1
Feb

လှဝင်းရီ နောက်ဆုံးပိုင်း (၁၆)၊ (၁၇)၊ (၁၈)၊ (၁၉)

(၁၆)

ထိုနောက်ပိုင်းတွင်မူ လှဝင်းရီ၏ သတင်းများကို
နားမဆန့်အောင် ကြားရတော့၏။ ထိုသည်ကို ကြားမိ လျှင် ကျွန်ုပ် လှဝင်းရီကို အတော်ပင် ဒေါပွမိသည်။
ရိုက်မောင်း ပုတ်မောင်း ပြုရန်ပင် ကြံမိသေးသည်။ လှဝင်းရီ၏ သတင်းမှာ အထူးပင် ကျော်ဇောလာ၏။
ကျော်ဇောခြင်း၏ နောက်တွင် ထောင်နန်းစံရမည့် ကံတရားသည်လည်း ထပ်ချပ်မကွာ လိုက်ပါလာလေ၏။
ဘဲဥကမူ ကောင်းသည်လည်း မပြော၊ ဆိုး သည်လည်း မဆိုတော့ချေ။ ထို့ကြောင့် ကျွန်ုပ် ဘဲဥကို
အတော် မကျေမချမ်း ဖြစ်ရသေးသည်။ ဤပြဿနာတို့၏ မူလဘူတမှာ ဘဲဥ၏ ဆတ်ဆော့ခြင်းကြောင့် ဟု
တွေးမိသည်။

တနေ့ မနက်စောစောတွင် ညတုန်းက လှဝင်းရီ အဖမ်းခံရလို့တဲ့
ဟူသော သတင်းကို နားမချမ်း သာဖွယ် ကြားရ၏။ နောက်တရက် နှစ်ရက်ခန့်ကြာသော် လှဝင်းရီကို
ဦးပြည်းစိမ်းစိမ်းနှင့် တွေ့ရလေ ၏။ ဦးပြည်းစိမ်းစိမ်းနှင့် လှဝင်းရီကို တွေ့ရသော်
ကျွန်ုပ် ရယ်ရမလို၊ ငိုရမလို ဖြစ်သွားသည်။ ထိုနေ့တွင် လှဝင်းရီနှင့် အတန်ကြာအောင် စကားပြောဖြစ်ခဲ့၏။
ငယ်ကကျွမ်းသည့် သံယောဇဉ်ကြောင့် သူ့ကို နာနာကျင်ကျင် ဖြစ်လေရအောင် မဆိုရက်။ နောက်ဆုံးတွင်
“ကဲ အ၀င်း နင် ဘာဆက်လုပ်မ တုံး” ဟု သာ မေးဖြစ်၏။ သူလည်း ဘာဆက်လုပ်ရမည်မှန်း မသိချေ။
ထို့ကြောင့် ကျွန်ုပ်သည် နှမများ နှင့် တိုင်ပင်ပြီး သကာလ သူတို့ပေးသည့် အကြံအတိုင်း
ဈေးသို့ ပြေးကာ ပန်းရောင် ပိတ်တစ်အုပ် ၀ယ်ရလေ၏။ ထိုညနေခင်းမှာပင် လှဝင်းရီကို ကျွန်ုပ်တို့
မောင်နှမများ ခြံရံပြီး သီလရှင်လောင်း လှည့်ကာ မြတောင်သီလရှင်တိုက်သို့ ပို့လိုက်လေ၏။
အတော်ပင် စိတ်အေးရချေပြီ ဟု ကျွန်ုပ်တွေး ရင်း ကျေနပ်မိသည်။

သို့သော် ကျွန်ုပ်၏ ကျေနပ်အားရမှုမှာ ကြာရှည်
မခံလိုက်ချေ။ ဦးပြည်းစိမ်းစိမ်းတွင် ဆံပင်ပြန်ပေါက် လာသည့်နှင့် ဆရာလေး ဒေါ်သီလ၀တီ
တဖြစ်လဲ လှဝင်းရီ အချိုးပြောင်းလာ၏။ သီလရှင် အ၀တ်အ စားတို့နှင့် မတည့်သလိုလို၊ ဆွမ်းဆန်စိမ်း
အလှူခံထွက်ရသည်ကို ရှက်သလိုလို၊ ရွံ့သလိုလို ဖြစ်လာ ၏။ ရက်ပိုင်းလပိုင်း အတွင်း၌ လှဝင်းရီ
လူထွက်သွားပြီ ဟု ကြားလိုက်ရ၏။

ထို့နောက် သူ ပုစွန်ခြောက်ကုန်ကူးနေသည်ဟု
ကြားရပြန်၏။ ထို့နောက်တွင်  လှဝင်းရီ မစွမ်းရင်း
ကန် စွန်းခင်းငြိ ဆိုသည့်အတိုင်း မူလလက်ဟောင်း အလုပ်အကိုင်ကို ပြန်လည် လုပ်ကိုင်နေသည်
ကိုလည်း ကြားရပြန်၏။ ထိုအချိန်တွင်မူ ကျွန်ုပ်သည် လှဝင်းရီကို စိတ်အပျက်ကြီး ပျက်ခဲ့ပြီ
ဖြစ်လေရကား သဗ္ဗေ သတ္တာ ကမ္မသကာ ဟုသာ သဘောထား လိုက်တော့၏။ သဗ္ဗေ ခပ်သိမ်းသော သတ္တ၀ါတို့သည်
ကမ္မ အရပ်မှ လာသည့် ကြံသကာကဲ့သို့ ချိုမြိန်သော လူ့ဘ၀ အရသာကို တပ်မက်ကြသည် မဟုတ်လော။

သို့နှင့် နှစ်အတန်ငယ် ကြာခဲ့လေ၏။ ကျွန်ုပ်တို့
ဘ၀ကို ကြုံသလို ရင်ဆိုင်ဖြတ်သန်းနေခိုက်တွင် ရွှေ ရှယ်လစ်ခေတ်ကြီး ပျက်သုဉ်းသွားခဲ့၏။
ဆိုင်းဘုတ်များ အသစ်တဖန် ပြန်ရေးကြရပြန်၏။ ဆောင်ပုဒ် အသစ်များ ပေါ်ထွက်လာပြန်၏။ ပြောင်းလဲကြ၏။
ပြောင်းလဲသည် ဆိုသည်မှာ ပြောင်းပင်များကို အပင်ခြေရင်းမှ ကပ်၍ ပိုင်းဖြတ်လိုက်သည့်
အခါတွင်   လဲကျသွားဘိသကဲ့သို့ပင် အတုံးအရုံး
လဲကျပြီး မှ ဖြစ်ထွန်းလာကြောင်း ကျွန်ုပ် မှတ်သားမိ၏။

(၁၇)

ထိုနောက်ပိုင်းနှစ်များတွင် ကျွန်ုပ်တို့၏
မြို့ကလေး၌ ပြောင်းလဲလိုက်သည့် ဈေးကွက်စီးပွားရေးစနစ်နှင့် အတူ ငါး၊ ပုစွန်၊ ဂဏန်း
အရောင်းအ၀ယ် ထွန်းကားလာလေ၏။ လူအ၀င်အထွက် များပြားလာ၏။ ကာရာအိုကေဆိုင်များလည်း အလျိုလျို
ပေါ်ပေါက်လာ၏။ ညနေစောင်းတွင် ကမ်းနားတန်း၌ မှိတ် တုတ် မှိတ်တုတ် လင်းလက်နေသည့် ညမီးများ၊
တေးသီငှက်မကလေးများကို မျက်စိနောက် လောက် အောင် မြင်ရတော့သည်။

ထိုအတောအတွင်း ပြောင်းလဲလာသည့် စီးပွားရေး
အခြေအနေတို့ကြောင့် လှဝင်းရီလည်း ပြောင် ပြောင်ရောင်ရောင် ရှိလာသည်ကို တွေ့ရ၏။ သို့သော်
တခုသော ညနေစောင်း ကျွန်ုပ် ရုံးဆင်းချိန်တွင် မိတ်ဆွေတစ်ဦးက “ဟေ့ ကျပ်ခိုး မင်း လှဝင်းရီ
အကြောင်း ကြားပြီးပြီလား” ဟု အစချီ၍ လှဝင်းရီ ချောင်းဆိုးသွေးပါ ဖြစ်နေသဖြင့် ဆေးရုံတက်နေရကြောင်း
သတင်းပေးသွား၏။ ငယ်သံယောဇဉ် ကြောင့် လှဝင်းရီကို သွားမကြည့်ဘဲ မနေနိုင်။ သို့သော် တဦးတည်း
သွားလျှင်လည်း လူပြောသူပြော ခံရမည်ကို ကျွန်ုပ် စိုးရွံ့မိသည်။ ကြံရာမရသည့် နောက်ဆုံးတွင်
ကျွန်ုပ်သည် ဘဲဥကို လက်ကုပ် ခေါ်ရတော့၏။ ဘဲဥကလည်း ကျွန်ုပ် ခေါ်လိုက်သည်နှင့် မဆိုင်းမတွ
လိုက်ပါလာ၏။ သို့နှင့် နှစ် ယောက်သား ဆေးရုံသို့ ရောက်ခဲ့၏။ ဆေးရုံရောက်သော် မည်သည့်
အဆောင်တွင် နေသည်ကို မသိရသေးသောကြောင့် စုံစမ်းရသည်မှာ အတော်ပင် ကြာသွား၏။

ထဘီအနီဝတ် သူနာပြုဆရာမလေးတစ်ဦးက “သြော်
လှဝင်းရီကို လာတွေ့တာလား။ သူ့ကို ကူးစက် ရောဂါအဆောင်မှာ ထားတယ်။ ဟောဟိုဘက်ကနေ လျှောက်သွားချေ
” ဟု ဆို၏။ သို့နှင့် ကျွန်ုပ်တို့ ကူးစက်ရောဂါသည်များ ထားရာ အဆောင်သို့ ရောက်သွား၏။
“လှဝင်းရီကို လာတွေ့တာလား။ သူ ဆေးရုံ ဆင်းသွားပြီ ” ဟု မျက်နှာသိ သူနာပြု ဆရာမတစ်ဦးက
ပြော၏။ သူကပင် “ဟဲ့ ကျပ်ခိုး နင်တို့ သူ့ကို ခင်တာ ငါ သိပါတယ်။ သူ့ ရောဂါအကြောင်း ကြားပြီးပြီလား
”ဟု မေးလိုက်၏။ စင်စစ် မေးလိုက်သည် ဆိုသည်မှာ သူ ပြောလိုသည်များကို အိတ်သွန်ဖာမှောက်
ပြောရန် အစပျိုးခြင်းပင် ဖြစ်၏။ သို့နှင့် ကျွန်ုပ်တို့လည်း သူဆက်ပြောသည်ကိုသာ နားထောင်ရ၏။
“ဒီလိုလူမျိုးတွေ ဒီရောဂါမျိုး ဖြစ်တယ်ဆိုတာ မဆန်းပါဘူး။ နင်တို့ သိတဲ့ အတိုင်းပဲ ဒီရောဂါက
ကုလို့ ပျောက်တဲ့ ရောဂါ မဟုတ် ဘူး။ ဒီတော့ကာ သေမယ့်ရက်ကို ထိုင်စောင့်နေယုံပဲ ရှိတော့တာပေါ့”
ဟု ဆိုလိုက်၏။ သူ့လေ သံကို ကျွန်ုပ် ရိပ်ဖမ်းသံဖမ်း နားလည်သလိုလို ရှိသည်။

သို့သော်လည်း သေချာစွာ သိလိုသောကြောင့်
“နို့ နေပါအုံး ဆရာမရယ် သူ့ရောဂါက ဘာရောဂါမို့ မပျောက်ရမှာတုံး ”ဟု ပြန်မေးမိသည်။ ထိုသို့
ကျွန်ုပ် မေးလိုက်သော် ထိုသူနာပြုဆရာမက “ဟဲ့ ကျပ်ခိုး နင် တော်တော် နားဝေးပါကလား။ သူဖြစ်နေတာ
အေအိုင်ဒီအက်စ် ဟဲ့ ကုရာနတ္တိ ဆေးမရှိလို့ ဆိုင်းဘုတ်မှာ ရေးထားတာကို နင် မဖတ်ဖူးဘူးလား”
ဟု ဆိုလေ၏။ ထိုစကားကြောင့် ကျွန်ုပ် ခေါင်းန ပန်း ကြီးသွား၏။ ဘဲဥ မျက်စိမျက်နှာ ပျက်သွား၏။
ကျွန်ုပ်လည်း “အို မဟုတ်တာဗျာ” ဟု အကြောက် အကန် ဆိုမိ၏။ ဆရာမကလေးကား ကျွန်ုပ်တို့ကို
အလွန် ပြောရဆိုရ ခဲခက်သည့် သတ္တ၀ါများနှင့် ရင်ဆိုင်တွေ့နေရဟန်ဖြင့် စူးစူးဝါးဝါး ကြည့်ပြီးမှ
“နင်တို့ကသာ မဟုတ်တာလို့ ပြောနေ။ သူ့ကတော့ သူ့ရောဂါကို သိပြီးသွားပြီ” ဟု သွေးအေးအေးနှင့်
ဆိုလိုက်လေ၏။

ထိုညနေတွင် ကျွန်ုပ်နှင့် ဘဲဥ နှစ်ဦးလုံး
ဘာဆက်လုပ်ရမှန်း မသိတော့လောက်အောင် ခေါင်းရှုပ်သွား လေ၏။ စိတ်မြန်သည့် ဘဲဥက လှဝင်းရီရှိရာ
ငပိဆိပ်သို့ ချက်ချင်း သွားမည် တကဲကဲ လုပ်နေသဖြင့် ကျွန်ုပ် မနည်းတားထားရသည်။ ထိုရောဂါဆိုးအကြောင်းကို
ကျွန်ုပ် နားလည်တန်သလောက် နားလည် သော်လည်း လက်တွေ့တွင်မူ လှဝင်းရီဆီသို့ မသွားလိုတော့ချေ။
ရောဂါရှိသူအား ခွဲခြားဆက်ဆံခြင်း မပြုအပ်ဟု ဆိုသော်လည်း လက်တွေ့ ကျင့်သုံးရန်မှာ မလွယ်ကူလှပေ။
သို့သော်လည်း နောက်တနေ့ တွင်မူ ဘဲဥနှင့်အတူ လှဝင်းရီဆီသို့ သွားရန် တိုင်ပင်မိ၏။

သို့နှင့် လှဝင်းရီ ရှိရာ ငပိဆိပ် ရပ်ကွက်သို့
ရောက်ခဲ့လေ၏။ လမ်းအတွင်းသို့ ၀င်လိုက်သည်နှင့် ခွေး လေခွေးလွင့် တကောင်က စူးစူးဝါးဝါး
ထိုးဟောင်ကာ ကျွန်ုပ်တို့ကို ဆီးကြိုသည်။ လှဝင်းရီ နေသည့် အိမ်ကလေးကား တုပ်တုပ်မျှ
မလှုပ်။ အိမ်ရှေ့သို့ ကျွန်ုပ်တို့ နှစ်ဦး ခြေချမိသည်နှင့် ဘေးပတ်ဝန်း ကျင်အိမ်များမှ
စူးစူးဝါးဝါး အကြည့်တို့သည် ကျွန်ုပ်တို့နှစ်ဦးထံသို့ အရှိန်ပြင်းစွာ ကျရောက်လာ၏။
ဘဲဥက အ၀င်းရေ တံခါးလေး ဘာလေး ဖွင့်ဦး။ ကျပ်ခိုးနဲ့ ငါနဲ့ နင့်ကို လာတွေ့တာ ဟု ဆိုရင်း
အိမ် တံခါးကို တွန်းဖွင့်လိုက်သည်။ ကျွန်ုပ်လည်း ကန့်လန့်ကန့်လန့်နှင့် ဘဲဥနောက်မှာ
ဖ၀ါးထပ်ချပ် လိုက်ရ ၏။ ထိုစဉ် အိမ်နောက် ရေကပြင်ဘက်မှ တိုက်ခတ်လာသည့် လေညင်းသည် လတာပုပ်နံ့၊
ချဉ်ဖတ်နံ့ ၊ ငပိနံ့၊ ကစော်နံ့  စသည့် အနံ့ပေါင်းစုံကို
သယ်ယူလာပြီး ကျွန်ုပ်တို့၏ နှာသီးဖျားတွင် ဝေ့ကာဝိုက်ကာ ဖြင့် ကလူ၏သို့ မြူ၏သို့ လုပ်နေသေးသည်။
ပြတင်းတံခါးများ ပိတ်ထားသောကြောင့် အိမ်အတွင်းမှာ အတော်ပင် မှောင်နေ၏။ အမှောင်ထဲတွင်
အတန်ငယ်ခန့် နေပြီး မျက်စိကျင့်သား ရသွားမှ ဘုရားစင် ရှေ့တွင် ခြေဆင်းလက်ပိုက်ထိုင်၍
ပြူးကြောင်ကြောင် မျက်လုံးရွဲကြီးများဖြင့် ကျွန်ုပ်တို့ကို တအံ့တ အား စိုက်ကြည့်နေသော
လှဝင်းရီကို မြင်ရ၏။ လှဝင်းရီကား စကားတစ်ခွန်းမျှ မဆို၊ ကျွန်ုပ်တို့ကိုသာ ငိုင်တိငိုင်တိုင်နှင့်
ကြည့်နေသည်။

ကျွန်ုနှင့် ဘဲဥ လှဝင်းရီ အနီးသို့ တမဟုတ်ချင်း
ရောက်သွား၏။ နှစ်ဦးသား တိုင်ပင်ထားခြင်း မရှိသော် လည်း လှဝင်းရီ နံဘေးတွင် ပြိုင်တူ
ထိုင်မိသည်။ လှဝင်းရီကား တုပ်တုပ်မျှ မလှုပ်။ ထို့ကြောင့် ကျွန်ုပ် တို့နှစ်ဦး မချင့်မရဲ
ဖြစ်လာ၏။ “အ၀င်း နင် နေမကောင်းဘူးဆို ”ဟု ဘဲဥက မေးလိုက်၏။ လှဝင်းရီကား မည်သို့မျှ မဖြေ၊
ဘဲဥကို အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ ဗြုန်းခနဲ ချုံးပွဲချ၍ ငို၏။ ကျွန်ုပ်၏ ရင်
တွင်း၌ လှပ်ခနဲ လှပ်ခနဲ ဖြစ်သွားသည်။ လှဝင်းရီကို မငိုရန် ဖျောင်းဖျ ပြောဆိုလိုသော်လည်း
စကားစ ရှာမတွေ့နိုင်၊ ကျွန်ုပ်၏ လည်ချောင်းဝတွင် တခုခု တစ်ဆို့ နေ၏။ ဘဲဥလည်း ကျွန်ုပ်ကဲ့သို့ပင်
ဖြစ်နေရှာပေလိမ့်မည်။ အတန်ကြာမှ ဘဲဥက “အ၀င်းရယ် နင် နေပြန်ကောင်းသွားမှာပါ”ဟု ဆိုလိုက်
လျှင် လှဝင်းရီသည် ဘဲဥ၏ ပုခုံးထက်တွင် သူ့မေးကို မှေးတင်ပြီး ရှိုက်ကာရှိုက်ကာ ငိုတော့၏။
ထိုသို့ ငိုနေရင်း ဘာမှန်းမသိရသည် စကားတို့ကို ဗလုံးဗထွေး ဆိုသေးသည်။ ကျွန်ုပ် အာရုံစိုက်၍
နားထောင် သော်လည်း သဲသဲကွဲကွဲ မကြားရ။ ဘာတွေ ပြောနေမှန်းကို မသိရ။ သူတစ်ပါး နိုင်စားခြင်းကို
ခံလာရ သည့် ကလေးငယ်တဦး ဆို့ဆို့နင့်နင် ငိုရှိုက်ရင်း မိဘများကို တိုင်တန်း ပြောဆိုနေသည့်အလား
တတွတ်တွတ် ရေရွတ်ရင်း တအိအိနှင့် ငိုနေလေ၏။

(၁၈)

ပန်းသတင်းကို လေညင်းဆောင်၊ လူ့သတင်းကို
လူချင်းဆောင်၊ လှဝင်းရီသတင်းကို ဆေးရုံမှ ကွန် ပေါင်ဒါကြီး ဆောင်သောကြောင့် မကြာမီ
ရက်ပိုင်းအတွင်းမှာပင် လှဝင်းရီတွင် ရောဂါဆိုး ကူးစက်နေ ပြီဖြစ်ကြောင်း တမြို့လုံး
သိသွားလေ၏။ သတင်းရှားပါးသည့် တောမြို့ကလေး၏ ထုံးစံအတိုင်း ဆံသ ဆိုင်တွင်လည်း လှဝင်းရီအကြောင်း၊
လက်ဘက်ရည်ဆိုင်တွင်လည်း လှဝင်းရီအကြောင်း၊ အရက်ဝိုင်း တွင်လည်း လှဝင်းရီအကြောင်း၊ ကုန်စုံဆိုင်တွင်လည်း
လှဝင်းရီအကြောင်း၊ နေရာတိုင်းတွင် လှဝင်းရီ အကြောင်းကို ပြောကြဆိုကြ ပုံကြီးချဲ့ကြသည်ကို
ကျွန်ုပ်တို့ မကြားချင်ဘဲ ကြားရတော့သည်။ လှဝင်းရီနှင့် ပတ်သက်ခဲ့ဖူးသူတို့ ကယောင်ချောက်ချား
ဖြစ်သွားကြလေ၏။

ချောင်းတဟွတ်ဟွတ် ဆိုးနေသည့် လှဝင်းရီကို
မြင်ရသည်မှာ အလွန် သနားစရာ ကောင်းလှသည်။ ချောင်းဆိုးပြီးနောက် သူ့ရင်ခေါင်းသည် ဖားဖိုကဲ့သို့
ရှုံ့ချည်ပွချည်၊ မြင့်ချည်နိမ့်ချည် ဖြစ်နေလေ၏။ သူ အသက်ပြင်းပြင်း ရှုလိုက်လျှင် ရင်ခေါင်းတွင်းမှ
တဂြီဂြီ မြည်သံကို အတိုင်းသား ကြားရ၏။ လှဝင်းရီ သည် သူ့ဆီမှ ရောဂါဆိုး ကျွန်ုပ်တို့ထံသို့
ကူးစက်ပြန့်ပွားမည်ဟု အသိမှားပြီး ကျွန်ုပ်တို့ကို အတွေ့မခံ၊ ရှောင်ဖယ် ရှောင်ဖယ် လုပ်၍
နေ၏။ ကျွန်ုပ်တို့ သူ့အိမ်သို့ သွားလျှင် အတွေ့မခံ။ အိပ်ချင်ယောင် ဆောင်နေတတ်သည်။ သို့နှင့်
တဆောင်းကုန် ခဲ့လေ၏။ 

ဆောင်းအကုန် နွေအကူးတွင် လှဝင်းရီ၏ ကျန်းမာရေးမှာ
ပိုမို ဆိုးရွားလာ၏။ အဆုတ်ရောဂါအပြင် အခြား နောက်ဆက်တွဲ ရောဂါတို့သည် လှဝင်းရီ၏ ခန္ဓာကိုယ်သို့
အလုံးအရင်းနှင့် ကျူးကျော်ဝင် ရောက်လာပြီး အခိုင်အမာ စခန်းချလေ၏။ ထို့ပြင် အလုပ်မရှိ၊
အကိုင်မရှိ ထိုင်စားဘ၀နှင့် နေရသည် မှာ အတန်ငယ်ကြာပြီ ဖြစ်သောကြောင့် စီးပွားရေး ကျပ်တည်းလာလေ၏။
ပြုစု စောင့်ရှောက်မည့်သူ မရှိ၊ ငွေကြေး ဥစ္စာ မရှိ၊ ဒုက္ခ အတိပြီးသည့် လူ့ဘ၀ခရီးတွင်
သက်ဆိုးရှည်နေသော လှဝင်းရီကို မြင်ရ သော် ကျွန်ုပ်သည် အနောက်တိုင်း အလေ့ဖြစ်သည့်
(Mercy Killing) ကြင်နာစွာ သတ်ဖြတ်ခြင်းဆိုင် ရာ ဥပဒေများ ဗမာပြည်တွင် ပြဋ္ဌာန်းသင့်ပြီဟု
စိတ်ကူးပေါက်မိသည်။

တခုသော နွေနှောင်း ညနေတွင် လှဝင်းရီ ရှိရာသို့
ကျွန်ုပ် ရောက်သွား၏။ ဘဲဥမှာမူ သူ့ဇနီး စောင်း ချိတ်ရန်လုပ်နေသောကြောင့် ကျွန်ုပ်နှင့်
မလိုက်နိုင်တော့ချေ။

ရွေးမြစ်ပြင်ဘက်မှ ဖြတ်တိုက်လာသည့် လေညှင်းသည်
ကမ်းနားတန်းရှိ တံငါအိမ်များကို ဖြတ်သန်း မွှေနှောက်ခဲ့သောကြောင့် ငါးညှီနံ့ ဗွက်ပုပ်နံ့တို့
အနည်းငယ် စွက်နေ၏။ သို့သော်လည်း အေးမြ လတ် ဆတ် ဆဲပင်ဖြစ်သည်။ ညနေစောင်း ၀င်လုဆဲ နေရောင်အောက်တွင်
လှဝင်းရီကို တွေ့ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်တော့၏။ ပျိုမျစ် တင့်တယ်မှုတို့သည်
လပိုင်း ရက်ပိုင်း အတွင်းမှာပင် လှဝင်းရီ၏ ရင်ကို ခြေစုံကန်၍ ရုန်းထွက်သွားကြလေပြီ။
ဆံနွယ်တို့မှာ သူ့ နဖူးပြင်ထက်တွင် ဖရိုဖရဲ ကျဆင်းနေသည်။

ထိုစဉ် လှဝင်းရီက “ကျပ်ခိုး ငါ သေသွားရင်
နတ်ပြည်ကို ရောက်မှာ မဟုတ်ဘူးနော်” ဟု ရုတ်တရက် ဆိုလိုက်သည်။ “ဟာ မဟုတ်တာ အဝင်းရယ်
ဘာလို့ မရောက်ရမှာလဲ” ဟု ကျွန်ုပ် ဖြေသိမ့်လိုက်သော် လှဝင်းရီက “မဟုတ်ဘူး ကျပ်ခိုး
ငါသေတော့မယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အခုရက်ပိုင်းအတွင်းမှာ ငါသေသွားရင် ဘာဖြစ်မလဲဆိုတာ
ငါတွေးနေမိတယ်။ ငါ့ဘ၀တလျှောက်လုံးမှာ  ကောင်းတာဆိုလို့
ဘာတခုမှ မလုပ်ခဲ့ဖူးဘူး။ ကျပ်ခိုး ငါ ငယ်ငယ်ကထဲက ငှက်ကလေးတွေကို သတ်ပြီးတော့ ရောင်းစား
ခဲ့တယ်။  ကြီးလာတော့လဲ နင်သိတဲ့အတိုင်းပဲ” ဟု
ဆိုရင်း သက်ပြင်းချ၍ ချောင်းတဟွတ်ဟွတ် ဆိုး လေ၏။ ထို့နောက် လှဝင်းရီက ဆက်လက်၍ “ဒီတော့ကာ
နောင်ဘ၀ကျရင်လဲ ငါ ကောင်းတာ တွေနဲ့ ကြုံရမှာ မဟုတ်လောက်ဘူး” ဟူသော စကားကို ဆိုလေ၏။
“မဟုတ်တာ အ၀င်းရယ် နင် ထင်သလို မျိုး မဟုတ်ပါဘူး“ ဟု ကျွန်ုပ် ဆိုမိသည်။ ထို့ထက်ပို၍
ကောင်းသော ဖြေသိမ့်စကားမျိုး ကျွန်ုပ် မဆို တတ်သောကြောင့် ထိုစကားကိုသာ အဖန်တလဲလဲ ဆိုရလေ၏။
ကျွန်ုပ် ထိုသို့ ဂွတီးဂွကျ ဖြစ်နေ သည်ကို လှဝင်းရီ မြင်သော် ပြုံး၏။ ထို့နောက် “ဒီလိုပါပဲ
ကျပ်ခိုးရယ်” ဟု ဆိုရင်း လမုတောထိပ်ဖျား တွင် မေးတင်နေသည့် ၀င်လုဆဲ နေလုံးကြီးကို စူးစိုက်ကြည့်ကာ
ဒီလိုပါပဲ နေကသိုဏ်းကို ရှုနေလေ ၏။ ထိုညနေသည်ကား ကျွန်ုပ်တို့သူငယ်ချင်း နှစ်ဦး လွတ်လွတ်လပ်လပ်
စကားစမြည်ဆိုခွင့်ရခဲ့သော နောက်ဆုံးညနေခင်း ဖြစ်၏။

ထိုနောက်ပိုင်းတွင် လှဝင်းရီသည် ငပိဆိပ်မှ
သူ့အိမ်ကလေးကို ရောင်းချပြီး သူ တခါက ခိုလှုံဖူးသည့် နေရာဖြစ်သော မြတောင် သီလရှင်တိုက်တွင်
သွား၍ နေလေ၏။ သူ့ မိတ်ဆွေဟောင်း သီလရှင် ဆရာ ကြီး၊ ဆရာလေးတို့ကလည်း ဖြစ်သမျှ အကြောင်း
အကောင်းချည်း ဟု ယူဆကာ အသာတကြည် လက်ခံကြိုဆိုကြကုန်၏။ ထိုသတင်းကြား၍ ကျွန်ုပ် အတော်ပင်
ဝမ်းမြောက်မိသည်။ ထိုနောက်ပိုင်း လှဝင်းရီတယောက် ရွှေသာလျောင်း ဘုရားရင်ပြင်တွင် တံမြက်လှည်းကျင်းနေသည်ကို
လည်းကောင်း၊ အထက်စက်တော်ရာရှိ  စက်လက္ခဏာ ရုပ်လုံးရုပ်ကြွတို့တွင်
ကပ်နေသည့် ရေညှိများကို ဓားတ ချောင်းဖြင့် ခွာချနေသည်ကို လည်းကောင်း၊ ကျိုက်ထီးရိုးလေး
စေတီရင်ပြင်ရှိ ပေါင်းမြက်တို့ကို သုတ် သင်နေသည်ကိုလည်းကောင်း  မကြာခဏ တွေ့ရလေ၏။

(၁၉)

ဂါတ်တဲမှ သံချောင်းခေါက်သံ ဆယ့်နှစ်ချက်
ကြားရမှ ကျွန်ုပ် အတိတ်နယ်သို့ စိတ်ရေလျဉ်စီး၍ ခရီးလွှင့်လိုက်သည်မှာ အတော်ကြာသွားပြီဖြစ်ကြောင်း
သတိပြုမိသည်။ ဘဲဥလည်း မအိပ်သေး။ ကွပ်ပျစ်ပေါ်တွင် ငုတ်တုတ် ထိုင်ပြီး ဘာတွေ တွေးနေသည်
မသိရချေ။ သို့သော် သူလည်း ကိုယ့်လိုပဲ ဖြစ်နေမှာပေါ့ ဟု ကျွန်ုပ် တွေးမိသည်။

ညလေရိုင်းသည် တ၀ူးဝူး အော်မြည်၍ ကျွန်ုပ်တို့ထံသို့
ဖြတ်သန်း တိုက်ခတ်လာ၏။ မြည်းငိုက်နေ သည့် ပုဏ္ဍရိက်ပင်တန်းသည် ညလေရိုင်းကြောင့် တရေးနိုးလာလေ၏။
လေထုထဲတွင် ဆပ်သွားဖူးရနံ့ တို့ ကြိုင်လှိုင်နေသည်။ ညလည်း တဖြည်းဖြည်း နက်လာလေပြီ။ လဆုတ်ရက်ဖြစ်သောကြောင့်
ကောင်းကင်တခွင်လုံး မည်းမှောင်နေ၏။ မှိတ်တုတ်မှိတ်တုတ် လင်းလက်သည့် ကြယ်ကလေးအချို့
သာ ကောင်းကင်တွင် နေရာယူထား၏။

ထိုအခိုက် ရှဲခနဲမြည်၍ ၀င်းခနဲ အရောင်ဖြာပြီးလျှင်
ဘဲဥ ပါးစောင်တွင် ခဲထားသော ခြူးနဂါး ဆေးပေါ့ လိပ်သည် မီး တရဲရဲ လက်လာ၏။ ”မအိပ်သေးဘူးလား”
ဟု ကျွန်ုပ် မေးလိုက်သော် ဘဲဥသည် မည်သို့ မျှ မဆို၊ ဆေးလိပ်ကို မီးစွဲအောင် ခပ်ဆတ်ဆတ်
ဖွာရှိုက်နေလေ၏။ အတန်ကြာမှ “အိပ်မရဘူးကွာ၊ ဘာဖြစ်မှန်း မသိဘူး၊ မျက်စိကြောင်နေတယ်” ဟု
ဆို၏။ ဘဲဥ ဘာ့ကြောင့် အိပ်မရ ဖြစ်နေသည်ကို ကျွန်ုပ် အတပ်သိ ပါသည်။ ထို့ကြောင့် “ဒီလိုပါပဲ
ဘဲဥရယ်” ဟုသာ ဖြေသိမ့်စကား ဆိုမိသည်။ ကျွန်ုပ်ဆိုလိုက်သည့် “ဒီလိုပါပဲ” ဟူသည်ကို ဘဲဥ
ကောင်းစွာ သဘောပေါက်ဟန် ရှိသည်။ ကျွန်ုပ်အား ခေါင်းတချက်ညိတ်ပြပြီး ခြူးနဂါး ဆေးပေါ့လိပ်ကို
မီး ၀င်းဝင်တောက်အောင် ဖွာ၍ အမှောင်ထု ပိတ်ဖုံး နေသည့် အကာလညကို ကျော်လွှားရန် ကြိုးစားနေလေတော့သတည်း။

 

မောင်ကျပ်ခိုး

ကောင်းကင် - လှဝင်းရီ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top