ဝ ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားများသည် ဘဝ ရပ်တည်ရေးအတွက်
ပြောင်းရွှေ့လာသည့် တရုတ်လူမျိုး များကို မှီခိုနေကြရသည်ဟု ပြောဆိုကြသည်။
ဝ ဒေသခံများသည် လယ်ယာ၊ တောင်ယာ၊ စိုက်ပျိုးရေး စသည့်လုပ်ငန်းများကိုသာ
လုပ်ကိုင်ကြ သော်လည်း ရရှိသည့် ဝင်ငွေဖြင့် ရပ်တည်၍ မရနိုင်သောကြောင့် တရုတ်လူမျိုးများထံတွင်
အခကြေးငွေဖြင့် အလုပ်လုပ်ကိုင် နေရသည်ဟု ပန်ဆန်းမြို့ရှိ ကာစီနို လောင်းကစားရုံတရုံတွင်
အလုပ်လုပ်နေသည့် အသက် ၃၂ နှစ်အရွယ် အိုက်ပေါင်းရိုင်းက ဧရာဝတီသို့ပြောသည်။
ပြောင်းရွှေ့လာသည့် လူနည်းစု တရုတ်လူမျိုးများက ငွေအရင်းအနှီးနှင့်
ဝင်ရောက်လာကာ ဟိုတယ်လုပ်ငန်းများ၊ ကျောက် အရောင်းအဝယ်ဆိုင်များ၊ ကာစီနိုရုံများ ဖွင့်ကြကြောင်း၊
ထို စီးပွားရေး လုပ်ငန်းများက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်လာကြောင်း
ဝ တိုင်းရင်း သား အိုက်ပေါင်းရိုင်းက ဆိုသည်။
“ကျနော်တို့တွေက မြို့ကြီးတွေမှာ နေတာမဟုတ်ပေမယ့်လည်း တီဗီတွေ၊
ဒီဗီဒီတွေ၊ ရေခဲသေတ္တာတွေ၊ လျှပ်စစ်မီးတွေ လိုတယ်။ အဲဒါတွေနဲ့ ကောင်းကောင်း နေထိုင်နိုင်ဖို့အတွက်
ဝင်ငွေကောင်းကောင်း ရှိမှရမယ်။ အဲဒီလို ဝင်ငွေကောင်းရဖို့ အတွက်က တရုတ်တွေဆီမှာ အလုပ်လုပ်ရတယ်”
ဟု သူက ဆက်ပြောသည်။
ဝ ဒေသတွင် အဓိကငွေကြေးအဖြစ် တရုတ်ငွေ (ယွမ်) ကိုသာ အသုံးပြုကြပြီး
ရုံးသုံး စာများ ရေးသားရာတွင်လည်း တရုတ်စာကို အသုံးပြုသည်။ ဒေသခံလူထုသည် အဓိက ဘာသာစကားအဖြစ်
တရုတ်စကားကိုသာ အများဆုံး ပြောဆိုကြပြီး ဝ ဘာသာစကား နှင့် ရှမ်းဘာသာစကား တို့ကိုလည်း
ပြောဆိုကြသည်။
ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ မှတ်တမ်းများအရ
ဝ ဒေသတွင်နေထိုင်သူ လူဦးရေ ၅ သိန်းခန့် ရှိပြီး တရုတ်နိုင်ငံတွင် နေထိုင်ကြသည့် ဝ
တိုင်းရင်းသား ၁ သန်းခန့် ရှိသည်ဟု သိရသည်။
ပန်ဆန်းမြို့သည် ဝ ဒေသ၏ မြို့တော်ဖြစ်ပြီး UWSA ၏ ဌာနချုပ်တည်ရှိရာမြို့လည်းဖြစ်ကာ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့မှ မိုင် ၁၀၀ ခန့်အကွာတွင်
တည်ရှိသည်။
စီးပွားရေးလုပ်ငန်းရှင် တရုတ်လူမျိုးများသည် ဝ ဒေသခံများအပေါ်
နှိမ့်ချ ဆက်ဆံမှုများရှိနေပြီး ၎င်းတို့ ပေးသည့် အလုပ်များမှာလည်း အောက်ခြေသိမ်း အလုပ်များသာ
ဖြစ်သည်ဟု အိုက်ပေါင်းရိုင်းက ရှင်းပြသည်။
ဒေသခံ ဝ တိုင်းရင်းသား အများစုမှာ ဟိုတယ် သန့်ရှင်းရေး၊
ညစောင့်၊ ယာဉ်မောင်း၊ လောင်းကစားရုံ အလုပ်များနှင့် စားသောက်ဆိုင် ဝန်ထမ်း အလုပ်များသာ
ရရှိကြောင်း အိုက်ပေါင်းရိုင်း၏ ညီမတော်သူ အီလွဲရိုင်းက ဆိုသည်။
“ကျမတို့လို လူတွေအတွက် အလုပ်ကောင်းရဖို့ဆိုတာ ခက်ပါတယ်။
ဒါပေမယ့် ကျမတို့ရတဲ့ လခကတော့ လယ်စိုက်လို့ ရတဲ့ ငွေထက်တော့ များပါသေးတယ်။ အရေးကြီးတာက
တရုတ်စာနဲ့ တရုတ် စကား တတ်ဖို့ပါပဲ။ တရုတ်လို မတတ်ရင် ဘယ်သူဌေးကမှ အလုပ်မပေးချင်ကြဘူး”
ဟု ၎င်းက ပြောသည်။
ပန်ဆန်းမြို့တွင် အနှိပ်ခန်းများလည်း များစွာရှိကြောင်း၊
အနှိပ်ခန်းများတွင် အလုပ်လုပ်ရခြင်းသည် လည်း ဝင်ငွေကောင်း သောအလုပ်တခု ဖြစ်ကြောင်း၊
သို့သော်လည်း ၎င်းအနေဖြင့် ရုပ်ရည်လှပခြင်း မရှိသဖြင့် ပိုင်ရှင်များက အလုပ် မပေးကြောင်း
အီလွဲရိုင်းက ရှင်းပြသည်။
“မြင်တဲ့အတိုင်းပဲ။ ကျမက ဝ စစ်စစ်ဆိုတော့ အသားမည်းတယ်၊ အရိုးအဆက်တွေ
ကြီးတယ်ဆိုတော့ ဘယ်အနှိပ်ခန်းမှာမှ အလုပ်မရနိုင်ဘူး။ ပိုင်ရှင်တွေက ခပ်ချောချော တရုတ်မလေးတွေ၊
ဗမာပြည်ထဲ က အလုပ်လာလုပ်တဲ့ ရုပ်ချောတဲ့ သူတွေကိုပဲ အလုပ်ခန့်တာလေ” ဟု အီလွဲရိုင်းက
ဆိုသည်။
ပန်ဆန်းမြို့ရှိ အနှိပ်ခန်းများမှာ အပြင်ပန်းအမြင် အနှိပ်ခန်းဖြစ်သော်လည်း
အမှန်တကယ်အားဖြင့် ပြည့်တန်ဆာ ရုံများပင်ဖြစ်ကြောင်း ပန်ဆန်းအခြေစိုက် NGO တခုမှ အမည်မဖော်လိုသူ
ဝန်ထမ်းတဦး က ဧရာဝတီသို့ ပြောသည်။
“ဒီက အနှိပ်ခန်းတွေက အနည်းဆုံး ၅၀ ကနေ ၈၀ လောက်ရှိကြတယ်။
အဲဒီ အလုပ်က ဝင်ငွေလည်း ဖြောင့်တော့ လုပ်ချင် တဲ့ သူတွေများတယ်။ သာမန် အလုပ်သမား တယောက်ဆိုရင်
တရက်ကို ၆၀ ယွမ် (၈ ထောင်ကျပ်ခန့်) လောက်ပဲ ရတယ်။ အနှိပ်ခန်းမှာ လုပ်ရင်တော့ အနည်းဆုံး
ယွမ် ၂၀၀ (၂၆၀၀၀ ကျပ်ခန့်) လောက်ရတယ်။ ဒီထက်တောင်မှ ပိုနိုင်သေးတယ်” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း ၎င်းတို့အဖွဲ့အစည်းမှ ကောက်ယူထားသည့် စစ်တမ်းများအရ
ဒေသခံလူထု ကိုသော် လည်းကောင်း၊ အနှိပ်ခန်းများတွင် အလုပ်လုပ်ကြသူများကိုလည်းကောင်း
HIV/AIDS အသိပညာပေးရန် များစွာလိုအပ်နေသေး သည်ဟု သိရသည်။
စီးပွားရေးလုပ်ငန်းများကို တရုတ်လူမျိုး အများစုက ပိုင်ဆိုင်ကြပြီး
UWSA မှ အရာရှိကြီး တချို့သည်လည်း ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်ထားကြသည်ဟု
ဒေသခံများက ပြောဆိုကြသည်။
UWSA အမြောက်တပ်ရင်းမှ အမည်မဖော်လိုသူ အရာရှိတဦးကမူ ၎င်းတို့အနေဖြင့်
တရုတ်နိုင်ငံမှနေ၍ ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များမှအစ တခြားသော ပစ္စည်းများပါ
မှီခိုနေရသည်ဟု ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ နယ်ထဲကို ဗမာအစိုးရက ကုန်ပစ္စည်း တင်သွင်းခွင့်
ပိတ်ပင်ထားတယ်။ စားစရာမပြောနဲ့ ဖွဲတောင်မှ ကျနော်တို့ဆီကို သယ်လို့မရဘူး။ အဲဒီလို အခြေအနေမျိုးမှာ
ကျနော်တို့ဘက်က တရုတ် အပေါ် မှီခိုရတယ်ဆိုတာ မဆန်းပါဘူး” ဟု အဆိုပါ အရာရှိက ဆိုသည်။
မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအစီအစဉ်ကို ငြင်းဆန်ခဲ့သဖြင့်
UWSA နှင့် မြန်မာအစိုးရတပ်များ အကြား ဆက်ဆံရေး တင်းမာခဲ့သည်။
စိုင်းဇွန်ဆိုင်း




