လူကိုယ်ထဲမှာ နေစဉ် ၂ ပတ် အတွင်းမှာသာ အခြားကို ကူးစက်ပြန့်ပွားနိုင်တာကိုး။ အဲဒီ အချက်ဟာ ဗိုင်းရပ်စ်အတွက် ဆက်လက်ရပ်တည်ဖို့ အတွက် ပျော့ကွက် ညံ့ကွက်ဖြစ်ပြီး လူသားတွေအတွက်တော့ ဒီရောဂါကို တွန်းလှန် ဖြိုးဖျက်ဖို့ အတွက် နိုင်ကွက်ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ရောဂါကို “ပြီး” အောင် လုပ်နိုင်တဲ့ ကာကွယ်ဆေးကလည်း ရှိနေပြီ မဟုတ်လား။ ဒီတော့ ကမ္ဘာရှိ လူတိုင်းလူတိုင်းဟာ ကာကွယ်ဆေးကလည်း ရှိနေပြီ မဟုတ်လား။ ဒီတော့ ကမ္ဘာရှိ လူတိုင်းလူတိုင်းဟာ ကာကွယ်ဆေး ထိုးပြီးသား ဖြစ်နေရင် ဗိုင်းရပ်စ်မှာ ခိုကပ်စရာနေရာ မရှိတော့လို့ ဒီကမ္ဘာ မြေမျက်နှာပြင်ပေါ် ကနေပြီး အပြီးအပိုင် ပျောက်သွားမှာ ဖြစ်တယ်။
ဒီနည်းဗျူဟာကို စနစ်တကျ အကောင်အထည်ဖော်ပြီး လက်တွေ့မှာ ပိုင်ပိုင်နိုင်နိုင် လုပ်ဖို့ အတွက်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဆေးပညာ သိပ္ပံပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များတွင်မက စီမံခန့်ခွဲရေးပိုင် ဆိုင်ရာ အတတ်ပညာရှင်များနဲ့ အခြား အထူးပုဂ္ဂိုလ်ပျားနဲ့ပါ နှီးနှောတိုင်ပင်ပြီး စီမံကိန်း စီမံချက်များ ရေးဆွဲခဲ့တယ်။ ဒီလို ရေးဆွဲတဲ့ အခါမှာလည်း လက်တွေ့ပိုင်းဆိုင်ရာ လုပ်ငန်းတွေကို အထူး အလေးပေးစေတယ်။
လုပ်ငန်း အကောင်အထည် ဖော်ရာမှာ တွေ့ကြုံနိုင်မယ့် အခက်အခဲ ပြဿနာတွေကိုလည်း ကြိုတင်ပြီး တတ်နိုင်သလောက် စဉ်းစားဖော်ထုတ်ပြီး ဒါတွေကို ကျော်လွန်နိုင်ရေး အတွက် အသေးစိတ် စေ့စေ့စပ်စပ် အစီအစဉ်တွေ ပြင်ဆင်ထားတယ်။ ဒီစီမံကိန်းကြီးကို ၁၉၅၈ ခုနှစ်မှာ စတင် အကောင်အထည်ဖော်လိုက်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တက်ညီလက်ညီ ဝိုင်းဝန်ကူညီပြီး ဆင်နွှဲလိုက်တဲ့ ဒီပွဲဟာတော့ သမိုင်းဝင် ဂန္တဝင်ဖြစ်တဲ့ လုပ်ဆောင်ချက်ကြီးလို့ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ်မှာတော့ လူသားတွေအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ထူးခြားတဲ့ အောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်ခဲ့တယ်။ အဲဒီနှစ် World Health Assembly ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၃၃ ကြိမ်မြောက် အစည်းအဝေးမှာ ဒီဆိုးဝါးလှတဲ့ ကျောက်ကြီးရောဂါကို လူ့လောက ဒီကမ္ဘာကနေပြီး အပြီးအပိုင် သုတ်သင်ပြီးကြောင်း တရားဝင် ကြေညာ နိုင်ခဲ့တယ်။ Variola Major လို့ ခေါ်တဲ့ ကျောက်ကြီးရောဂါရဲ့ နောက်ဆုံး လူနာကို ၁၉၇၅ ခုနှစ်မှာ အင်္ဂလားဒေ့(ရှ်) ပြည် “ဘိုလာ” ကွန်းမှာ တွေ့ခဲ့ရပြီး Variola Minor လို့ ခေါ်တဲ့ နောက်ကျောက်ရောဂါ တစ်မျိုးရဲ့ နောက်ဆုံး လူနာကိုတော့ Somalia ဆိုးမာလီးယားပြည် Merka မာကာရွာမှာ တွေ့ခဲ့တယ်။
ဒါဟာ ကျောက်ရောဂါ ဗိုင်းရပ်စ်ရဲ့ ဇာတ်သိမ်းခန်းပဲ။ ကမ္ဘာ့လူသားတွေရဲ့ ဥဒါန်းကျူးရင့်လောက်တဲ့ အောင်သေအောင်သား စားပွဲကြီးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အနည်းဆုံး နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက လူသားတွေ သတ်ဖြတ်ညှဉ်းဆဲခဲ့တဲ့ ရက်စက်လှတဲ့ ကမ္ဘာ့ရန်သူကြီးကို အပြတ်ခြေမှုန်းနိုင်ခဲ့တာကတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ဂုဏ်ယူလို့ မဆုံးနိုင်တဲ့ လုပ်ဆောင်ချက် တစ်ရပ်ပါ။ ကမ္ဘာ့ လူသားတွေရဲ့ ကျေးဇူးဥပကာရကို အမြဲခံယူရမယ့် အောင်မြင်မှုကြီးပါပဲ။
ကာလဝမ်းလို့ ခေါ်တဲ့ Cholera ရောဂါဟာ မြန်မာတို့ ယဉ်ပါးပြီးသား ရောဂါကြီး ဖြစ်ပါတယ်။ အဆိုးဝါးဆုံးသော ကပ်ရောဂါ တစ်ခုလို့လည်း ကမ္ဘာ့သမိုင်းမှာ သတ်မှတ်ခြင်း ခံထားရတဲ့ ရောဂါပါ။ နာရီပိုင်းအတွင်းမှာ များစွာသော လူတို့ကို အုပ်စုလိုက် အပြုံလိုက် အတုံးအရုံး သေဆုံး သွားစေခဲ့တာမို့ လူတွေ အကြောက်ကြီးကြောက်ခဲ့ကြပါတယ်။ ကာလဝမ်းဟာ ဘယ်လောက်ဆိုးတယ်ဆိုတာကို မှတ်မိနေပြီး အခုပြန်ပြောရင်တောင် ကြောက်နေကြသေးတဲ့ လူတွေ မြန်မာမှာ အခုထိ အသက်ရှင်လျက် ရှိနေကြသေးတယ်။
မိသားစု တစ်စုလုံး တံဇဉ်နဲ့ စပါးအစည်းကို ရိတ်ဖြတ်ပစ်လိုက်သလို တစ်ချက်တည်းနဲ့ သေကြေပျက်စီး ကြရတာ မနက်က အကောင်းသား ညနေကျတော့ အသက်မရှိတော့တာ။ လူသေတွေကို ကောင်းကောင်း မသင်္ဂြိုဟ်နိုင်လို့ အလောင်းတွေမြင်မကောင်း ဖြစ်နေကြတာ၊ ဒီလိုရှုခင်းတွေကို နှလုံးနာလောက်ဖွယ် တွေ့ခဲ့ရသူတွေ အတွက် ဒါထက်ဆိုးတဲ့ ကပ်ဒုက္ခမျိုး ကမ္ဘာမှာ မရှိပါဘူးလို့ ဆိုကြမှာ ဖြစ်တယ်။ လူတွေဟာ ဒီရောဂါဖြစ်ပြီဆိုရင် အိမ်ပစ်၊ ယာပစ်၊ ရွာပစ်၊ မြို့ပစ် ထွက်ပြေးကြတယ်။ ပြည်ပျက်လုနီးပါး ဖြစ်ခဲ့လို့ အစိုးရအဖွဲ့တွေ ပြုတ်လိုပြုတ်ကြနဲ့ လူမှုအဖွဲ့အစည်း တစ်ခုလုံး ပရမ်းပတာ ဖြစ်စေခဲ့တယ်ဆိုတာ သမိုင်းမှာ သာဓကတွေ ရှိခဲ့ပါတယ်။
သိရသလောက် ဒီရောဂါဟာ ဂင်္ဂါနဲ့ ဗြဟ္မာပုတြ ဖြစ်ဝကျွန်းပေါ် (ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ) ဒေသမှ “အမြဲ” ပဲ ရှိခဲ့တယ်လို့ ဆိုတယ်။ အဲဒီမှာ ရောဂါဟာ တစ်လောတစ်လော ပေါ်လာပြီး လူတွေအများကို သေစေခဲ့တယ်။ ၁၈၉၈ - ၁၉၀၇ နှစ်အတွင်း အိန္ဒိယမှ ၃၇၀၀၀၀ သေခဲ့တယ်။ ၁၈၁၇ ခုနှစ်မှာတော့ ဒီ မူလဌာနေကနေပြီး ရောဂါ ပြန့်ထွက်သွားခဲ့လိုက်တာ ကူးစက်မြန်ရောဂါပီပီ မဆိုင်းမတွဘဲ ကမ္ဘာကို ပတ်မိသွားတော့တာပဲ။ ၁၈၁၇ ကနေ ၁၉၂၅ အထိ နှစ်တွေ အတွင်းမှာ ဒီလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်တဲ့ ကမ္ဘာပတ်တဲ့ ကာလဝမ်း ကပ်ရောဂါဟာ ၆ ကြိမ်တိတိ ဖြစ်ခဲ့တယ်။ လူသေများခဲ့တယ်။
၁၉၂၃ ခုအထိ အရှေ့ဥရောပမှာ ဖြစ်ခဲ့ပြီး အဲဒီနောက် ပိုင်းမှာတော့ မူလဒေသဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာပဲ ဖြစ်ြလေ့ရှိပြီး အခြားနေရာတွေ မှာတော့ တစ်ခါတစ်ရံလောက်မှသာ အသေးအဖွဲ “ကပ်အငယ်” ကလေးတွေ ဖြစ်ခဲ့တယ်။ ဒီ ကာလဝမ်းကို ဖြစ်စေတဲ့ ပိုးကတော့ Vibiro Cholera လို့ ခေါ်တယ်။ ၁၉၆၀ ခုမှာ နဂိုပိုးနဲ့ နည်းနည်းကွဲတဲ့ ကာလဝမ်းရောဂါ ပိုးသစ်တစ်မျိုးကို အင်ဒိုနီးရှားနိုင်ငံမှာ စတွေ့ခဲ့တယ်။ ၁၉၆၀ ကနေ ၁၉၇၃/၇၄ အထိ ဒီပိုးမျိုးက ကာလဝမ်းရောဂါကို ဖြစ်စေပြီး ပြန့်ခဲ့လို့ ၁၉၇၀ မှာ ရုရှနဲ့ ဥရောပအထိ ရောက်ခဲ့တယ်။ ၁၉၇၄ မှာတော့ ပေါ်တူဂီနိုင်ငံ အထိ ရောက်သွားတယ်။ ယခုလည်း လုံးဝပျောက်သွားပြီလို့ မဆိုနိုင်သေးပါဘူး။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




