ကျောင်းစာများကလည်း တနှစ်ပြီး တနှစ်
ပိုမို ခဲယဉ်းလာသည်။ ကျူရှင်နှင့်ကျောင်း၊ ကျောင်းနှင့်အိမ်၊ အိမ်နှင့်ကျူရှင် ကူးချည်သန်းချည်
ပြုရင်း ကျွန်ုပ်တို့ ရှစ်တန်း အောင်ခဲ့လေ၏။ သုသာန်ဘက်သို့ မရောက်ဖြစ်တော့။ မသာပို့သည်မှာ
ကလေးအလုပ် မဟုတ်သောကြောင့် သုသာန်ဘက်သို့ ရောက်ရန် အကြောင်း မရှိချေ။

ကျွန်ုပ်တို့
မင်းလမ်းကျောင်းတွင် ပညာသင်ကြားနေချိန်၌ လှဝင်းရီသည် ဘ၀ကျောင်းတော်ကြီးတွင် လက်တွေ့သင်ခန်းစာများကို
ဆည်းပူးနေရလေ၏။ စိတ်သဘော ကောင်းလှသည့် လှဝင်းရီ၏ မိခင် ကြီးမှာ ဆောင်းဦးပေါက်တွင်
သေသွားရှာလေပြီ။ ထို့ကြောင့် လှဝင်းရီတို့ သားအဖ နှစ်ဦးတည်း ကျန်ခဲ့ ၏။ ဖခင်ဖြစ်သူကလည်း
အရက်ကို အဖော်လုပ်ကာ ထင်တိုင်းကျဲ၍ နေတော့သည်။ မိခင် မရှိသည့် နောက်ပိုင်းတွင် လှဝင်းရီသည်
မိခင်ကြီး၏  ဈေးတောင်း အဟောင်းကလေးကို ခေါင်းတင်ကာ
ဈေး ရောင်းရ၏။ ကုန်းလေးဈေးနှင့် သုသာန်မှာ အတန်ငယ် ဝေးသောကြောင့် စောစော ရောက်အောင်
နံနက် ဝေလီဝေလင်းကတည်း ထလာရသည်။

တခါတရံ ကျွန်ုပ်နှင့်
ဘဲဥတို့ နံနက်ခင်း ကျူရှင် သွားချိန်၌ ကုန်းလေးဈေးထိပ်တွင် လှဝင်းရီ ငါးရောင်း နေသည်ကို
တွေ့ရသည်။ တခါတရံတွင်မူ ကုန်စိမ်းရောင်းနေသည်ကို တွေ့ရသည်။ တခါတရံတွင် မူကား ရေကြက်မ၊
တုတ်တလုပ်၊ တုတ်ဆီငှက်ကင်များ ချရောင်းနေသည်ကို မြင်ရသည်။ ဈေးသည် ကြီး လှဝင်းရီနှင့်
ကျွန်ုပ်တို့ ဆုံလေတိုင်း ကိုယ့်အလုပ်နှင့် ကိုယ်ရှုပ်နေသည်ကြောင့် စကားဖြောင့် အောင်
မပြောနိုင်ကြချေ။ “နင် နေကောင်းရဲ့လား၊ ငါ နေကောင်းပါတယ်” စသည့် သမားရိုးကျ နှုတ်ဆက်စကားလောက်သာ
ပြောဖြစ်တော့သည်။

အချိန်များ တရွေ့ရွေ့
ကုန်ဆုံးခဲ့၏။ ကျွန်ုပ်နှင့် ဘဲဥလည်း ဆယ်တန်းသို့ ရောက်ခဲ့လေ၏။ ဆယ်တန်း သည် ဘ၀ကို အဆုံးအဖြတ်ပေးမည့်
နှစ်ဖြစ်သောကြောင့် နေရာညပါ တစာစာနှင့် အထူးပင် ကြိုးစား ကျက်မှတ် ရပြန်သည်။ သို့နှင့်
ဆယ်တန်း စာမေးပွဲဖြေရန် နီးကပ်လာလေ၏။ စာမေးပွဲ မဖြေမီ တရက် နှစ်ရက် အလိုတွင် ကျူရှင်အရှေ့၌
လှဝင်းရီ ရပ်စောင့်နေသည်ကို မကြုံစဖူး ကြုံရ၏။ လှဝင်းရီက “ဟဲ့ နင်တို့ စာမေးပွဲ ဖြေရတော့မယ်ဆို”
ဟု မေး၏။ “နင်တို့ စာမေးပွဲ ဖြေခါနီး ဘုရားပန်းကပ်ရအောင် သပြေညွန့်လေးတွေ ငါ ယူလာတယ်”
ဟု ပြောရင်း ကျွန်ုပ်နှင့် ဘဲဥကို သပြေတစည်းစီ ပေး၏။ ထို့နောက် “သပြေပန်းတွေက သန့်ပါတယ်။
ညောင်လိမ်ကလာတဲ့ ပန်းသည်တွေဆီက ငါ ၀ယ်လာ တာပါ” ဟု ပြောပြန်သည်။ ဘဲဥနှင့် ကျွန်ုပ်လည်း
မည်သို့မျှ ပြန်မပြောမိ။ သပြေဟူသည်မှာ အောင်အတိတ် အောင်နိမိတ်ကို ဆောင်ကြဉ်းလာသည် မဟုတ်လော။

သို့နှင့် ဆယ်တန်းစာမေးပွဲကို
ရင်တဖိုဖို အသည်းတထိတ်ထိတ်နှင့် ဖြတ်သန်းခဲ့၏။ ဆယ်တန်းစာမေးပွဲ ဖြေပြီးလတ်သော် ဘဲဥနှင့်
ကျွန်ုပ်တို့ နှစ်ဦးလုံးတွင် ဂစ်တာရောဂါ စွဲကပ်လာသည်ကြောင့် မအား မလပ် ဖြစ်သွားကြသည်။
ဘဲဥမှာ ကျွန်ုပ်ထက် ပိုပြီး ရွပိုးထိုးသောကြောင့် ရန်ကုန်သို့ သွား၍ ဂစ်တာ သင်တန်း
တက်လေ၏။

မောင်ကျပ်ခိုး

ကောင်းကင် - လှဝင်းရီ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top