အီတလီနိုင်ငံရှိ (Florence) ဖလောရင့်မြို့ တစ်မြို့ထဲမှာပဲ ၁၃၄၈ ခု၊ မတ်လနဲ့ ဇူလိုင်လအတွင်း လူ ၁၀၀ ၀၀၀ သေခဲ့တယ်။ “မနက်ကပဲ နံနက်စာ အတူစားသူတစ်ယောက်ဟာ ညကျတော့ အခြား ကမ္ဘာကို ရောက်နေကြတဲ့ သူ့ရဲ့ သွားလေသူ အဘိုးအဘွားတွေနဲ့ ညစာကို စားရတယ်” လို့ သမိုင်းကျော် စာရေးဆရာကြီး Boccaccio က "the Decameron" မျာ မှတ်သားထားခဲ့တယ်။ (... breakfast with their kinsfolk in the morning and when evening came supped with their forefathers in the other world) ဒီလိုနဲ့ပဲ တွေးလို့ မရနိုင်အောင် မြန်ဆန်လှတဲ့ နှုန်းနဲ့ ပြန့်သွား လိုက်တာ နောက်ဆုံး အဲဒီတုန်းက သိရှိနေတဲ့ ကမ္ဘာရဲ့ တစ်ကွက် တစ်ထောင့်မကျန် စေ့စုံအောင် ရောက်သွားလို့ ကမ္ဘာမှာ အဲဒီတုန်းက ရှိတဲ့ လူဦးရေရဲ့ သုံးပုံ တစ်ပုံ သေခဲ့ကြရတယ်လို့ ဆိုတယ်။
ပြင်သစ်ပြည်ရဲ့ လူဦးရေ လေးပုံ သုံးပုံ ပျက်စီးခဲ့တယ်။ လန်ဒန်မြို့မှာ ဆိုရင် လူ ၁၀ ယောက် အနက်က လူတစ်ယောက်ပဲ ကျန်တယ် (၁၀% ပဲ ကျန်တယ်)။ ၁၃၄၈ မှ ၁၃၅၉ အတွင်း ဥရောပမှာ ရှိတဲ့ လူတွေအားလုံးထဲက ထက်ဝက်သေးဆုံး ခဲ့တယ်။ အဲဒါကတော့ “ပလိပ်” ကပ်ရောဂါကြီးရဲ့ လက်ချက်ပဲ။ အင်္ဂလိပ်လို "Black Death" လို့ ခေါ်စမှတ်ပြုတယ်။ လူသားတွေ မမေ့နိုင်လောက်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သမိုင်း ကဏ္ဍတစ်ခု ဖြစ်တယ်။
ပလိပ်ရောဂါဟာ အနောက်နိုင်ငံတွေမှာတော့ လုံးဝ ပပျောက်သွားတာ ကြာပါပြီ။ အရှေ့တောင် အာရှဒေသမှာ ဆိုရင်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်အထိ ပလိပ်ရောဂါ အနှံ့အပြား ခပ်ဆိုးဆိုး ဖြစ်တုန်းပါပဲ။ “ကြွက်ကျတယ်” ဆိုလိုက်တာနဲ့ သေမင်းတမန် ရောက်လာပြီလို့ ယူဆလိုက်ပြီး ကြောက်ပြီး တုန်နေခဲ့ကြရတယ်။ ရွာလုံးကျွတ် ထွက်ပြေးဖို့ ပြင်ကြရတယ်။ ဒါပေမယ့် ၁၉၇၉-၈၀ လောက်ကစပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ အရှေ့တောင် အာရှဒေသရှိ နိုင်ငံတွေထဲမှာတော့ မြန်မာမှအပ အခြားနိုင်ငံတွေမှာ မဖြစ်တော့ပါဘူး။
သိရသလောက်တော့ မြန်မာနဲ့ ဗီယက်နမ်မှာ ပလိပ်ရောဂါဟာ စိတ်မချရသေးတဲ့ လူထုကျန်းမာရေး ပြဿနာအဖြစ် အခုထိ တည်ဆဲဖြစ်တယ်။ ဒါကြောင့် ကာကွယ်ရေး ကိစ္စတွေကို သတိရှိစွာနဲ့ ဆက်လက်လုပ်ဖို့ လိုသေးတယ်လို့ ယူဆရတယ်။ ၁၄၉၃ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းမှာ ထင်ရှားတဲ့ နှစ်တစ်နှစ်ပါ။ အဲဒီနှစ်မှာ “ကမ္ဘာ့ခရီးသည်ကြီး” ကိုလံဘတ် ဟာ အရင်က မသိသေးတဲ့ “တိုက်” သစ်ဖြစ်တဲ့ အမေရိက တိုက်ကို တွေ့ခဲ့တယ်။
ကမ္ဘာကျော် သမိုင်းဝင် နှစ်ကြီးပေါ့။ လူ့သမိုင်းတွင် မကပါဘူး၊ ကျန်းမာရေး သမိုင်းအတွက်လည်း သိပ်ပြီး အရေးပါခဲ့တာကိုတော့ သာမန်လူတွေ မသိကြဘူး ထင်ပါတယ်။ ဒီလို ထူးခြားပြီး စံတင်ထိုက်တဲ့ အောင်မြင်မှုကြီးကို ရပြီးနောက် ကိုလံဘတ်ရဲ့ သင်္ဘော ၃ စင်းဟာ စပိန်ကို ပြန်လာကြတယ်။ ကမ္ဘာသစ်ဖြစ်တဲ့ ဟေတီ (Haiti) နဲ့ ကျူးဘား (Cuba) ကျွန်းမှာ အပျော်ကြီး ပျော်ခဲ့ကြတဲ့ ကိုလံဘတ်ရဲ့ သင်္ဘောသား အချို့ရဲ့ ကိုယ်ပေါ်မှာ အဖုအပိမ့်တွေ ထလာတာ တွေ့ရတယ်။
နောက်တော့ ဒါတွေ ပျောက်သွားပြန်တယ်။ ၁၄၉၃ ခု၊ မေလ ၇ ရက် စပိန်ပြည် ဘာစီလိုနာ မြို့ကို ရောက်တော့ ဘုရင် ဖာဒီနန်နဲ့ ဘုရင်မ အစ်ဆာဘဲလာ တို့က သူတို့တတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခဲ့ ကြတယ်။ သူတို့ ကြိုဆိုလိုက်တဲ့ အထဲမှာ ကိုလံဘတ်နဲ့ သင်္ဘောသားတွေ အပြင် “စပိုင်ရိုခိ” (Spirochaete) လို့ ခေါ်တဲ့ ဆစ်ဖလစ် ကာလသားရောဂါ ပိုးလည်း ပါတယ်ဆိုတာတော့ ဘုရင်နဲ့ ဘုရင်မ သိလိုက်ကြမှာ မဟုတ်ဘူး။
ဒီသင်္ဘောသားတွေက “ကမ္ဘာသစ်” ကို လွမ်းမိုး အောင်နိုင်ခဲ့သလို သူတို့သယ်ဆောင်လာခဲ့တဲ့ “စပိုက်ရိုခိ” တွေကလည်း ဥရောပ တိုက်ကို နောက်အနှစ် ၅၀၀ တိုင်တိုင် အနှောင့် မယှက်ပြုပြီး အကြီးအကျယ် ဒုက္ခပေးခဲ့တယ်။ အခုထက်တိုင် ကမ္ဘာက ဒီဒဏ်ကို ခံနေရဆဲပဲ။ အရင် ပထမ စစဉ်က ဥရောပမှာ ဖြစ်သလို မီးဟုန်းဟုန်း ထလောင်သလို ဆိုးဆိုးဝါးဝါး အခြေသာ မဟုတ်တာ၊ ပြဿနာကတော့ ပျောက်သွားတာ မဟုတ်သေးပါဘူး။ ယခုတိုင် ရှိနေဆဲပဲ။
၁၄-၉-၁၄၉၃ မှာ သင်္ဘောတွေ ကမ္ဘာသစ်ကို ထပ်လွှတ်ပြီး ဖေဖော်ဝါရီ ၁၄၉၄ မှာ ပြန်လာတော့ ရောဂါဟာ ထပ်ပြီးပါလာပြီး ပြန့်တော့တာပဲ။ အဲဒီတုန်းက ဥရောပမှာ စစ်တွေဟာ အမြဲလိုလို ဖြစ်နေကြတယ်။ ပြင်သစ်က အီတလီရဲ့ နယ်ပယ်တွေ ဝင်တိုက်လို့ စပိန်က တစ်ခါမှာ အီတလီဘက်က ကူ၊ နောက်တစ်ခါ အခြားဘက် ဖြစ်တဲ့ ပြင်သစ်ကို ကူနဲ့ နိုင်ငံရေး ရှုပ်ယှက်ခတ်နေတဲ့ အခါ ဖြစ်တယ်။ ဒီလို အခါမျိုးမှာ ကြေးစားစစ်သားတွေ တစ်ခေတ်ထတဲ့ အချိန်ပေါ့။ သူတို့ဟာ ဥရောပရှိ နိုင်ငံပေါင်းစုံမှ လာတာဖြစ်တယ်။
ကြေးစား စစ်သားဆိုတာ “ပြည့်တန်ဆာ” တွေနဲ့ လွတ်ကြတာ မဟုတ်ဘူး။ ကြေးစား တပ်ဖွဲ့နောက်က ပြည့်တန်ဆာအဖွဲ့ (camp follower) “စစ်သားစခန်း နောက်လိုက်” များ ပါစမြဲပဲ။ ဒီဖြစ်ရပ်တွေ ပေါင်းလိုက်တော့ ဆစ်ဖလစ်ရောဂါ မဆိုင်းမတွ ပြန့်ပွားဖို့ရာ အခွင့်ကောင်းကြီး ဖန်တီးပေးသလို ဖြစ်သွားတာပေါ့။ ပထမ ပြင်သစ်နဲ့ နေပယ် (အီတလီပြည်) စစ်တိုက်စဉ် စပိန်က “နေပယ်” ကို ကူတယ်။ အဲဒီ အခါမှ “နေပယ်” က တကယ်ကြောက်စရာ ကောင်းတဲ့ စစ်ပရိယာယ်ကို သုံးလိုက်တယ်။
မြို့ပြင်ရှိ ရေတွင်း စသည်တို့က ရေတွေမှာ အဆိပ်ခပ်တယ်။ နောက်ပြီး မြို့တွင်းက ဆစ်ဖလစ်ရောဂါ စွဲပြီးဖြစ်တဲ့ ပြည်တန်ဆာတွေကို မြို့ထဲမှာ အစာရေစာ ကုန်ခန်းနေပြီဆိုတဲ့ ဆင်ခြေနဲ့ မြို့ပြင်ကို မောင်းထုတ်လိုက်တယ်။ ဒါနဲ့ မြို့ကို ဝိုင်းထားတဲ့ ပြင်သစ်စစ်သား အချို့ဟာ ဒီရောဂါကို ရခဲ့တယ်။ ဒီစစ်မှာ အီတလီတွေက စစ်ကူလာသူ စပိန်တွေဆီက ဆစ်ဖလစ်ရောဂါ ရခဲ့တာ၊ နောက် ဒီရောဂါဟာ အီတလီမှာ ခြေကုပ်ရပြီး တစတစနဲ့ မပြတ်တမ်း ပြန့်ပွားခဲ့တာ လူတော်တော်များများ ရောဂါစွဲပြီး ရှိနေကြတယ်။
၁၄၉၈ လောက်မှာ ပြင်သစ်က နေပယ်ကို ဒုတယ အကြိမ် တိုက်ပြန်တယ်။ ဒီတစ်ခါကျတော့ စပိန်ကလည်း ပြင်သစ်နဲ့ တစ်တပ်တည်း နေပယ် ကို တိုက်တယ်။ ဒါပေမယ့် နောက်ကျတော့ ပြင်သစ်နဲ့ စပိန် မဟာမိတ် ၂ ဦး နယ်ပယ် အဝေမတဲ့ တော့လို့ တစ်ဦးကို တစ်ဦး တိုက်ကြပြီး နောက်ဆုံး ကျတော့ ပြင်သစ်တွေကို နေပယ် တွင် မကဘူး အီတလီ တစ်နိုင်ငံလုံးကနေ အပြီးအပိုင် မောင်းထုတ်လိုက်ကြတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




