အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့်နေထိုင်နေသူများအား
တွေ့ဆုံမေးမြန်းခြင်း
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်သည် သတင်းစာဆရာများအား
စိန်ခေါ်မှုများစွာပေးနေပေသည်။ ဖြစ်နိုင်ဖွယ်ရှိသော အကြီးဆုံးစိန်ခေါ်မှုမှာ
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရှိသူများ၊
သို့မဟုတ် အိတ်ခ်ျအိုင်ဗွီ/ အေအိုင် ဒီအက်စ်ရိုက်ခတ်မှုအား ခံနေရသူများအား တွေ့ဆုံမေးမြန်းရာမှာ၊ အလွတ်သဘောပြောဆိုရာမှာ၊ ဓာတ်ပုံများကိစ္စနှင့် သတင်းကိစ္စများ၌ မည်သို့မည်ပုံ ကိုင်တွယ်ဆက်ဆံရမည်နည်းဆိုသည့်အချက်ပင်။
လူအများ၏ ပုဂ္ဂလိကအခွင့်အရေးကို ကာကွယ်ပေးခြင်း၊ လျှို့ဝှက်သတင်းအချက်အလက်များ
ရေးသားခြင်းအား ရှောင်ရှားခြင်း၊ အပြစ်တင်ခြင်းနှင့် သမားရိုးကျသတ်မှတ်ချက်များ တည်တံ့စေခြင်းတို့ကို
ရှောင်ရှားခြင်းနှင့် သူတို့ အား ‘သားကောင်’ သဖွယ်ပြောဆို သဘောထားခြင်းများကို
ရှောင်ရှားခြင်းတို့သည် ကျင့်ဝတ်နှင့်ညီသော၊ တရားမျှတပြီး အပြုသဘောဆောင်သော အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အကြောင်း ရေးသားဖော်ပြချက်များ
အတွက် မရှိမဖြစ်
လိုအပ်ပေသည်။
ခက်ခဲသောအကြောင်းအရာတခုအား ကိုင်တွယ်ရသူမည်သူ့အတွက်မဆို ပထမဆုံးခြေလှမ်းမှာ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး
မိမိ၏ခံစားမှုများ၊ ကြောက်ရွံ့မှုများ၊
ထိခိုက်လွယ်မှုများနှင့် ဘက်လိုက်မှုများကို ဆန်းစစ်ရန်ပင်၊ ဤအချက်သည် သူတို့၏ပုဂ္ဂလိကခံစားချက်များနှင့်
ယုံကြည်မှုများက သူတို့၏သတင်းအပေါ်ချဉ်းကပ်ပုံနှင့် ရေးသားမှုအပေါ် ပြင်းပြင်းထန်ထန်
အကျိုးသက်ရောက်နေနိုင်သောကြောင့် သတင်းစာ ဆရာများအတွက် အရေးကြီးပါသည်။
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်
နေထိုင်နေသူတယောက်အား တွေ့ဆုံမေးမြန်းသည့်အခါ သူ၏လိုအပ်ချက်များနှင့်အမြင်များအား စာနာနားလည်ပေးနိုင်ရန် အရေးကြီးပေသည်။ တွေ့ဆုံမေးမြန်းရန်
မေးခွန်းများကို ပြင်ဆင်ထားပြီး ဤမေးခွန်းများက သင့်လျော်မှုရှိ၊ မရှိကို
ဒေသခံအိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကိစ္စ ၀န်ဆောင်မှုပေးနေသောအဖွဲ့များကို မှတ်ချက်ပေးခိုင်းခြင်းဖြင့်
အထောက်အကူဖြစ်ပါလိမ့်မည်။ တွေ့ဆုံမေးမြန်းမှု မပြုခင်၊ သို့မဟုတ် တွေ့ဆုံမေးမြန်းရန်သဘောမတူခင်
သတင်းအရင်းအမြစ်နှင့်အတူမေးခွန်းများကို ဆွေးနွေးကြည့်ပါကလည်း အထောက်အကူ ဖြစ်နိုင်ပါသည်။
“လျှို့ဝှက်မှုအားအမြဲတမ်းလေးစားရမည်။
အထူးသဖြင့် သင်၏သတင်းအရင်းအမြစ်မှာ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်နေထိုင်သူ၊ သို့မဟုတ် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်၏ ရိုက်ခတ်မှုကို အနီးကပ်ခံစားရ သူဖြစ်လျှင်” အောက်၌ ဖော်ပြထားသည့် အချက်များသည် တွေ့ဆုံမေးမြန်းခံရသူများနှင့်
မည်သို့မည်ပုံ ဆက်ဆံ ရန်အတွက် လမ်းညွှန်ပေးထားချက်များပင် ဖြစ်သည်။
- တွေ့ဆုံမေးမြန်းခံရသူများအနေနှင့် သူတို့မည်သူမည်ဝါဖြစ်သည်ဆိုခြင်းကို
ဖော်ထုတ်ခြင်းဖြင့် ဖြစ်လာနိုင်ဖွယ်ရှိသော အကျိုးဆက်များကို သေသေချာချာသိပါစေ။ ပီအယ်လ်အိတ်ခ်ျအိုင်ဗွီ
ခေါ် အိတ်ခ်ျအိုင်ဗွီနှင့်
နေထိုင်နေသူ (HIV နှင့်နေထိုင်သူ)တိုင်းသည် သူတို့၏လျှို့ဝှက်ပိုင်ခွင့်ကို
မသိကြပါပေ။ အများစုကသတင်းထောက်မေးသော မေးခွန်းတိုင်းကို ဖြေဖို့တာဝန်ရှိသည်ဟုပင် ထင်ကြသည်။
ဖြေကြားပေးမည့်သူသည် အရှက်ခွဲခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့နှင့် ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေသောအရပ်၌ နေနေရသူဆိုပါက
သေသေချာချာနားလည်ပြီးမှ ဖြေပေးရန် သဘောတူတာမျိုးဖြစ်ရန် အထူးအရေးကြီးသည်။ သူတို့မည်သူ မည်ဝါများဖြစ်သည်၊
သူတို့၏ အိတ်ခ်ျအိုင်ဗွီရှိနေသည့်
အနေအထားကို လူသိရှင်ကြားဖော်ထုတ်ပြီးသည့်နောက် လူ့အသိုင်းအ၀ိုင်းမှ ကြဉ်ထုတ်ခံရ၊
အနှိပ်စက်ခံရပြီး အသတ်ခံရသည့်အထိ ဖြစ်ပွားခဲ့သောအဖြစ် အပျက်များ တကမ္ဘာလုံး၌ပျံ့နှံ့နေလေသည်။
အာဖရိကမှဖြစ်ရပ်တခုမှာ အမျိုးသမီးတဦးက သူ့၌အိတ်ခ်ျအိုင်ဗွီရှိကြောင်း သတင်းထောက်တယောက်အား ပြောလိုက်အပြီး၊
သူမအကြောင်းဆောင်းပါးပေါ် ထွက်လာပြီး နောက် သူ့ရွာကရွာသူရွာသားများက သူ့အားကျောက်တုံးများနှင့်
ထုသတ်ပစ်လိုက်ကြသည့် သာဓကရှိသည်။
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အကြောင်း
ကောင်းကောင်းသိပြီး သတင်းအချက်အလက်များ
အပြည့်အစုံရနေသော လူ့အဖွဲ့အစည်းများအတွင်းမှာပင် အရှက်ခွဲခြင်းနှင့်
နှိမ်ချဆက်ဆံခြင်းများသည် ပိုမိုသိမ်မွေ့သော ပုံသဏ္ဍန်များနှင့် ရှိနေဆဲပင်။
ဥပမာအားဖြင့် - အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တားဆီးကာကွယ်ရေးလှုပ်ရှားမှု၌
တက်ကြွစွာပါဝင်နေကြသော အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်နေသူအများအပြားသည်
သူတို့မည်သူမည်ဝါ ဖြစ်ကြသည်ကို မဖော်ထုတ်ပဲဖြေပေးရသည်ကို ပို၍နှစ်သက်ကြသည်။ မကြာခဏဖြစ်တတ်သည်မှာ
သူတို့အခြေအနေကြောင့် အလုပ်အကိုင်ကို ထိခိုက်သွားနိုင်သည့်အတွက် မိသားစုနှင့် ရင်းနှီးသောမိတ်ဆွေများမှ လွဲ၍
သူတို့၏ အိတ်ခ်ျအိုင်ဗွီ အခြေအနေအား လူသိရှင်ကြားမပြုထားပေ။
- တွေ့ဆုံမေးမြန်းခံရမည့်သူအား သေသေချာချာရှင်းပြပြီး
တွေ့ဆုံမေးမြန်းခန်းအတွက် သူတို့ပြင်ဆင်နိုင်အောင် လုပ်ပါ။
- သတင်းထောက်နှင့်စကားပြောရမည်ကို ကြောက်သည့်အလားအလာရှိသော
တွေ့ဆုံမေးမြန်းခံရမည့်သူအား အေအိုင်ဒီအက်စ်အရေး လုပ်ကိုင်ပေးနေသည့်အဖွဲ့ကဲ့သို့
စိတ်ချရသောကြားခံမှတဆင့် ချဉ်းကပ်နိုင် သည်။ သတင်းထောက်အနေဖြင့် ပြောမည့်သူကို
စာနာစိတ်ဖြင့် ပြုမူဆက်ဆံအောင် ကြားခံကကူညီပေးနိုင်သလို မေးမြန်းခံရမည့်သူအား မတရားမေးခွန်းများ
မေးခြင်းမှလည်း အကာအကွယ်ပေးနိုင်သည်။
- အပြစ်တင်ခြင်းနှင့် သမားရိုးကျပုံစံများကို ရှောင်ရှားပါ။
- စကားလုံးအသုံးအနှုန်းများ
အသုံးမပြုခင်စဉ်းစားပါ။ စကားလုံးအသုံးအနှုန်းများမှ စာဖတ်သူများအပေါ် ပြင်းထန်သော
သက်ရောက်မှုဖြစ်နိုင်ပေသည်။ အဆုံးအဖြတ်ပေးခြင်းမျိုးမဖြစ်အောင်၊ ဖန်တရာတေနေသော
အသုံးအနှုန်းများနှင့် ပြည့်နှက်မနေအောင်၊ မျှတအောင်၊ မှန်ကန်အောင် ဂရုစိုက်ပါ။ သိပ္ပံပညာဆိုင်ရာ
တိုးတက်မှုများအကြောင်း ပြောဆိုနေခြင်းဖြစ်ပါက ဝေါဟာရများကို ပရိသတ်များအလွယ်တကူ နားလည်စေနိုင် မည့် စိတ်ကူးများနှင့်
အသုံးအနှုန်းများအဖြစ်သို့ ပြောင်းလဲပေးပါ။ သတင်းများတွင်သုံးသည့် စကားလုံးအသုံးအနှုန်းများ
တိကျသေချာစေရန်မှာ အလွန်အရေးကြီးပါသည်။ တကယ့်ဖြစ်ရပ်မှန် ဘ၀ဇာတ်ကြောင်းနှင့် အတွေ့အကြုံများကို
အသုံးပြုခြင်းသည် သင်၏သတင်းကို ပိုပြီးနားလည်လွယ်စေပါသည်။ သတင်းတပုဒ်အတွင်း ‘လူသားရုပ်ပုံလွှာ’ ထည့်ခြင်းအားဖြင့် ငြီးငွေ့စရာကောင်းပြီး ကိန်းဂဏန်းများ၊
အချက်အလက်များနှင့် ခြောက်သွေ့နေနိုင်သည့် အကြောင်းအရာတခုကို ပို၍စိတ်ဝင်စားစရာကောင်းသော
ဖတ်စရာတခုအဖြစ် ပြောင်းလဲပစ်နိုင်ပါသည်။
သတင်းစာပညာကောင်းအရ သတင်းစာဆရာများသည် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ဆိုင်ရာ အချက်အလက်များကို
နားလည်ရမည်ဖြစ်ပြီး ဤအချက်အလက်များကို ပရိသတ်များထံ သူတို့နားလည်နိုင်မည့် နည်းလမ်းများနှင့်
ရေးသားတင်ဆက် ပေးပို့ပေးရမည်ဖြစ်သည်။
တွေဆုံမေးမြန်းခြင်းဆိုင်ရာ အထွေထွေအကြံပြုချက်များ
- တွေ့ဆုံမေးမြန်းခြင်းမပြုမီ တတ်နိုင်သမျှ များများပြင်ဆင်ပါ။
အကြောင်းအရာကို သုတေသနလုပ်နေစဉ် ပေါ်လာသမျှမေးခွန်းများကိုချရေးပါ။
အပြီးသတ်မှာမေးခွန်းများကို တချက်ပြန်ကြည့်ပြီး တွေ့ဆုံမေးမြန်းစဉ် အကြောင်းအရာတခုမှတခုသို့ ချောချောမွေ့မွေ့ ကူးပြောင်းနိုင်အောင်
မေးခွန်းများကို အုပ်စုခွဲခြင်း အစဉ်လိုက်တွဲထားခြင်းတို့ကို ပြုလုပ်ပါ။
- ကိုယ့်တွေ့ဆုံမေးမြန်းခန်းက အာရုံစူးစိုက်မည့်အကြောင်းအရာကို
ဆုံးဖြတ်ပါ။ ကိုယ်မည်သို့သော သတင်းအချက်အလက်မျိုး လိုချင်သည်ကိုသိပါ။
- မေးခွန်းမေးရာ၌ မည်သည့်ဗျူဟာမျိုး သုံးမည်ဆိုသည်ကိုရွေးချယ်ပါ။ အကဲဆတ်သော၊
သို့မဟုတ် ခက်ခဲသောအကြောင်းအရာများကိုမပြောခင် ယုံကြည်မှုနှင့် ရင်းနှီးမှုတည်ဆောက်ရန်လိုနေသလား။
မည်သို့မည်ပုံ လုပ်နိုင်သနည်းဆိုသည်များကို
တွေးယူပါ။
- အသံဖမ်းကိရိယာ၊ မှတ်စုစာအုပ်နှင့် ဘောလ်ပင်တို့ အဆင်သင့်ဖြစ်ပါစေ။
- အချိန်တိကျပါ။
- တွေ့ဆုံမေးမြန်းရာမှာ ပွင့်လင်းမှုရှိလာအောင် အပြုသဘောဆောင်သော
ကိုယ်အမူအရာကိုသုံးပါ။
- တွေ့ဆုံမေးမြန်းခံရသူ၏ ခန္ဓာကိုယ်အမူအရာကိုရောင်ပြန်ဟပ်ပါ။
ဤလုပ်ဆောင်မှုသည် ရိုးရှင်းသော်လည်း ထိရောက်မှုရှိပါသည်။ သူ၏ခန္ဓာကိုယ်အမူအရာ၊ လှုပ်ရှားမှုများကို
ရောင်ပြန်ဟပ်ခြင်းအားဖြင့် တဖက် သားအနေနှင့် လျင်မြန်စွာသက်တောင့်သက်သာဖြစ်ပြီး
ကိုယ့်ကိုခင်မင်စရာ၊ ယုံကြည်စိတ်ချစရာအဖြစ် တွေးမြင်လာပါလိမ့်မည်။ အဘယ့်ကြောင့်ပါလဲ၊ အကြောင်းမှာ သင်ပြုလုပ်လိုက်သော သူနှင့်အလားတူခန္ဓာ ကိုယ်အမူအရာက
သင်တို့နှစ်ဦးစလုံးသည် အတူတူဘဲဟူသည့်အချက်ကို သင်ကပြသလိုဖြစ်စေသည့်အပြင် စိတ်ခံစားချက်ကိုလည်းဖြစ်စေသည်။
ဥပမာအားဖြင့် ထိုပုဂ္ဂိုလ်မှ
နောက်ကိုမှီလိုက်ခြင်း၊ သို့မဟုတ် ရှေ့ကိုကုန်းလိုက်ခြင်းပြုပါက အလားတူလိုက်လုပ်ပါ။
သူကအားတက်သရောနှင့် အသံမြှင့်ပြောပါက
ကိုယ်ကလည်း သူ့အသံမျိုးနှင့် ပြန်ပြောကြည့်ပါ။ ဤသို့လုပ်ရာ၌ သူ့ကို လှောင်သလို ပြောင်သလိုမျိုး မဖြစ်အောင်တော့မူ
သိမ်သိမ်မွေ့မွေ့နှင့် လုပ်တတ်ရန် အရေးကြီးပါသည်။
- တွေ့ဆုံမေးမြန်းနေစဉ် တက်တက်ကြွကြွနားထောင်ပြီး စိတ်ဝင်စားစရာကောင်းသော၊
မရှင်းလင်းသောအချက်များကိုဆက်လိုက်ပါ။ လမ်းမချော်သွားရအောင်နှင့်
လိုအပ်သမျှအသေးစိတ်အားလုံးရအောင် မေးခွန်း များကို စာရင်းကြိုပြီးပြုစုထားရန် အရေးကြီးသည်။
သို့သော်လည်း ရေးချလာသည့် မေးခွန်းစာရင်းအတိုင်းချည်းသာ မမေးမိရန်လည်းအရေးကြီးပေသည်။
- ရှုပ်ထွေးမှုတွေမဖြစ်ရအောင် မေးခွန်းများကို ၀ါကျတိုတိုနှင့်
အရှင်းဆုံးဖြစ်အောင်မေးပါ။
- အသေးစိတ်အချက်အလက်များရနိုင်ရန် မည်သို့မည်ပုံနှင့် မည်သည့်အချိန်၌
အဖွင့်မေးခွန်းများအားမေးပြီး ‘ဟုတ်တယ်၊ မဟုတ်ဘူး’ ဟူသောအဖြေနှင့် အချို့အချက်အလက်များကို ပိုင်ပိုင်နိုင်နိုင်ရရန် အပိတ်မေး ခွန်းများ
မေးရမည်ဆိုသည်ကို မမေ့ပါနှင့်၊ သတိရှိပါ။
- ကိုယ့်ကိုအချိန်ပေး ပြောပြသည့်အတွက် ကျေးဇူးတင်ကြောင်းပြောဆိုပါ။
သတင်းအချက်အလက်များကို
ပိုလိုချင်နေသည့်အချိန်၊ တဖက်သားကိုလည်း ဖိအားပေးသလိုမဖြစ်ချင်သောအခါမျိုးများတွင်
အောက်တွင်ဖော်ပြထားသည့် အဖွင့်မေးခွန်းများ မေးကြည့်၊ အသုံးပြုကြည့်ပါ။
*.....အကြောင်းပြောပြပါလား။
*.....ဖြစ်တဲ့အချိန်ဆီကို ပြန်ခေါ်သွားပေးပါလား။
*.....ဖြစ်တဲ့အချိန်က စိတ်ထဲမှာ
ဘာတွေဖြစ်နေပါသလဲ။
အောက်၌ဖော်ပြထားသည့် မေးခွန်းများမှာကောင်းမွန်ပြီး
အချုပ်သဘောမျိုးဖြစ်အောင် မေးနိုင်သည့်မေးခွန်းတချို့ဖြစ်သည်။ မည်သည့်အကြောင်းမှ ပြောစရာ၊ ထင်မြင်ချက်ပေးစရာမရှိဟု
ပြောသည့်နေရာတွင် ကျွမ်း ကျင်သူများဖြစ်သည့် အဆင့်မြင့်အာဏာပိုင်များနှင့်
ဆက်ဆံရသည့်အခါ အောက်ဖော်ပြပါ မေးခွန်းများက အထောက်အကူပေးပါလိမ့်မည်။
*.....မကြာမီ တချိန်ချိန်ဆိုတာ ဘာကိုဆိုလိုတာပါလဲ။ သည့်ထက်ရှင်းအောင်
ပြောပြနိုင်မလား။
*.....ပိုပြီး တိတိကျကျပြောရအောင်ပါ။ ခင်ဗျားရဲ့ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်စီမံချက်က ရှေ့တပတ်မှာစတော့မယ်လို့
ဆိုလိုချင်တာလား။
*.....စောစောကမေးခွန်းဆီ ပြန်သွားရအောင်ပါ။ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်စီမံချက်ကို
အချိန်ဘယ်တော့ စလုပ်မှာပါလဲ။
အကဲဆတ်သော တွေ့
ဆုံမေးမြန်းခန်းများကို ကိုင်တွယ်ခြင်း
စိတ်ထိခိုက်ဖွယ်ရာအတွေ့အကြုံ၊ သို့မဟုတ် ရင်နာစရာအတွေ့အကြုံများ
ပြန်ပြောပြမည့်သူများနှင့် တွေ့ဆုံမေးမြန်းခြင်းကို မည်သို့မည်ပုံ ကိုင်တွယ်လုပ်ဆောင်နိုင်သည့်အပေါ် ပေးထားသည့် အကြံပြုချက်တချို့ ဖြစ် သည်။
ဤအကြံပြုချက်များသည် လူမှုရေးလုပ်သားများ၊ စိတ်ရောဂါကုသရေး ကျွမ်းကျင်သူများနှင့် သတင်းစာဆရာများထံမှ
ရရှိလာခြင်းဖြစ်သည်။
- တွေ့ဆုံမေးမြန်းမှုကို
ပြောပြမည့်သူကသိကျွမ်းနေပြီး ယုံကြည်စိတ်ချရသူ သူတို့အသိုင်းအ၀ိုင်းထဲမှ လူတဦးမှတဆင့်
စီစဉ်ပါ။
- မည်သည့်နေရာနှင့် မည်သည့်အချိန်၌ ပြောချင်သည်ကို
တွေ့ဆုံမေးမြန်းခံမည့်သူမှ ရွေးချယ်ပါစေ။ ဤသို့ရွေး ချယ်ခွင့်ပေးလိုက်ခြင်းသည် သူတို့ကိုတတ်နိုင်သမျှ
သက်တောင့်သက်သာနှင့် စိတ်ချလက်ချဖြစ်စေ ရန် အတွက်ဖြစ်သည်။ လူအများသည် သူတို့၏ပတ်ဝန်းကျင်တွင်း
နေသာထိုင်သာရှိမှသာ သူတို့၏အကြောင်းကို ပြောချင်ကြလေ့ရှိသောကြောင့်ပင်။
- တွေ့ဆုံမေးမြန်းခံရမည့်သူကို အဘယ့်ကြောင့်သူ့ကို
စကားပြောချင်ရကြောင်းနှင့် ခန့်မှန်းခြေအားဖြင့် အချိန်မည်မျှလိုမည်ဆိုသည်ကို အချိန်ယူပြီးရှင်းပြပါ။ သူသည်
ဖြစ်စဉ်တခုလုံး၏ တစိတ်တပိုင်းဖြစ်သည်ဆို ခြင်းကိုလည်း နားလည်အောင်ရှင်းပြပါ။
သိပ်ကိုအကဲဆတ်လွန်းသည့် အကြောင်းအရာများ၌ သူတို့မဖြေချင်ပါက မေးခွန်းကိုဖြေစရာမလိုကြောင်း
တွေ့ဆုံမေးမြန်းခံမည့်သူကို ပြောပြထားနိုင်ပါသည်။
- စိတ်အနာတရဖြစ်စရာ ကြုံရဖူးသူအများစုသည် သင်၏သနားခြင်းကို ခံချင်သူများမဟုတ်။
သူတို့၏ဇာတ်ကြောင်းကို ပြန်ပြောပြရန် ဆုံးဖြတ်လိုက်ခြင်းသည် သူတို့ကိုယ်သူတို့ကုစားရန်နှင့်
ပြန်ပြီးအားကောင်းလာ ချင်သောကြောင့်သာဖြစ်သည်။ ထို့ကြောင့် ‘အို.....ဒီအတွက် သိပ်ကိုဝမ်းနည်းပါတယ်’ ဟူသော အလွန်အကျွံသနားတတ်သည့် မှတ်ချက်မျိုးမပေးမိအောင်ကြိုးစားရှောင်ရှားပါ။
ကိုယ်ကအမှန်တကယ် သနားမိ၍ပြော သည့်တိုင် တဖက်သားအား အင်အားမဲ့သလိုဖြစ်အောင်
ထပ်လုပ်လိုက်သလို ဖြစ်သွားနိုင်ပါသည်။
- ကိုယ်ကနားထောင်နေကြောင်းပြသရန် အထူးသတိထားလုပ်ဆောင်ပါ။ (တချိန်လုံးလုပ်ရန်မလိုသလို
မျက်တောင်မခတ်ပဲ စူးစိုက်ကြည့်ပေးနေရန်လည်းမလိုပါပေ) မျက်လုံးချင်းဆုံပြီး ခေါင်းညိတ်ပြတာမျိုး လုပ်နိုင် ပါ သည်။
ကိုယ့်မှတ်စုစာအုပ်၊ သို့မဟုတ် ကင်မရာပေါ်ချည်းသာ အာရုံစိုက်မနေပါနှင့်။
- တွေ့ဆုံမေးမြန်းခံရသူက ဘာကိုဆိုလိုနေမှန်း၊ သို့မဟုတ်ပြောပြချင်မှန်းမသေချာပါက သူ့အားသည့်ထက်ရှင်းအောင်ရှင်းပြဖို့ပြောပါ။
ကိုယ်က သေသေချာချာနားလည်ခြင်း ရှိ၊ မရှိသိရန် နောက်ဆုံး၌ မေးခွန်းများနှင့် ထပ်၍ခိုင်မာအောင်မေးယူပါ။ ဥပမာအားဖြင့် - ‘ဒါဆိုရင် ခင်ဗျား.....ဒီလိုပြောတုန်းက.......... ဆိုလိုတာလား၊’ ‘အခု ခင်ဗျားပြောတာပေါ်မူတည်ပြီး..........လို့ ပြောလို့ရမလား’ စသည် စသည်ဖြင့်၊ အိတ်ခ်ျအိုင်ဗွီနှင့်
နေ ထိုင်နေသူများသည် များသောအားဖြင့် သတင်းသမားများအား ပြဿနာရှာသူများဟု မြင်တတ်ကြသည်။ တွေ့ဆုံမေးမြန်းခွင့် ပေးချင်လောက်အောင်
သတင်းသမားများကို ယုံကြည်မှုမရှိဖြစ်တတ်ကြသည်။
အဓိပ္ပာယ် လွဲသော သတင်းတပုဒ်၊ မှားပြီးကိုးကားသောမှတ်ချက်များကြောင့် ကိုယ့်ကိုပို၍
မယုံမကြည် ဖြစ်လာနိုင်သည်သာမက သတင်းသမားများသည် အိပ်မက်ဆိုးများနှင့်
အသွင်တူသည်ဟူသည့်အချက် အတည်ဖြစ်သွား နိုင်သည်။
- တွေ့ဆုံမေးမြန်းစဉ် အမေးမြန်းခံရသူက အမှတ်တမဲ့ချက်ချင်းစိတ်ထိခိုက်၍
ငိုချလိုက်သည်ဆိုပါက သူ့အနေနှင့် တွေ့ဆုံမေးမြန်းချက် ရပ်လိုက်ချင်ပြီဟု မယူဆပါနှင့်။
လုပ်သင့်သည်မှာ သူ့ကိုရွေးချယ်ခွင့်ပေးလိုက်
နိုင်ရန်လိုသည်။ ရေတခွက်လောက်ကမ်းပေးတာမျိုးလည်း လုပ်၍ရပါသည်။ ‘ကင်မရာကို တမိနစ်လောက် ပိတ်ထားပေးရမလား၊
ဒါမှမဟုတ် ဆက်ပြောချင်လား’ ဟူသော မေးခွန်းမျိုးမေးခြင်း၊
တခုခုပြောခြင်း လုပ်နိုင် သည်။ မကြာခဏဆိုသလိုပင်
ထိုသို့ရွေးချယ်ခွင့်ပေးလိုက်ခြင်းအားဖြင့် သူတို့ကိုယ်သူတို့
ထိန်းချုပ်နိုင်အောင် အကူအညီပေးလိုက် နိုင်ပါလိမ့်မည်။
- မေးမြန်းခံရသူက စကားပြောနေစဉ် အလယ်လောက်တွင်ရပ်သွားပြီး
ရှေ့မဆက်နိုင်ဖြစ်နေပါက သူစောစောကပြောသွားသော နောက်ဆုံးစကားလုံးကို ညင်ညင်သာသာ
ပြန်ပြောပြပေးလိုက်ပါ။
- တွေ့ဆုံမေးမြန်းခံရသူ သုံးတတ်သော အတိုကောက်စာလုံးများ၊
တွေ့ဆုံမေးမြန်းခံရသူက ရည်ညွှန်းထည့်သွင်း ပြောတတ်သည့် လူများအားလုံးကို သိနေအောင်ကြိုးစားပါ။
- ဖြစ်နိုင်ပါက သင်တွေ့ဆုံမေးမြန်းသူ၏ ယခင်ကတွေ့ဆုံမေးမြန်းခန်းများကို
ကြိုတင်ဖတ်ထားပါ။
- သူနှင့် အရင်တွေ့ဆုံမေးမြန်းဖူးသော သင့်လုပ်ဖော်ကိုင်ဖက်များနှင့်
စကားပြော၍ သိအောင်လုပ်ပါ။
- ကြိုတင်ပြင်ဆင်မှုသည် အချိန်ကုန်သက်သာစေပါသည်။
- မေးခွန်းများကို ချရေးထားပါ။ သို့သော် စကားပြောဆိုမှုကို လွတ်လွတ်လပ်လပ်
စီးဆင်းပါစေ။
နားထောင်ခြင်းစွမ်းရည်
တိုးတက်စေသောနည်းလမ်းများ
တွေ့ဆုံမေးမြန်းသော
စွမ်းရည်တတ်ကျွမ်းမှုလိုပင် နားထောင်နိုင်မှုစွမ်းရည်တတ်ကျွမ်းမှုသည်လည်း
အလေ့အကျင့်လိုအပ်ပြီး လွယ်လွယ်ကူကူနှင့် ပိုင်ဆိုင်ရရှိနိုင်သော အရည်အချင်းတရပ်တော့ဖြင့် မဟုတ်ပါပေ။
နား ထောင်ခြင်းဟူသည့်အလုပ်ကိုက ကျွမ်းကျင်မှုစွမ်းရည်တမျိုး အနုပညာတရပ်ပင်ဖြစ်ပါသည်။
များသောအားဖြင့် လူအများထင်ကြသည်က
နားထောင်ခြင်းသည် မိမိတို့အားလုံး တချိန်လုံးလုပ်နေသည့် အလုပ်မျိုးမို့ နား ထောင်ခြင်းနှင့် ပတ်သက်ပြီး
တကယ်တမ်းမည်သည့်အရာမျှ လေ့လာစရာမရှိဟု ထင်တတ်ကြသည်။
“တကယ်စစ်မှန်တဲ့ နားထောင်ခြင်းဆိုတာ တဖက်သားပြောတာဆုံးတဲ့အထိ၊ ဒါမှမဟုတ်
ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို မေးလာတဲ့အထိ ဘာမှအနှောင့်အယှက်မပေးပဲ၊ ပြောနေတာကို အသိအမှတ်ပြုတဲ့အနေနဲ့
ခေါင်း ညိတ်တာ၊ ပြုံးပြတာလိုမျိုး
သင့်တော်တဲ့ကိုယ်အမူအရာနဲ့ ငြိမ်ငြိမ်လေး နားထောင်တဲ့အခါမျိုးမှာသာ စစ်မှန်တဲ့နားထောင်ခြင်းဆိုတာ ဖြစ်တာပါ။
အဲဒါမျိုးကို ‘အသက်ဝင်တဲ့နားထောင်ခြင်း’လို့ ခေါ်ပါတယ်။”
သင်၏ နားထောင်ခြင်းစွမ်းရည်ကို
တိုးတက်စေရန် အောက်၌ အကြံကောင်းတချို့ပေးထားပါသည်...
- သင်၏ ခန္ဓာကိုယ်အနေအထားကို သတိပြုပါ။
တွေ့ဆုံမေးမြန်းခြင်းမလုပ်ခင်
သက်တောင့်သက်သာရှိပါစေ။ စိုးရိမ်ပူပန်မနေပါနှင့်။ ကိုယ်ကစိုးရိမ်ပူပန်နေပါက ထိုပူပန်မှုပေါ်လွင်နေပြီး ကိုယ်မေးမြန်းနေသူအား မသိမသာမသက်မသာခံစားစေရပြီး
ခင်မင်ရင်းနှီးမှု ရရန်အတွက် အချိန်ကြာသွားတတ်သည်။
- အပြုသဘောဆောင်သော ကိုယ်အမူအရာနှင့် နားထောင်နေကြောင်း ပြသပါ။
လိုအပ်တိုင်း၊ အခွင့်သင့်တိုင်း
ခေါင်းညိတ်ပြ၊ ပြုံးပြသည်သာမက
မျက်လုံးချင်းဆုံအောင်ကြည့်ပါ။ တခါတခါ ‘အော်’ ‘အင်း’ စသဖြင့်ပြောသည်မှာ
ကောင်းသော်လည်း တခွန်းပြောပြီးတိုင်းတခါ
ပြောတာမျိုးလုပ်ပါက မကောင်းပါ။ အကယ်၍သင်ဟာ ရေဒီယို၊ သို့မဟုတ် ရုပ်သံသတင်းသမားဖြစ်ပါက
တိတ်တိတဆိတ်ဆိတ်သာ နားထောင်နေသင့်ပြီး ကိုယ်အမူအရာနှင့်သာ စိတ်ဝင်စားမှုကို ပြတတ်အောင်
ကိုယ့်ကိုယ်ကို လေ့ကျင့် ပေးထားရန် အထူးပင်အရေးကြီးပေသည်။ အသံလွှင့်မီဒီယာများပေါ်၌ ဆူညံသံများကိုနားထောင်နားဆင်ရခြင်းသည်
စိတ်အနှောင့်အယှက်ဖြစ်စရာ အလွန်ကောင်းသည်။
- ဖြေနေသူက စကားအဆုံးသတ်ပြီးမှသာ နောက်ထပ်မေးခွန်းကို ထပ်မေးပါ။
သင့်အနေနှင့်
အမှန်ပင်နားထောင်နေကြောင်းနှင့် ကိုယ်မေးခွန်းမေးရရန်အတွက်သာ သူပြောတာဆုံးအောင်
နားထောင်နေခြင်းမဟုတ်ကြောင်း ပြသရန်လိုသည်။ ရှင်းလင်းချက်တောင်းရန်နှင့် အသေးစိတ်အချက် အလက်များ ထပ်မေးရန်ကိုမကြောက်ပါနှင့်၊ ‘ဘာကြောင့်လဲ’ ‘ဒါနဲ့ပတ်သက်ပြီး ပိုရှင်းပြနိုင်မလား။
....တကယ့်ကို စိတ်ဝင်စားစရာကောင်းလို့ပါ.....
နည်းနည်းဇဝေဇ၀ါဖြစ်နေသေးတယ်’ စသဖြင့် ပြောရမှာကို အားမနာပါနှင့်။
- မေးခွန်းတခုမေးထားပြီး ဖြေဆိုပေးသူမှ တိတ်ဆိတ်သွားပါကလည်း စောင့်နေပါ။
အဘယ့်ကြောင့်ဆိုသော် ဖြေပေးသူအနေဖြင့်
စကားမပြောခင်၊ အဖြေမပေးခင်
စဉ်းစားရန်လိုကောင်းလိုပါလိမ့်မည်။ သူ့အနေနှင့် မည်သည့်အကြောင်းအားမေးခဲ့သည်ကို၊
သို့မဟုတ် ထပ်ရှင်းပြရန် မမေးလာပါက မေး ခွန်းအား ပြန်ရွတ်ပြရန်မလုပ်ပါနှင့်၊ မကြိုးစားပါနှင့်။
ပိုမိုရှင်းလင်းသော
မေးခွန်းများမေးရန်အတွက် အကြံကောင်းများ
သံသယရှိသည့်အခါ ‘ဘာကြောင့်လဲ’ ဟုသာ ရှင်းရှင်းကလေးထပ်မေးပါ။ ထပ်မေးပြီးသည့်တိုင်
သံသယရှိနေသေးသည်ဆိုပါက ‘ဘာကြောင့်လဲ’ ဟုသာ ထပ်မေးလိုက်ပါ။ အသေးစိတ် အချက်အလက်များရနိုင်မည့် နည်းလမ်းအမျိုးမျိုးရှိပါသည်။
သို့သော် ‘ဘာကြောင့်လဲ’ ဟူသောမေးခွန်းသည် စတင်မေးမြန်းရန်
အကောင်းဆုံးနည်းလမ်းများထဲမှ မေးခွန်းတခုဖြစ်သည်။ ဤမေးခွန်းသည် ဖြေဆိုပေးနေသူ၏
စိတ်ထဲရှိသည့်အတိုင်း လွတ်လွတ်လပ်လပ်နှင့် ပွင့်ပွင့်လင်းလင်းပြောခွင့်ပေးနိုင်သော အဖွင့်မေးခွန်းတခုဖြစ်သည်။ မှန်ကန်သော
အမူအရာနှင့် နောက်ဆက်တွဲမေးခွန်းများ ထပ်မံမေးနိုင်မည်ဆိုပါက အရောင်အသွေးစုံပြီး အနှစ်သာရရှိသော ရေးစရာများတပုံကြီးနှင့်
သင်အိမ်အပြန်လှမည်မှာ ကျိန်းသေပင်။




