တစ်နှစ်ကျော်အတွင်း မြို့ပေါင်း ၂၅၅ ကို ၉၁ ရာခိုင်နှုန်း တစ်နိုင်ငံလုံးအနှံ့ စက်ဘီးစီးပြီး အိတ်ခ်ျအိုင်ဗီ ရောဂါပိုးအကြောင်း ပညာပေးခဲ့တဲ့ စရကိုက သတ်မှတ်ထားချက်ရဲ့ ၇၅ ရာခိုင်နှုန်း အသိပညာပေးတာ လုပ်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၃ဝ မှာ ပြောဆိုခဲ့ပါတယ်။ နေရာတိုင်းကို စက်ဘီးနဲ့ပဲ သူသွားနိုင်ခဲ့ရဲ့လား။
လမ်းခရီးမှာ စက်ဘီးနဲ့တင် မဟုတ်ဘဲ တစ်ချို့ဒေသတွေမှာ လုံခြုံရေးအရ မြေမြှုပ်မိုင်းနဲ့ နယ်မြေလု တိုက်ပွဲတွေ ရှိတာ၊ မြေပုံထဲကလို အပြင်မှာ လမ်းမရှိတဲ့နေရာတွေနဲ့ ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းလို ဒေသတွေမှာတော့ ကားနဲ့ ခရီးဆက်ခဲ့ရတာရှိပြီး WHO ကအစ အိတ်ခ်ျအိုင်ဗီ ရောဂါကို မသေမပျောက်အဆင့် သတ်မှတ်ပြီးဖြစ်တာမို့ လူတိုင်း တစ်နေ့ သေရမှာကြောင့် တွေးကြောက်နေတာဟာ နှစ်ခါသေရတာနဲ့ တူပါတယ်လို့ စရကိုက နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ သတင်းစာရှင်းလင်းပွဲလုပ် ပြောခဲ့ပါတယ်။
သူ့ရဲ့ခရီးစဉ်မှာ အသုံးပြုဖို့ နာရေးကူညီမှုအသင်း (ရန်ကုန်) က စက်ဘီး ၂ စီး ထောက်ပံ့ခဲ့တဲ့အပြင် ရောက်တဲ့မြို့နယ်တိုင်းက နာရေးကူညီမှုအသင်းတွေက ပညာပေးဟောပြောမှုတွေအတွက် လူစုပေးတာ၊ စားရေးသောက်ရေးနဲ့ ကျန်းမာရေးအတွက် လိုအပ်တာတွေ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
စရကိုရဲ့ ဖခင်က သားဖြစ်သူရဲ့ ခရီးစဉ်ဟာ လုပ်ရပ်ကောင်းဖြစ်တာကြောင့် သူ့ကျန်းမာရေး အခြေအနေကို ဂရုစိုက်ဖို့ မှာခဲ့တာကလွဲလို့ တားဆီးတာ မလုပ်ခဲ့သူလို စရကိုမှာ အိတ်ခ်ျအိုင်ဗီရောဂါပိုး ရှိနေပြီဆိုတာ သိချိန်က သားတစ်ယောက် ဆုံးရှုံးရတော့မယ်ဆိုတဲ့ အသိ လွှမ်းမိုးခဲ့ပေမယ့် အခုတော့ ဂုဏ်ယူမှုတွေပဲ ရှိတော့တယ်လို့ ပြောပါတယ်။
စရကိုဟာ သူ့ခရီးစဉ်အတွင်း သုံးစွဲခဲ့တဲ့ စက်ဘီးနှစ်စီးကို ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းရုံးမှာ အမှတ်တရ ထားရှိမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အိတ်ခ်ျအိုင်ဗီပညာပေးမှုကို စာသင်ကျောင်းတွေမှာ လိုက်ဟောပြောဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။
ကမာရွတ် - သတ်မှတ်ထားချက်ရဲ့ ၇၅%ကို HIV အကြောင်း စရကို ပညာပေးနိုင်ခဲ့တယ်




