ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်ရှိ၊
ဘုရင့်နောင်တံတားထိပ်၊ စက်မှုဇုန်မှတ်တိုင် တာဝါရှေ့နှင့် ကျန်စစ်သား လမ်းဆုံတို့၌
ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးသူ အမျိုးသမီးငယ်များ ယခင်ထက်
ပိုမိုများပြားလာသည်ကို တွေ့လာရကြောင်း ဒေသခံတို့က ပြောသည်။
ဈေးကွက်ဝယ်လိုအား ကျဆင်းလာမှု၊ ဈေးကွက်လိုအပ်ချက်
လျော့နည်းလာမှုတို့ကြောင့် လှိုင်သာယာစက်မှုဇုန် စက်ရုံအများစု သည်
ပြီးခဲ့သည့်ဧပြီလနောက်ပိုင်း၌ အလုပ်သမားလျှော့ချခြင်း၊ အချိန်ပိုမထားရှိတော့ခြင်း၊
လုပ်ငန်းလည်ပတ်မှု အားနည်းလာ၍ ငှားရမ်းစက်ရုံများအား ပြန်လည်အပ်နှံခြင်းတို့
ရှိလာကြသည်။
ဒေသတွင်း အလုပ်အကိုင်ရှားပါးလာ၍ နယ်အသီးသီးမှ ရောက်လာကြသော
စက်ရုံအလုပ်သမအချို့သည် အဆိုပါအခြေအနေ များကြောင့် ငွေအရလွယ်သည့်
ပြည့်တန်ဆာလုပ်ငန်းများသို့ တိုးဝင်လာနေကြသည်ဟု ဒေသခံများက ပြောသည်။
လှိုင်သာယာစက်မှုဇုန်၊ ဘုရားလမ်းပေါ်ရှိ
မြန်မာဒိုင်ကိုအအေးခန်းစက်ရုံသည် ဧပြီမတိုင်မီက ပိတ်သိမ်းခဲ့ပြီး AKM စက္ကူပုံးစက်ရုံသည်လည်း နှစ်ရုံလည်ပတ်နေရာမှ
တရုံပိတ်သိမ်းခဲ့ရသည်။
ပီနန်အိတ်စက်ရုံများ၊ ကြာဆန်စက်ရုံများသာ (ယခုလက်ရှိ) လုပ်ငန်းခွင်နေ့ည
လည်ပတ်လျက်ရှိပြီး ကျန်စက်ရုံ အားလုံးနီးပါး ဈေးကွက်ဝယ်လိုအား ကျဆင်းကြောင်း
လုပ်ငန်းရှင်များက အတည်ပြုပြောကြားသည်။
စက်မှုဇုန် (၂) ရှိ ရေခဲတောင် ရေခဲထုတ်လုပ်ရေး၊ ၀င်းဝင်းဖယောင်းတိုင်၊
ရန်ကုန်ဂျစ် မော်တော်ယာဉ်ထုတ်လုပ်ရေး၊ AKM စက္ကူပုံးစက်ရုံ၊ မန်းမြို့တော်ပေါက်စီးပြည့်စုံ
အထည်ချုပ်စက်ရုံ၊ ဒယ်လ်တန်ကြိမ်စက်ရုံတို့သည် လည်းကောင်း၊ စက်မှုဇုန် (၃) ရှိ
ချားလ်မင်း၊ ပရိုတင်းအထည်ချုပ်၊ ဆမ်ဆောင်းလျှပ်စစ်ပစ္စည်းစက်ရုံ၊
အိုပယ်အထည်ချုပ်စက်ရုံ တို့သည် တလထက်တလ ၀ယ်လိုအား ကျဆင်းလာနေကြောင်း
စုံစမ်းသိရှိရသည်။
ယခင် တဧကခန့်အကျယ် စက်ရုံမြေနေရာကို တလ (၁၄) သိန်း
နှစ်ချုပ်၊ တဧကခွဲခန့်စက်ရုံကို တလ (၂၅) သိန်း နှစ်ချုပ်တို့ဖြင့် ငှားရမ်းခဲ့သော
စက်ရုံမြေနေရာ ပိုင်ရှင်တို့သည် စာချုပ်သက်တမ်းပြည့်ပါက ယခင်နှစ်နှုန်းများထက်
လျှော့ပေါ့လက်ခံမည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
စက်မှုလုပ်ငန်းများ ထိုသို့ သိသာစွာ ကျဆင်းနေသော်လည်း
စက်မှုဇုန်များရှိ KTV များ၊
အနှိပ်ခန်း (မာဆတ်ခန်း) များ၊ ဧည့်ရိပ်မွန် တည်ခိုခန်းများမှာ
ပုံမှန်လည်ပတ်လျက်ရှိသည်ဟု သိရသည်။ ၎င်းလုပ်ငန်းများသည် စက်မှုဇုန်
စက်ရုံအလုပ်ရုံများ၏ တဖက်ခြမ်း န၀ဒေးအိမ်ရာ၊ ကျန်စစ်သားအိမ်ရာ၊ အဆင့်မြင့် ရပ်ကွက်၊
ဗိုလ်ချုပ်အိမ်ရာ၊ ရေအုပ်ကန်ရပ်ကွက်များ၌ များစွာဖွံ့ဖြိုးလျက်ရှိသည်။
စက်မှုဇုန်မှတ်တိုင်တဖက်ခြမ်း၌ ညမွှေးပန်း၊ ဆက်၊
သုခစံရာဧည့်ရိပ်မွန်၊ စင်းဂါးမာဆတ်၊ စက်မှုဇုန် (၃) တဖက်ခြမ်း၌ လင်းလက်ဟိန်းမာဆတ်၊
အချစ်တော် KTV၊
ကျန်စစ်သားဈေးရပ်ကွက်၌ စိန်ပန်းမြိုင်၊ ရွှေဧည့်သည်၊ SWEET
တည်းခိုခန်း အပါအ၀င်
တည်းခိုခန်းများစွာရှိသည်။ ၀န်ဆောင်မှုအနေဖြင့် (လူနေမှုအဆင့်အလိုက်) နှစ်ယောက်အိပ်ခန်းကို
(၂,၅၀၀) ကျပ်မှ (၆,၀၀၀) ကျပ် တန်ဖိုးသတ်မှတ်ထားသည်။
ပြည့်တန်ဆာမလေးများမှာ အသက် (၁၈) နှစ်မှ (၂၅) နှစ်ဝန်းကျင်ခန့်သာရှိကြပြီး
နေ့ညအချိန်မရွေးခေါ်ယူ၍ရကာ (၁) သောင်းဝန်းကျင်သာ တန်ကြေးပေးရကြောင်း
စက်မှုဇုန်အနှေးယာဉ်လုပ်သား (ဆိုက်ကားသမား) များက ပြောသည်။ စက်မှုဇုန် (၂) ရှိ လမ်းမကျယ်တခုဆိုလျှင်
မူလလမ်းအမည်ပျောက်ကာ ‘မောင့်သဘော’ လမ်းဟု အမည်တွင်နေသည်။
စက်မှုဇုန်အလုပ်သမများ၏ စာရိတ္တမဏ္ဍိုင်သည် တစတစ
စိုးရိမ်ဖွယ်အခြေအနေရှိလာသည်ဟု သုံးသပ်သူများရှိပြီး အမှိုက်ပုံများ၌
စွန့်ပစ်ထားသော အမိဝမ်းမှကျွတ်ခါစ ကလေးအလောင်းများ မကြာခဏတွေ့ရသည့် သတင်းများလည်း
ထွက်ပေါ်ခဲ့သည်။
http://www.khitpyaing.org




