14
Jan

သမိုင်းဝင် ကပ်ရောဂါများ (၄)

ရောဂါသည်တွေဟာ လူတွေရဲ့ စက်ဆုပ်ရွံရှာမှုနဲ့ ဖယ်ကြဉ်ခြင်းကို ခံခဲ့ကြရတယ်။ AIDS နဲ့ ကွာတဲ့ အချက်တစ်ခုကတော့ ဆစ်ဖလစ်က ကူးစက်ဖို့ရာ ပိုပြီး လွယ်တယ်။ ဆစ်ဖလစ်မှာ ရောဂါကို ကုစားဖို့ တကယ် ထိရောက်တဲ့ဆေးကို နှစ်ပေါင်း ရာနဲ့ ချီပြီး ရှာခဲ့ရတယ်။ ကာကွယ်ဆေး vaccine (ဗက်စင်း) ဆို အခုအထိ ပေါ်မလာသေးဘူး။ အခအခြေအရ မှန်းပြောရရင်တော့ ဒီရောဂါဟာ လူသားတွေကို ဆက်ဒုက္ခ ဝေးနေ ဦးမယ့် ရောဂါပါ။

ကျောက်ကြီးရောဂါတော့ မြန်မာတွေ အများသိရောဂါ ဖြစ်ပါတယ်။ အခုအထိ ကျောက်ကြီးရောဂါ ဖြစ်တာ ဘယ်လိုဆိုတာ မှတ်မိကြသူတွေ သက်ရှိထင်ရှား အများကြီး ရှိနေပါသေးတယ်။ ကျောက်ပေါက်မှတ်နဲ့ လူတွေလည်း တွေ့နေရသေးတယ်။ ကျောက်ကြီး ရောဂါ ဘယ်တုန်းက စသလဲ ဆိုတာတော့ တပ်အပ်သေချာ မသိရပါဘူး၊ ဟိုးရှေးယခင် ပဝေသဏီကတည်းက ရှိနေတဲ့ ရောဂါလို့ပဲ ယူဆနေရတာပဲ။ နှစ်ပေါင်း ၃၀၀၀ ကျော်က နေသွားတဲ့ အီဂျစ်ဘုရင် “ရာမစီ (ခ)” (ခရစ်မပေါ်မီ ၁၁၅၇) ရဲ့ ဆေးစီမံထားတဲ့ အလောင်းကို ပြန်ဖော်လို့ရလို့ စစ်ဆေးတော့ သူ့မှာ ကျောက်ကြီးရောဂါရှိတယ်လို့ ထင်မှတ်ဖွယ်ရာ လက္ခဏာတွေ တွေ့ခဲ့ရတယ်။

ခရစ်မပေါ်မီ အနှစ် ၁၀၀၀ တတည်းက တရုတ်ပြည်မှာ ရှိခဲ့တယ်တဲ့။ တရုတ်တွေက ကျောက်ပေါက်အနာ ကလေးတွေက အမြှေးအဖတ်တွေကို ယူပြီး လူကောင်းတစ်ယောက်ရဲ့ နှာခေါင်းပေါက်ထဲကို မှုတ်ထည့်ပြီး ရောဂါ “ပြီး” အောင် လုပ်ခဲ့ကြတယ်လို့ ဆိုတယ်။ ဒါပေမယ့် ဒီရောဂါကို မထိန်းနိုင်ခဲ့ကြဘူး။ သက္ကရာဇ် ဒေဒီ (ခရစ်တော်ပေါ်ပြီး) ၃၀၂ နဲ့ ၅၈၁ ကြားမှာ ဆီးယီးယားပြည် (အရှေ့အလယ်ပိုင်း) မှာ ကျောက်ရောဂါ အကြီးအကျယ် ဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုတယ်။

အေဒီ ၉၁၀ မှာ အာရပ်သမားတော်ကြီး “ရာဇီး” က ကျောက်ရောဂါအကြောင်း စာတမ်းကြီး ရေးခဲ့သေးတယ်။ ၁၆ ရာစုမှာ ဥရောပ၊ အာရှနဲ့ အခြားကမ္ဘာ အရပ်ရပ်တို့ ကူးသန်းရောင်းဝယ်ရေးကြောင့် ကူးလူး ဆက်ဆံတာတွေ ရှိလာတော့ ဒီရောဂါဟာ ကမ္ဘာအရပ်ရပ်ကို ပြန့်သွားတယ်။ ၁၆၁၄ မှာ ဥရောပတခွင် အနှံ့အပြား ဖြစ်ခဲ့ပြီး ၁၆၆၆ ကနေ ၁၆၇၅ အထိ အင်္ဂလန်မှာ ဖြစ်တယ်။ အမေရိက တိုက်ကိုတော့ ၁၇ ရာစုမှာ ရောက်နေပြီ။ အာရှ၊ အာဖရိကနဲ့ အခြားတိုင်းပြည်တွေမှာ တိကျတဲ့ မှတ်တမ်းတွေ မရှိလို့ အပိုင် မပြောနိုင်ပေမယ့် တစ်ခါတစ်ခါ ဒီရောဂါဖြစ်ပြီဆိုရင် လူတွေ သေကြေပျက်စီးကြတာတော့ အမှန်ပဲ။

ဥရောပ စသည်တို့ထက် ပိုပြီး အခြေအနေဆိုးဖွယ်ရာ ရှိတယ်။ ဒီရောဂါရဲ့ သမိုင်းမှာ အရေးကြီးတဲ့ မှတ်တိုင်ကြီး တခုကတော့ ၁၇၈၆ မှာ ရှိခဲ့တယ်။ အဲဒီနှစ်မှာ အင်္ဂလန်က ဆရာဝန် Edward Jenner က cow pox ခေါ်တဲ့ နွားမှာပေါက်တဲ့ ကျောက်က အရည်ကိုယူပြီး လူမှာထိုးလိုက်ရင် လူကို ကျောက်ကြီးဖြစ်တာကို ကာကွယ်နိုင်တယ်ဆိုတာကို စမ်းသပ် သုတေသနပြုပြီး သိပ္ပံနည်း ကျကျ ဖော်ထုတ်ခဲ့တယ်။ ၁၇၈၈ မှာ သူ့စာအုပ် ထွက်လာပြီးတဲ့နောက် ဒီကျောက်ရောဂါ ကာကွယ်ဆေးထိုးမှုဟာ အပြည်ပြည်ကို ပြန့်ပွားသွားခဲ့တယ်။

ဆေးပညာ သမိုင်းမှာ မှတ်သားဂုဏ်ယူလောက်တဲ့ အောင်မြင်ချက် အဖြစ် ယခုအထိ အသိအမှတ် ပြုနေကြရတယ်။ ရောဂါတစ်ခုကို vaccination “ဆေးထိုးခြင်း” ဖြင့် အောင်မြင်စွာ ကာကွယ်နိုင်တာဟာ ဒီတစ်ခါဟာ ပထမ ဆုံးဖြစ်တယ်။ ဒီပုံစံနမူနာကို ယူပြီးနောက် ကာကွယ်ဆေး ဖြစ်မြောက် တီထွင်မှုနဲ့ ကာကွယ်ဆေးထိုးပြီး ရောဂါကာကွယ်မှုကို တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။ ဒီလို ဆေးထိုးနည်းနဲ့ပဲ ရောဂါတော်တော် များကို နှိမ်နင်းဆဲ ရှိတယ်။

ဒီလိုဆေးထိုး သို့မဟုတ် ဆေးပေးပြီး ရောဂါတွေကို ကာကွယ်တဲ့နည်းကတော့ ရောဂါတိုက်ဖျက်ရေးနဲ့ ကာကွယ်ရေးအတွက် အထူး ထိရောက်ပြီး ငွေကုန်ကြေးကျ အသက်သာဆုံး နည်းဖြစ်တယ်။ ဒါကြောင့် ဘယ်ရောဂါမဆို နောက်ဆုံး အပြုတ်တိုက်ဖို့ရာ စဉ်းစားကြပြီဆိုရင် vaccine (ဗက်စင်း) ကာကွယ်ဆေးကို မရအရ၊ မဖြစ်ဖြစ်အောင် သုတေသနလုပ်ပြီး ဖော်ကြရတာချည်း ဖြစ်တယ်။

ကျောက်ရောဂါဟာ ဗိုင်းရပ်စ် တစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါပါပဲ။ ဒီဗိုင်းရပ်စ်ရဲ့ သိသေသ အချက်တွေကတော့ ရောဂါဖြစ်နေသူနဲ့ မျက်နှာချင်းဆိုင်တွေ့မှသာ ကူးတယ်။ လူကိုယ်ထဲဝင်ပြီး ၂ ပတ်ကြာအတွင်းမှာသာ တစ်ပါးသူကို ကူးစက်နိုင်တယ်။ ၂ ပတ်အကြာကလွန်ရင် ဒီလူနာဟာ တစ်ခြားသူတွေကို ဒီရောဂါပေးလို့ မရတော့ဘူး။ ဒီဗိုင်းရပ်စ်ဟာ လူမှာ သာနေနိုင်တဲ့ ဗိုင်းရပ်စ်၊ လူရဲ့အပြင်ဘက်မှာ မရှင်နိုင်ဘူး။ အချို့ ဗိုင်းရပ်စ်နဲ့ အခြားရောဂါပိုးတွေကတော့ လူထဲဝင်ပြီး ဒုက္ခပေးတယ်။

လူထဲမှာ မရှိတဲ့အခါ ကျတော့ အခြားအပြင်ဘက်မှာရှိတဲ့ တိရစ္ဆာန်၊ ပိုးမွှား စသည်တို့မှာ တစ်လှည့် ခိုအောင်းနေတတ်တယ်။ carrier stage (သယ်ဆောင်သူအဆင့်) ရှိတယ်လို့ ခေါ်တယ်။ ကျောက်ကြီး ဗိုင်းရပ်စ်ကတော့ ကြားကာလမှာ နေဖို့ရာ “သယ်ဆောင်သူ” ပိုးမွှား စသည်တို့ မရှိဘူး။ ဗိုင်းရပ်စ်ပိုးဟာ လူထဲဝင်ပြီးရင် သူ့ကြောင့် လူဟာ သေချင်သေသွားမယ်။ မသေဘဲ ကောင်းချင်လည်း ကောင်းလာမယ်။ လူသေရင်တော့ ဗိုင်းရပ်စ် သေမှာပဲ။ လူမသေဘဲ ကောင်းသွားလို့ ရှင်နေမယ်ဆိုရင်လည်း ၂ ပတ်အကြာမှာ ဗိုင်းရပ်စ် အတွက်ကတော့ ဘဝဆုံး၊ မျိုးဆက်ပြတ် ဖြစ်သွားမှာပဲ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top