11
Jan

သမိုင်းဝင် ကပ်ရောဂါများ (၃)

ဆစ်ဖလစ်ပိုး ခြေကုပ်ရထားပြီးဖြစ်တဲ့ နေပယ်ကို တိုင်းပြည်မျိုးစုံက လူတွေလာကြပြီး ဆစ်ဖလစ်ပိုးတွေ တမင်တကာ သယ်ကြတဲ့ ပွဲကြီး ဆိုရတော့မှာပဲ။ ပြင်သစ်၊ စပိန်နဲ့ နိုင်ငံပေါင်းစုံက ကြေးစားတွေရယ်၊ သူတို့ရဲ့ နောက်လိုက်နောက်ပါ ဖြေဖျော်သူ “တပ်နောက်လိုက်” ပြည့်တန်ဆာတွေ အားလုံး ကိုယ့်ဌာနေပြန်တော့ ဒီပိုးတွေ သယ်ယူသွားလေရဲ့။ ဒါနဲ့ပဲ ရောဂါက ဆွစ်ဇာလန်၊ ဂျာမနီ နိုင်ငံတွေကို မြန်မြန်ပဲ ပွားသွားတယ်။ တစ်နှစ်လောက် အတွင်းမှာ ဥရောပရောရှိ မြို့တိုင်းလိုလိုမှာပဲ ဒီရောဂါ ရောက်ရှိသွားတော့တာပဲ။

လူတွေလည်း အဲဒီအခါကျတော့ လန့်ဖျက်သွားကြပြီး လူမှုရေး၊ နိုင်ငံရေး၊ ကုသရေး၊ လူထုကျန်းမာရေး ပြဿနာတွေလည်း ရှုပ်ထွေးလာ ကုန်ကြတယ်။ ဒီရောဂါကြောင့် အဲဒီခေတ်က ဆရာဝန်တွေ ဒေါင်ချာစိုင်း သွားခဲ့ရသေးတယ်။ ပထမတော့ သူတို့သိနှင့် ထားတဲ့ ရောဂါဆိုးကြီး တစ်ခုဖြစ်တဲ့ ကျောက်ကြီး ရောဂါနဲ့ တူသယောင်ယောင် ရှိတယ်ဆိုပြီး “အပြင်စား ကျောက်ကြီး” လို့တောင် ခေဲခဲ့ကြသေးတယ်။ တချို့ကလည်း “ပြင်သစ်” ရောဂါလို့ ခေါ်ကြတယ်။

ကာကွယ်ရေးမှာလည်း ကျောက်ရောဂါမှာလို နိုင်ငံခြားသားတွေ မဝင်ရဘူးဆိုတဲ့ ဥပဒေနဲ့လည်း တားမြစ်ခဲ့သေးတယ်။ ၁၄၉၇ မှာ ပြင်သစ်ပြည်မှာ ဒီရောဂါရှိသူတွေဟာ ပြင်ပလောကနဲ့ လုံးဝ အဆက်ဖြတ်ထားရမယ်ဆိုပြီး တားမြစ်ခဲ့တယ်။ ဆက်သွယ်တာမိရင် သေဒဏ်လို့ ဆိုတယ်။ နောက် ဒီရောဂါသည် အားလုံးကို St. Germain (စိန့်ဂျာမိန်း) ဆိုတဲ့ နေရာမှာ စုပြီးထားတယ်။ မကြာခင်ပဲ လူနာတွေ ပြည့်လျှံအန်ထွက်သွားလို့ မတတ်နိုင်ကြတော့ဘူး။ နောက်တခါ လူနာတွေကို Seine မြစ်ထဲ ရေနှစ်သတ်မယ်လို့ ဥပဒေ ထုတ်လိုက်သေးတယ်။

ဒါလည်း အကောင်အထည် မဖော်နိုင်ကြပါဘူး။ ဒီတားမြစ်ချက်တွေဟာ မထိရောက်ခဲ့ဘူး။ ဒီကပ်ကြီးဟာ အထက်က တင်ပြခဲ့တဲ့အတိုင်း အနှစ် ၅၀၀ လောက် (ယခုတိုင်) ဥရောပကို ညှဉ်းပန်း နှိပ်စက်နေခဲ့တယ်။ ကမ္ဘာ အရပ်ရပ်မှာလည်း ဒီလိုပဲ ဖြစ်ခဲ့ကြတယ်။ ဆစ်ဖလစ်ရောဂါဟာ အီတလီမှာ အကြီးအကျယ် စဖြစ်ပြီးနောက် ၁၆ ရာစုလောက်မှာ အာရှတိုက်ကို ရောက်ခဲ့တယ်လို့ သိရတယ်။ အိန္ဒိယမှာတော့ ဒီရောဂါဟာ အရင်ကမရှိခဲ့လို့ “နိုင်ငံခြားသား ရောဂါ” လို့ ခေါ်ကြတယ်။

မြန်မာပြည်ကို ဘယ်တုန်းက စရောက်ခဲ့တယ်ဆိုတာ မှတ်တမ်းအတိအကျ မရှိခဲ့ပေမယ့် ၁၉၃၀-၃၉ နဲ့ ၄၀ မှာတော့ အလွန်များနေပြီးဆိုတာ စာရင်းကောက် ထားတာရှိတယ်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာတော့ ပိုလာခဲ့ပြီး ထိပ်ရောက်ခဲ့တယ်။ နောက်ဆုံး ပဲနီစလင် ပေါ်လာမှပဲ ဒီရောဂါကို နှိမ်နင်းလို့ ရတော့တာ။ ပဲနီစလင်ကတော့ တကယ်အစွမ်းထက်တဲ့ ဆေးပါ။ ဆစ်ဖလစ်ကိုတော့ ဆေးတစ်ချောင်း ထိုးတာနဲ့ မက်လှည့်ပြလိုက်သလို ပျောက်စေနိုင်တယ်။

အရင်က နှစ်နဲ့ချီပြီး အဆိပ်အတောက် ပြင်းတဲ့ အာစာနစ်ပါတဲ့ ဆေးတွေကို သုံးခဲ့ပေမယ့် ထိရောက်မှုကတော့ ပဲနီစလင်လောက် မရှိခဲ့ဘူး။ ဒီလို လွယ်လွယ် ဆေးတစ်ချောင်း ထိုးရုံနဲ့ အပြတ်ရှင်းပစ်လို့ ရတဲ့ ကုထုံးကို တွေ့ရလို့ ဆစ်ဖလစ်ရောဂါ ဒီကမ္ဘာ မျက်နှာပြင်က ကွယ်ပျောက်သွားမယ်လို့ ထင်ခဲ့ကြရင်တော့ မှားတာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီရောဂါဟာ အခုအထိ ရှိတုန်းပဲ။ ပဲနီစလင် ပေါ်လာပြီး နှစ်ပေါင်း အတော်ကြာ အထိ ရောဂါတွေ့ရှိနှုန်းဟာ ဆက်တိုက်ပဲ ထင်ရှားသိသာစွာ ကျဆင်းသွားတယ်။ ဒါပေမယ့် ၁၉၆၀ ခုနှစ်ကျော်က စပြီး သိသိသာသာ တိုးခဲ့တာ ဆိုးဝါးတဲ့ အခြေ ပြန်ရောက်သွားတော့တယ်။

မြန်မာပြည်မှာ ဆိုရင် ၁၉၅၇ နဲ့ ၁၉၇၁ အတွင်း ဆစ်ဖလစ် တွေ့ရှိမှုနှုန်းဟာ ဒီအရင် အလားတူအချိန် (နှစ်) တွေထက် သုံးလေးဆ (၇၀ % နီးပါး) တိုးလာတာ တွေ့ရတယ်။ အခြား အရှေ့တောင် အာရှနိုင်ငံတွေမှာလည်း ဒီအတိုင်းပဲ နှုန်းတွေတက်နေလျက်ပဲ။ ဒီလို ဖြစ်လာရတဲ့ အကြောင်းတွေကတော့ ကုစားစရာမရှိတဲ့ အခြေကနေ လွယ်လွယ်နဲ့ ကုလို့ရတဲ့ ရောဂါဖြစ်လာတော့ လူတွေက ဆစ်ဖလစ်ကို ရှေးကလောက် မကြောက်ကြလို့ ပေါ့ပေါ့ တန်တန် လုပ်ကြတာရယ်။ လူမှုရေး၊ စီးပွားရေး ကြပ်တည်းမှု၊ လူနေမှုစနစ် ပြောင်းလဲလာမှု၊ တစ်နည်းဆို “ခေတ်မီ/ခေတ်ဆန်” လာမှုတို့နဲ့ ယှဉ်တွဲနေတာ တွေ့ရတယ်။

ဒီအကြောင်းတွေဟာ AIDS မှာလည်း ပတ်သက်နေတာ တွေ့ရလိမ်မယ်။ ဒီပြင် ဆစ်ဖလစ်၊ ဂနိုရီးယား စတဲ့ “ကာလသားရောဂါ” ရှိနေသူတွေဟာလည်း AIDS ဖြစ်ဖို့ရာအကြောင်း ပိုရှိတယ်။ ဆစ်ဖလစ် ရောဂါဟာ AIDS ရောဂါနဲ့ တူတဲ့ အချက်တွေ ရှိပါတယ်။ လိင်စပ်ယှက်ရာမှ ကူးစက်နိုင်တယ်။ မိဘကနေ ကလေးကို ပေးနိုင်တယ်။ ပေါ်စက တစ်ခါမှ မတွေ့ဘူးခဲ့တဲ့ ရောဂါ အသစ်စက်စက်မို့ ဆရာဝန်တွေ မျက်စိလည်ပြီး မလုပ်တတ် မကိုင်တတ် ဖြစ်ခဲ့ရတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top