15
Oct

သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပထမအကြိမ်ဆေးထိုးပြီး ဒုတိယအကြိမ်ဆေးကို အချိန် ဘယ်လောက်ခြားပြီး ထိုးသင့်ပါသလဲ ဆရာ။

ဝ-၂-၆ ဆိုတဲ့ ဖေါ်မြူလာအတိုင်း ထိုးပါတယ်။ ဒုတိယဆေးကို ပဌမတခါပြီးနောက် ၂ လမှာထိုးပါ။ ၆ လမှာ တတိယဆေးထိုးပါ။
• အမေရိကားမှာ နှစ်တိုင်း အမျိုးသမီးပေါင်း ၁၂ဝဝဝ ယောက်မှာ သားအိမ်အဝကင်ဆာ တွေ့နေပြီး၊ ၄ဝဝဝ လောက် သေဆုံးကြရတယ်။ မျိုးပွါးနိုင်တဲ့အရွယ်ရှိ မိန်းမ၊ ယောက်ျား ၁% မှာ လိင်လမ်းကြွက်နို့ရှိကြတယ်။
• သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး (၂) မျိုးရှိတယ်။ ကင်ဆာကိုဖြစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးတယ်။ Cervarix ဆိုတာကို Bivalent vaccine လို့ခေါ်ပြီး၊ Gardasil ကို Quadrivalent vaccine လို့ ခေါ်တယ်။
• Gardasil ကာကွယ်ဆေးဟာ လိင်လမ်းမှာပေါက်တဲ့ ကြွက်နို့ကိုလဲ ကာကွယ်နိုင်တယ်။ ဒါ့ပြင် စအို-ကင်ဆာ၊ မိန်းမကိုယ်-ကင်ဆာ၊ မွေးလမ်းကြောင်း-ကင်ဆာတွေကိုလဲ ကာကွယ်နိုင်တယ်။ ကာကွယ်ဆေး ၂ မျိုးလုံးက ၆ လအတွင်းမှာ ၃ ခါထိုးရတယ်။
• Genital HPV ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံရာကနေ အရေပြားချင်းထိတွေ့မိလို့ ကူးစက်တယ်။ အတော်များများမှာ တချိန်မှာ ဒီပိုးဝင်တာခံရပေမဲ့ ပိုးရှိနေမှန်း မသိကြဘူး။ ငယ်ရွယ်သူတွေမှာ ပိုများကြတယ်။ ပိုးအမျိုးအစားပေါင်း ၄ဝ လောက်ရှိတယ်။ အများစုကတော့ ရောဂါမရစေပါ။ ကူးစက်လာလဲ သူ့ဖါသူ ပျောက်သွားနိုင်တယ်။ တချို့အမျိုးအစားတွေကနေ မိန်းမ သားအိမ်အဝ၊ ယောက်ျားလိင်တံ၊ မွေးလမ်းကြောင်း၊ မိန်းမကိုယ်၊ အာခေါင်နေရာတွေမှာ ကင်ဆာဖြစ်စနိုင်တယ်။ တချို့အမျိုးအစားတွေက ယောက်ျားရောမိန်းမပါ လိင်လမ်းကြွက်နို့ ဖြစ်စေနိုင်တယ်။ အသက်ကို ရန်မရှာပါ။ ဒါပေမဲ့ စိတ်မသန့်ဖြစ်နေမယ်။ ကုသရတာလဲ ခက်တယ်။
• မိန်းကလေးတွေ အသက် ၁၁-၁၂-၁၃ နှစ်မှာ ထိုးသင့်ကြတယ်။ မထိုးရသေးရင်လဲ ၂၆ နှစ်အထိ ထိုးနိုင်တယ်။ အငယ်ဆုံး ၉ နှစ်သမီးတွေထိုးနိုင်တယ်။ လိင်ကိစ္စနဲ့လုံးဝ မပတ်သက်ခင်မှာ ထိုးရတာ ဖြစ်တယ်။
• ၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေတာပါ။
• ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေး မထိုးသေဘဲ နေသင့်တယ်။ ကာကွယ်ဆေးက ကိုယ်ဝန်ကို ထိခိုက်စေတာ မတွေ့ရသေးပေမဲ့ သုတေသနတွေက မပြည့်စုံသေးပါ။ ကိုယ်ဝန်ဆောင်နေမှန်းမသိဘဲ ကာကွယ်ဆေး ထိုးမိရင်လဲ ကိုယ်ဝန်ကျဖျက်ပြစ်ဘို့ မလိုအပ်ပါ။ ဆက်ထိုးရမဲ့ ဆေးကိုတော့ ကလေးမွေးပြီးမှ ထိုးသင့်တယ်။
• ကာကွယ်ဆေးမထိုးခင် သားအိမ်အဝကင်ဆာရှိ-မရှိစစ်တဲ့ Pap test ရော၊ HPV test ပါ စစ်ကြည့်ဘို့မလိုအပ်ပါ။ ဒါပေမဲ့ ဆေးထိုးထားလဲ ဆေးက အကုန်လုံးကို ကာကွယ်နိုင်တာမဟုတ်လို့ သားအိမ်အဝကင်ဆာရှိ-မရှိဆိုတာကို စစ်ဘို့တော့ လိုအပ်ပါမယ်။
• ပိုးဝင်ထားပြီးအမျိုးသမီးတွေက ရောဂါဖြစ်ချင်ဖြစ်လာနိုင်တယ်။ ပိုးကိုရော ရောဂါကိုပါ ကာကွယ်ဆေးက ပျောက်အောင် လုပ်မပေးနိုင်ပါ။
• သုတေသနတွေ ဆက်လုပ်နေပါတယ်။ ဆေး ၃ လုံးထိုးထားပြီးရင် ၆ နှစ်အထိကာကွယ်တာ သေခြာတယ်။ ဒိနောက်လဲ ကာကွယ်နိုင်စွမ်း မလျှော့သေးပါ။
• တခြားလိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ပါ။
• ကာကွယ်ဆေး ၁ လုံးတည်း၊ ၂ လုံးတည်းထိုးရင် ကာကွယ်ပေးနိုင်မှု နည်းလို့ ၃ လုံးပြည့်အောင်ထိုးပါ။
• အမေရိကားမှာ ၂ဝ၁၂ အထိ စုစုပေါင်း ၄၆ သန်းကျော်ကို ထိုးထားပြီးပြီ။ စိတ်ချရပါတယ်။ ဆေးတလုံးကို ဒေါ်လာ ၁၃ဝ ကျတယ်။
• ဆေးထိုးပြီး ၁၅ မိနစ်ကြာနားနေသင့်တယ်။
• Gardasil ကာကွယ်ဆေးကို ယောက်ျားလေးတွေ ၉-၂၆ နှစ်ကိုထိုးလဲ စိတ်ချရတယ်။ တချို့နိုင်ငံတွေမှာ ၁၁-၁၂ နှစ်သားလေးတွေကို ၃ ခါပြည့်အောင်ထိုးစေတယ်။

ဒေါက်တာတင့်ဆွေ (၁၄-၁ဝ-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top