28
May

သားဆက်ခြားမှ မျိုးပွားဂုဏ် တင့်မည်



စနစ်တကျ သားဆက်ခြားကြမှ
သာလျှင် အနာဂတ် မျိုးဆက်သစ်များသည် ကျန်းမာခြင်း၊ အစာအဟာရ ပြည့်ဝခြင်း၊ အတတ်
အသိပညာ ရယူခြင်း တို့အတွက် လုံလောက်သော အခွင့်အရေးတွေကို ရှိနိုင်ကြပါလိမ့်မည်။

 

ဒီဇင်ဘာလထုတ် ဖူးငုံမဂ္ဂဇင်း၊
ဖူးငုံသစ်စ ပွင့်လန်းစ အမှတ်စဉ် ၆ ဆောင်းပါး၌ အိမ်ထောင်ရှင် ဖူးငုံတို့ အတွက်
သားဆက်ခြား နည်းလမ်းတွေ အကြောင်း သိကောင်းစရာ အမည်ဖြင့် ရေးသားခဲ့ပါသည်။

 

ထိုစဉ်က ကျွန်မ ထည့်သွင်း
ရေးသားခဲ့သည့် အရေပြားတွင်း မြှုပ်ထားသောပစ္စည်း (
Contraceptive Implant) သုံးစွဲခြင်း မှာ အင်တာနက်ထဲမှ ကျွန်မ ရှာဖွေဖြည့်ဆည်း
ခဲ့ခြင်း ဖြစ်လျက်
Implanon အမည်
ရှိပါသည်။ လက်မောင်းတွင် သုံးနှစ် ထားနိုင်ပြီး သူ့ကို ထုတ်ပြီးလျှင် နောက်ထပ်
အသစ် တစ်ခု ထည့်နိုင် ပါသည်။

 

Implanon ကို
နယ်သာလင် နိုင်ငံ
Organon ဆေးဝါး
ကုမ္ပဏီကြီးမှ ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ နယ်သာလင် အပြင် ဂျာမဏီ၊ ယူကေ၊ တရုတ်၊
ဂျပန်နှင့် ယူအက်အေ တို့မှလည်း ထုတ်လုပ် နေပြီ ဖြစ်ပါသည်။ အခြား အလားတူ
ဆေးနာမည်များမှာ
Norplant, Remeron, Remeron Sol Tab, Sustanon,
Deca-Durabolin, Pregnyl, NuvaRing, Marvelon
စသည်တို့ ဖြစ်ကြပါသည်။

 

ဟော်မုန်းကို အရေပြားအောက်မှာ
ထိုးသွင်း ထားပေးခြင်း ဖြစ်လျက် ဟော်မုန်းဓာတ်၏ အာနိသင်မှာ ကိုယ်ဝန်တားသော စားဆေး၊
ထိုးဆေးများနှင့် အာနိသင် အတူတူပင် ဖြစ်ပါသည်။ ပရိုဂျက် စတိုဂျင် ဟော်မုန်းဓာတ်
ပါဝင်သော ပလပ်စတစ် ပြွန်ကလေးကို လက်မောင်း အရေပြားအောက်သို့ ဆယ်မိနစ် လောက်
အချိန်ယူပြီး ဖြည်းဖြည်းချင်း သွင်းပေးရပြီး ထုံဆေး အကူအညီ အနည်းငယ် လိုအပ် ပါသည်။
ဟော်မုန်းဓာတ်ကို ခန္ဓာကိုယ် အတွင်းသို့ တစိမ့်စိမ့် ပျံ့နှံ့စေပြီး ကိုယ်ဝန်
မရအောင် စွမ်းဆောင် ပေးနိုင်ပါသည်။ သူ့ အားသာချက်မှာ ပြန်ထုတ်ချင်လျှင်
လွယ်ကူပါသည်။ ကိုယ်ဝန်ပြန်ဆောင် နိုင်ပါသည်။

 

သူ့ အားနည်းချက်မှာ လက်မောင်းတွင်
အနာရွတ် ကျန်စေပါသည်။
Norplant စသော Implant
တို့ကို မြန်မာပြည်ရှိ အချို့သော
ဆေးရုံ၊ ဆေးခန်းများတွင် သားဆက်ခြားရန် အသုံးပြုလျက် ရှိကြပြီး ၀န်ဆောင်စရိတ်မှာ
ပြင်ပတွင် တစ်သိန်းမှ တစ်သိန်းခွဲ အထိ ကုန်ကျစရိတ် ရှိသည်ဟု ကြားသိရပါသည်။

ပြီးခဲ့သော ၁၉ ရက်နေ့နှင့် ၂၀
ရက်နေ့ ဒီဇင်ဘာ ၂၀၀၈ ခုနှစ်တုန်းက သားဆက်ခြားခြင်း ၀န်ဆောင်မှုနှင့် ပတ်သက်ပြီး
လေ့လာရန် အကြောင်း တစ်ရပ် ပေါ်ပေါက် လာခဲ့ပါသည်။

 

ကျွန်မ အမှုထမ်းရာ PSI
(Population Services International)
အပြည်ပြည်ဆိုင်ရာ
လူထုရေး ၀န်ဆောင်မှု အဖွဲ့အစည်း၏
Franchiching ဌာနမှ ကြီးမှူး ကျင်းပသော Jadelle Implants (အရေပြားတွင်း မြှုပ်ထားသော ပစ္စည်း)ဆိုင်ရာ
သားဆက်ခြားနည်းကို လေ့လာရန်နှင့် သင်တန်းပေးမည့် အစီအစဉ်သို့ ကျွန်မ တက်ရောက်
ပါဝင်ခွင့် ရရှိခဲ့ပါသည်။ အသစ်အဆန်း ဖြစ်ရုံမက စာတွေ့ မျှမကသော အတတ်ပညာ လက်တွေ့
သင်တန်းပေးခြင်း ဖြစ်သောကြောင့် ကျွန်မ အထူးတလည် စိတ်ဝင်စားပါသည်။ ဖတ်ရှုသူများ
အထွေထွေ ဗဟုသုတ ဝေမျှလိုသော ဆန္ဒဖြင့် ရေးသားတင်ပြပါသည်။

 

altJadelle Implants (ဂျာဒဲလ် အရေပြားတွင်းမြှုပ်ထားသောပစ္စည်း)

 

ကမ္ဘာ့နိုင်ငံပေါင်း ၆၅
နိုင်ငံမက အသုံးပြုနေကြပြီ ဖြစ်သော
Jadelle ဂျာဒဲလ်ကို ယခုအခါ မြန်မာနိုင်ငံတွင်လည်း PSI ၏ နေအရည်အသွေးပြည့် ကျန်းမာရေး ဆေးကုခန်းများမှ တစ်ဆင့်
ဝင်ငွေနည်း ပြည်သူများအား သူတို့၏ သားဆက်ခြားခြင်း အတွက် ၀န်ဆောင်မှုပြုပေးရန်
တင်သွင်းနေပြီ ဖြစ်ပါသည်။

ဂျာဒဲလ် ဆိုသည်မှာ အမျိုးသမီး
တစ်ဦး၏ လက်မောင်း အရေပြားထဲသို့ ထိုးသွင်း မြှုပ်နှံထားသော
Levonorgestrel
(LNG)
ဟော်မုန်းဓာတ်နှင့် ဖြည့်
တင်းထားသည့် သေးသွယ် ပျောင်းညွတ်သော ဆေးတောင့်ကလေး နှစ်ခု ဖြစ်ပါသည်။ (
Norplant
အမျိုးအစားတွင် ဆေးတောင့် ၆ တောင့်
ရှိပါသည်။ ဂျာဒဲလ်မှာ ၂ တောင့်သာ ထည့်သွင်း ရသောကြောင့် အထည့်အထုတ် ပိုပြီး
လွယ်ကူပါသည်။)

 

ဂျာဒဲလ်သည်...

- သားဥ
ထုတ်လုပ်ခြင်းကို ဦးနှောက် လမ်းကြောင်းမှ လည်းကောင်း၊ သားဥအိမ်မှ လည်ကောင်း
တားဆီးပါသည်။

- သားဥပြွန်၏
လှုပ်ရှားမှုကို လျော့ကျစေပါသည်။

- သားအိမ်
အတွင်းနံရံ၏ တစ်ရှူးနှင့်ဖွဲ့စည်းပုံ အနေအထားကို ပြောင်းလဲ စေပါသည်။

- သားအိမ်ဝရှိ
အချွဲများကို ပိုမိုထူပျစ်စေပါသည်။

 

ဂျာဒဲလ်၏ ကောင်းကျိုးများ။

 

- စတင် အသုံးပြုသည့်
နှစ်တွင် အမျိုးသမီးနှစ်ရာလျှင် တစ်ဦးသာလျှင် ကိုယ်ဝန် ရသွား စေတတ်ပါသည်။

- ၂၄ နာရီ အတွင်း
သန္ဓေ တားမြစ်ပေးသော အာနိသင်ပြပါသည်။

- နှစ်ရှည်
စီမံကိန်း ၅ နှစ် ဖြစ်ပါသည်။

- ကိုယ်ဝန် ရှိ၊
မရှိ ဗိုက်စမ်းသပ် စစ်ဆေးရန် မလိုပါ။

- လိင်ဆက်ဆံမှု
အတားအဆီး မလိုပါ။

- နို့တိုက်ခြင်းကို
အနှောင့်အယှက် မဖြစ်စေပါ။ နို့ထွက် ကောင်းစေပါသည်။

- ဂျာဒဲလ်
ထုတ်ပစ်လိုက်ပြီးသည်နှင့် ကိုယ်ဝန်ရ လွယ်စေပါသည်။

- မည်သည့်ပြဿနာမျှ
မဖြစ်ပါက ဆေးခန်းလာရန် မလိုပါ။

- ဆရာဝန်မဟုတ်လည်း
သေချာသင်တန်းဆင်းပြီး သူက ဂျာဒဲလ် ထည့်ပေးနိုင်ပါသည်။

- အီစတြိုဂျင်
မပါပါ။

 

ဘေးထွက်ဆိုးကျိုး နည်းပါးမှု

 

- သားအိမ်ပြင်ပ
သန္ဓေတည်နိုင်ခြေ နည်းပါး ပါသည်။

- ရာသီလာစဉ် ကိုက်ခဲ
နာကျင်မှု လျော့နည်းပါ သည်။

- ရာသီသွေး
နည်းပါးနိုင်ပါသည်။

- သွေးအားနည်းခြင်း
သက်သာစေနိုင်ပါသည်။

- သားအိမ်ကင်ဆာ
အဖြစ်နည်းစေပါသည်။

- ရင်သားတွင်ဖြစ်သော
အကြိတ်စသော ရောဂါများ အဖြစ်နည်းစေပါသည်။

- မိန်းမရောဂါအချို့ကို
ကာကွယ်နိုင်ပါသည်။

 

ဂျာဒဲလ် သုံးစွဲမှု အခက်အခဲများ

 

- ရာသီလာရိုး လာစဉ်
ပုံစံပြောင်းလဲမှုရှိခြင်း။ မထင်မှတ်ထားဘဲ စွန်းပေစေခြင်း။

- စနစ်တကျ သင်တန်းတက်ထားသူကသာ
ဂျာဒဲလ်ထည့်ခြင်း ထုတ်ခြင်းပြုလုပ်ရန် လိုအပ်ခြင်း။

- ဂျာဒဲလ်ထုတ်ခြင်း
ထပ်ထည့်ခြင်းတို့ အတွက် ဆေးခန်းပြရန် လိုအပ်ခြင်း။

- ဂျာဒဲလ်
ထုတ်ချင်လျှင် ထုတ်ပေးမည့်သူ လိုအပ်ခြင်း။

- တက်တတ်သူ
ဝက်ရူးပြန်သူ၊ တီဘီရှိသူတို့ သောက်သုံးသော ဆေးများသည် ကိုယ်ဝန်တား မြစ်ခြင်း
အာနိသင်ကို လျော့နည်းစေခြင်း။

- ကာလသားရောဂါများနှင့်
အသည်းရောင် အသားဝါပိုး၊ အိပ်ခ်ျအိုင်ဗွီပိုးတို့မှ ကာကွယ်မှု မပေးခြင်း။

ကလေး မမွေးဖူးသေးသူ အပါအ၀င်
လင်ယူသားမွေး နိုင်သော အမျိုးသမီးတိုင်းသည် အရွယ်မရွေး ဂျာဒဲလ်ကို အသုံးပြု
နိုင်ပါသည်။ နှစ်ရှည် သန္ဓေတား လိုသူများ၊ ကလေးမွေးပြီး ၆ ပတ် သို့မဟုတ်
နို့တိုက်ဆဲဖြစ်ပြီး ကိုယ်ဝန်တားဖို့ လိုအပ်နေသူများ၊ ကလေးမွေးပြီး
နို့မတိုက်သူများ၊ ကိုယ်ဝန်ပျက်ထားသူများ၊ သားကြော မဖြတ်လိုဘဲ မိသားစု အရေအတွက်
ကန့်သတ်ချင်သူများ၊ သားအိမ်ပြင်ပ သန္ဓေတည် ဖူးသူများ၊ ကိုယ်ဝန်ဆောင်စဉ်
သွေးပေါင်တက်သူများ၊ သွေးတိုးရောဂါ၊ သွေးမတိတ် ရောဂါရှိသူများ၊ ဆီးချိုရှိသူ၊
အသည်းရောင်ရောဂါရှိသူ၊ ရာသီလာစဉ် ပြင်းထန်စွာ နာကျင် ကိုက်ခဲတတ်သူများ၊ ဆေးလိပ်
သောက်သူများ၊ အီစရိုဂျင် မသုံးစွဲသင့်သူများ၊ နေ့စဉ် တားဆေးသောက်ရန်
ပျက်ကွက်တတ်သူများ၊ ခွဲစိတ်ကုသခါနီး လူနာများ၊ နှလုံးရောဂါ ရှိသူများလည်း
သုံးစွဲရန် သင့်လျော်ပါသည်။

 

ဂျာဒဲလ်ထည့်ရန်
မသင့်တော်သူများမှာ ကိုယ်ဝန်ရှိနေသူ၊ ဘာကြောင့်မှန်း မသိသေးဘဲ သွေးဆင်းနေသူ၊
ရင်သားကင်ဆာ ဖြစ်နေသူ တို့ ဖြစ်ကြပါသည်။

ကိုယ်ဝန်
ကင်းရှင်းကြောင်းစစ်ဆေးပြီး သူ၊ ကလေးမွေးပြီး ၆ ပတ်ရှိပြီးသူ၊ ကလေးပျက်ကျပြီး ၇
ရက်ရှိသူတို့သည် ဂျာဒဲလ် ထည့်နိုင် ကြပါသည်။

ဂျာဒဲလ် သင်တန်းကို
ထိုင်းနိုင်ငံမှ
Dr. Unnop Jaisamrarn MD, MHS, Head of Family Planning
and Reproductive Health Unit, Dept. OB-GYN, Faculty of Medicine, Chulalongkong University,
Bangkok
မှ စာတွေ့လက်တွေ့ ပို့ချပေးသွားပါသည်။

 

ယနေ့ သင်တန်း တက်သူများမှာ Franchising
မှ ဆရာဝန်များနှင့် နေအရည်
အသွေးပြည့် ဆေးခန်းများမှ ဆရာဝန်များ ဖြစ်ကြပြီး စုစုပေါင်း ၁၅ ဦး ဖြစ်ပါသည်။
ဝင်ငွေ နည်းပါးသူတို့ တတ်နိုင်မည့် နှုန်းထားနှင့် နေဆေးခန်းများတွင် ၀န်ဆောင်မှု
ရယူ ဆောင်ရွက်ပေးကြမည်ဟု ၀မ်းမြောက် အားတက်ဖွယ် ကြားသိရပါသည်။

 

ဂျာဒဲလ်ထည့်သူ ၃၀ အနက်
အများစုမှာ သားဆက် နီးလွန်းသူ အိမ်ရှင်မငယ်များ ဖြစ်ကြပြီး ၀င်ငွေနည်းသူများ
ဖြစ်ကြပါသည်။ သားဆက်ခြားမှ သာလျှင် မွေးဖွားထား ပြီးသော သားသမီးများအား
အာဟာရပြည့်သော အစားအစာများကို ၀၀လင်လင် ကျွေးမွေး စောင့်ရှောက်နိုင်ကြမည်
ဖြစ်ပါသည်။

 

ဂျာဒဲလ် ထည့်သွင်းကြမည့်
အမျိုးသမီးများ ၏ ကျန်းမာရေး မှတ်တမ်းကို ပြုစုကြရာတွင်..

 

အမည်၊ ခင်ပွန်းအမည်၊ ခင်ပွန်း၏
အလုပ် အကိုင်၊ အသက်၊ ပညာရေး၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ တို့ကို ရေးမှတ်ရပါသည်။
ကလေး ဘယ်နှယောက် ရှိသည်၊ အငယ်ဆုံး ကလေး၏ အသက်၊ နောက်ဆုံး ရာသီပေါ်သော ရက်၊ ရာသီ
ပေါ်စဉ် ကိုက်ခဲခြင်း၊ သကျည်းကိုက်ခဲခြင်း၊ လိင်ဆက်ဆံပြီးလျှင် သွေးထွက် တတ်သလား၊
စသည်တို့ကို မေးမြန်း စုံစမ်းပါသည်။ အထွေထွေ စစ်ဆေးခြင်းကို ဆောင်ရွက်ပါသည်။

 

ဂျာဒဲလ် မထည့်သွင်းမီနှင့်
ထည့်သွင်းပြီးနောက် ဆောင်ရွက်ရသော လုပ်ငန်းများ အတွက် လိုအပ်သော မေးခွန်းများအား
အမေး အဖြေ သင်တန်း ပြုလုပ်ပါသေးသည်။ အကြံပေး ဆွေးနွေးခြင်း ဆောင်ရွက်ရန်
သင်တန်းပေး ပို့ချသည့် အတိုင်း ဂျာဒဲလ် ထည့်သွင်းမည့် သူအား ချိုသာ ပျူငှာစွာ
ကြိုဆိုပြီး လုပ်ငန်းစဉ်အား ရှင်းပြကာ၊ သူမ၏ မေးခွန်းများကို ဖြေကြား
ပေးရပါသေးသည်။ ဂျာဒဲလ် ထည့်သွင်းမည့် သူမ၏ အစီအစဉ်အား လျှို့ဝှက်ထားပေးမည်
ဆိုသည်ကို အသိပေး ပြောကြားရပါမည်။ ဂျာဒဲလ် ထည့်သွင်းရာတွင် ရှေ့လာမည့် တစ်နှစ်၊
နှစ်နှစ်အတွင်း ကိုယ်ဝန်ယူရန်ကြံရွယ်သူများ၊ အပြီးအပိုင် သားကြော ဖြတ်ရန်
ကြံရွယ်သော်လည်း အဆင်သင့် မဖြစ်သေးသူများ၊ မိန်းမကိုယ်မှ ဘာကြောင့်မှန်း မသိဘဲ
သွေးဆင်းသူများ၊ ရာသီလာချိန် မဟုတ်ဘဲ သွေးဆင်း တတ်သူများ အတွက် သင့်လျော်ပါသည်။

 

သင်တန်းတွင်
လက်မောင်းမော်ဒယ်လ် အသုံးပြုပြီး ဂျာဒဲလ်နှစ်ခုကို ဗွီပုံစံ ထည့်သွင်းမည့် နေရာ
သတ်မှတ်ရပါသည်။ သန့်ရှင်းခြင်းကို အထူးဂရု ပြုလျှက် ထုံဆေးထိုးခြင်း၊
Trocar
ထိုးသွင်းခြင်း၊ Trocar
ထဲမှ Plunger
ကိုဆွဲထုတ်ပြီး ပထမ Implant
ကို ထိုးထည့်ခြင်း၊ Trocar
ကို ၀င်ပေါက် အနီးထိ ပြန်ဆွဲ ထုတ်ကာ
ဗွီပုံစံ လမ်းကြောင်းဘက် ထိုးသွင်းခြင်း၊
Plunger ကိုဆွဲထုတ်ပြီး ဒုတိယ Implant ကို ထိုးထည့်ခြင်း၊ သင်တန်း တက်သူများသည် လုပ်ငန်းစဉ်
အဆင့်ဆင့်ကို စိတ်ရှည် တိကျစွာ ဆောင်ရွက်ကြရပါသည်။

ဂျာဒဲလ်ထည့်သွင်းမှု သင်တန်းသည်
အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

သားသမီးများကို လိုလား
ကြင်နာစွာဖြင့် အာဟာရ ပြည့်ဝအောင် ကျန်းမာအောင် ပညာတတ်မြောက်အောင် ပြုစု
စောင့်ရှောက်နိုင်မှ သာလျှင် သာယာ တိုးတက်သော လူ့ပတ်ဝန်းကျင်ကို ထူထောင်
နိုင်ကြပါလိမ့်မည်။

 



သားဆက်ခြားမှ မျိုးပွားဂုဏ် တင့်မည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top