1
Oct
သားလေးအတွက် အသက် ရှည်အောင်နေရမယ့် မေမေ့ရဲ့ ဘဝ
HIV/AIDS ရောဂါကြောင့် မိမိနေထိုင်သည့် နေအိမ်ကို မီးရှို့ဖျက်ဆီးခံရမည်လို့ မသီတာက တစ်ခါမှ မမျှော်လင့်ခဲ့ပါ။ အသက် (၂၉) နှစ်အရွယ် သူမမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ (၁၃) မိုင်အကွာရှိ မှန်လုံရွာ တွင် ရာသီပေါ် သီးနှံဖြစ်သည့် ပဲချွေ၊ မျှစ်ချိုးကာ မိသားစု ဝမ်းစာအတွက် နေ့စား အလုပ်လုပ်ကိုင် နေရသူလည်း ဖြစ်သည်။ မှန်လုံရွာသားများ သူ့ကို ချစ်ခင်လေးစားကြသည်။ သူသည် ငယ်ရွယ်နုပျိုပြီး အလုပ် ကြမ်းတွင် သမာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်။
သူမ၏ သားရတနာ ကောင်းခန့် ၁ နှစ်နှင့် ၆ လအပြည့်မှာ ကလေး၏ ဖခင်မှာ မမျှော်လင့်ပဲ သူတို့ သားအမိကို ခွဲခွာခဲ့သည်။ ထာဝရ နှုတ်ဆက်သွားခဲ့ခြင်းဖြစ်သည်။ “အဲ့ဒီအချိန်မှ ကျွန်မ သိလိုက်တယ်။ ကျွန်မ အမျိုးသားဆုံးတာ နောက်ဆုံးပေါ် ရောဂါတဲ့။ ဒါဆို ကျွန်မမှာလည်း ဒီရောဂါကူးနေပြီပေါ့” ဟု မျက်ဝန်းအိမ်တွင် မျက်ရည်တွဲခိုနေသည့် သူမက သားလေးကို ပွေ့ချီရင်း ဆိုသည်။ သူမကို တောင်ဒဂုံမြို့နယ် NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၏ HIV/AIDS ဆေးပေးခန်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထမီ အညိုအဆင်လေးနှင့် အင်္ကျီမီးခိုးအရောင် ဖျော့ဖျော့လေးက သူမ မျက်နှာကို ဝင်းနေစေသည်။ ၁၀ပေ ပတ်လည် အခန်းကျဉ်းလေးတွင် အမျိုးသမီး အယောက်၂၀ ခန့် စကားဝိုင်းကောင်းနေကြသည်။ သူမက သင်ဖြူးဖျာတစ်ချပ်ပေါ်တွင် ထိုင်ကာ သားလေးကို ချော့မြူနေသည်။
သားလေးမှာ ဝဝကစ်ကစ်နှင့် ချစ်စရာ အလွန်ကောင်းသည်။ သို့သော် သူ့မှာ တစ်ခုထူးခြားနေသည်က သူ့မျက်လုံးနှစ်ဖက်စလုံးက နီရဲနေသည်။ “သူက အေအာတီ ဆေးစ စမ်းသောက်နေရပြီလေ။ အဲ့ဒါ ဆေး ရှိန်ကြောင့် နီနေတာ” ဟု သူ့မိခင်က ပြောသည်။
အမျိုးသားဆုံးပြီးနောက်ပိုင်း မှန်လုံရွာသားတွေ သူတို့သားအမိကို မျက်ထောင့်နီဖြင့် ဝိုင်းအုံကြည့် နေကြပြီ။ အဘယ်ကြောင့်ဆိုတာ အဖြေကတော့ အရှင်းကြီးဖြစ်သည်။ အရင်လို ပေါင်းသင်းဆက်ဆံဖို့ အနေသာ သူတို့ သားအမိကို မခေါ်မပြောတော့ပေ။ သူမကတော့ သားလေးအတွက် အသက်ဆက်ရှင် ရလိမ့်မည်ဟု သူ့ကိုယ်သူ အားပေးနှိမ့်သိမ့်နေရသည့် ဘ၀။ ခင်ပွန်းဆုံးပြီး နှစ်လကြာ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၏ HIV /AIDS ရောဂါဝေဒနာသည်တို့၏ နားခိုရာ ဆေးပေးခန်းတို့ သားအမိနှစ်ယောက် ရောက်ရှိလာခဲ့သည်။
ရွာမှ ရန်ကုန်သို့ ဆေးသွား ထုတ်ရန် ခရီးအိတ်ပြင်ဆင်နေသည်။ အဝတ်အစားများများ စားစား မဟုတ်တောင် အနည်းငယ်ယူဆောင်ကာ သူမ အိမ်က ထွက်ရန် ခြေလှမ်းပြင်လိုက်သည်။ ခြေလှမ်း ၁၀ ကိုက်ခန့် လှမ်းပြီးချိန် သူမတို့ နေအိမ်မှ မီးခိုးတစ်လိပ်လိပ် ကောင်းကင်သို့ တက်သွားသည်ကို လှည့်ကြည့် ငေးမောနေသည်။မကြာပါ။ သူမအိမ့်အဖီကို သူ့ဆွေမျိုးများ မီးရှို့ဖျက်ဆီးလိုက်သဖြင့် ပြာပုံသာ ကျန်နေတော့သည်။
''ရွာကလူတွေက ရောဂါကူးမှာစိုးလို့ မခေါ်မပြောချင်ကြတာ လက်ခံပါတယ်။ အခုက အမျိုးတွေက ရောဂါကူးမှာစိုးလို့တဲ့။ ရွာပြင်တောင် မရောက်သေးဘူး။ နေတဲ့အဖီလေးကို မီးရှို့ပစ်လိုက်တာကို ကြည့်ပြီး ရင်နာ လိုက်ရတာ ''ဟု မသီတာက ဆိုသည်။
မဖွံ့ဖြိုးသေးသည့် အရပ်ဒေသတွေမှာ ကူးစက်ခံရမှာ လူအများစု ကြောက်ကြနေသည့် ရောဂါတွေ ယခုအချိန်ထိ HIV/AIDS ရောဂါဟာလည်း အပါအဝင် ဖြစ်နေဆဲပါ။ ဝေဒနာရှင်တွေဟာ ခွဲခြားဆက်ဆံ ခံနေရဆဲ။ ကမ္ဘာ့  ကျန်းမာရေးအဖွဲ့၏ လေ့လာတွေ့ရှိချက်များအရ အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ နှင့်မြန်မာ နိုင်ငံတို့သည် ကူးစက်ပျံ့ပွားမှုနှုန်း အများဆုံးဖြစ်ပြီး ကျန်းမာရေးဗဟုသုတ၊ အသိပညာနည်းပါးသော ကျေးလက်ဒေသများ၌ အများဆုံးဖြစ်ပွားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
ယခုလက်ရှိမှာ ပုသိမ်၊ စစ်တွေ၊ လားရှိုး၊ မန္တလေး၊ ရခိုင်၊ မော်လမြိုင်၊ ရွှေဘို၊ ချောက်၊ မုံရွာ၊ ပြည်၊ ရန်ကုန်၊ ပဲခူး အစရှိသည့်မြို့တွေမှာရှိတဲ့ ကျေးလက်ဒေသတွေမှာလည်း Sex worker အလုပ်သမ များ၏ ရောဂါ ခံစားနေသည့် စာရင်းအရ ''နယ်တွေက HIV/AIDS ဝေဒနာရှင်တွေ အခုဆို (၇ဝဝ) ကျော်ရှိလာတယ်  '' ဟု  ကျန်းမာရေးပညာပေးတွေကို လိုက်လံဆောင်ရွက်ပေးနေသည့် Sex worker in myanmar network မှ ဥက္ကဌ ဒေါ်နှင်းနှင်းယုက ဆိုသည်။
''ဒီရောဂါက ပိုးရှိသူနဲ့ အတူနေထိုင်တာနဲ့ မကူးနိုင်ဘူး။ ကျေးလက်တွေက ကျန်းမာရေးအသိတွေ နည်းပါးတော့ မသိကြဘူးလေ။ အမှန်တော့ ပိုးရှိသူကိုခွဲခြား ဆက်ဆံဖို့မလိုပါဘူး။ '' ဟု Burnet Institute  မှ ဒေါက်တာ နန်းပန်းအိခမ်းက ဆိုသည်။ HIV ရောဂါပိုးကူးစက်ခံရနိုင်သည့် နည်းလမ်းများမှာ ရောဂါပိုး ရှိသူနှင့်အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ လိင်တူဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အပ်တချောင်း တည်းဖြင့် မျှဝေသုံးစွဲခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံ၌ အသက် (၁၅) နှစ်မှ (၄၉) နှစ်ကြားအရွယ်ရှိ လူအုပ်စုများတွင် HIV ပိုး ကူးစက်ခံထားရသူ ကလေး၊ လူကြီးစုစုပေါင်း (၂၃၆၀၀၀) ရှိကြောင်း နှင့် ၂ဝဝ၉ ခုနှစ်က HIV/AIDS ရောဂါဖြင့်သေဆုံးမှုလူ ဦးရေ ပေါင်း (၁၈ဝဝဝ) ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်ပါက (၁၇) အဆင့်တွင် ရှိကြောင်း အမေရိကန်ပြည်ထောင်စုဗဟိုထောက်လှန်းရေးအေဂျင်စီ (CIA) ၏ World Facebook အရ သိရှိရသည်။
မြန်မာနိုင်ငံ အနေဖြင့် တစ်ရက်လျှင် (၂၇) ယောက် ကူးစက်ခံနေရကြောင်းနှင့် HIV ပိုး ကူးစက်ခံနေရ သူ တစ်နာရီလျှင် တစ်ယောက်နှုန်းရှိကြောင်း Burnet Institute မှ ဒေါက်တာလှဋ္ဌေးက ဆိုသည်။ ရောဂါ ကူးစက်နှုန်းမြင့်တက်နေခြင်းသည် အသိပညာ ဗဟုတုတ နည်းပါးနေခြင်းကြောင့်နှင့် သိသိကြီး နဲ့ မလိုက်နာကြ၍ ဖြစ်ကြောင်း တွေ့မြင်နေရသည်။ ထို့ပြင် HIV ရောဂါပိုးရှိ ကိုယ်ဝန်ဆောင်မိခင်များမှ  ကလေးများ မှာလည်း ကျောင်းမတက်နိုင်သည် အထိ လူ့ပတ်ဝန်းကျင်အတွင်း ခွဲခြားဆက်ဆံခံရသည့်ဖြစ်ရပ်များလည်း ရှိနေသည်။
''ကျွန်မတူလေးဆို အဖေ အမေက သူ (၂) နှစ်သားလောက် ကတည်းက ဆုံးသွားကြတယ်။ ကျောင်းထားတာကို ၉ တန်းနှစ်မှာ ကျောင်းထွက်လိုက်ရတယ်။ မိဘတွေ၊ဆရာတွေက တခြားကလေးတွေ ကူးမှာစိုးလို့တဲ့။ ကလေးက ကျောင်းကပြန်ပြန်လာရင် ငိုပြီးပြောတယ်။ ကျွန်မကတော့ စိတ်မကောင်းဘူးပေါ့နော်။ ကလေးကို ပညာတတ်လေးဖြစ်ပြီး သက်တမ်းစေ့လေး နေစေချင်တာပေါ့ '' ဟု အင်းစိန်မြို့နယ်မှာ နေထိုင် တဲ့ ဒေါ်နုနုကပြောသည်။
HIV/AIDS ရောဂါကို လူတွေ ရွံ့ရှာ မုန်းတီးနေကြသလို ရောဂါရှင်တွေကိုလည်း လူ့အသိုင်းအဝိုင်းမှ ဘေးဖယ်၊ ရှောင်ကျဉ်နေကြသည်။ ခုဆိုလျှင် ကမ္ဘာပေါ်တွင် HIV/AIDS ဝေဒနာရှင် အများစုက ဆေးမှီဝဲကာ သက်တမ်းစေ့နေထိုင်နိုင်၊ အလုပ်လုပ်နိုင်ပြီ။ လူတွေကို ဖျော်ဖြေနေသည့် အနုပညာရှင်များ၊ အောင်မြင်ကျော်ကြားနေသော စီးပွားရေးလုပ်ငန်းရှင်များ များပြားစွာရှိသည်။
မသီတာမှာတော့ သူ့သားလေးအတွက် ဆေးသောက်ရင်း အလုပ်တွေ ဆက်လုပ်မည်။ "သားအနာဂတ် အတွက် သက်ဆိုးရှည်ရှည်ထားမည်။ မိမိကိုယ်မိမိ ကျန်းမာအောင် နေထိုင်မည်။" ဟု ဆိုရင်း သူမ မျက်ဝန်းအိမ် မှ မျက်ရည် လျှံထွက်ကျလာသည်ကို လက်ဖြင့် သုတ်ကာ လက်တစ်ဖက်မှာ သားလေးကို တင်းတင်းဖက်ထားလိုက်သည်။ “ကျွန်မ ဆေးယူပြီး ရွာကို ပြန်မယ်။ အလုပ်ကို ကြိုးစားမယ်။ ဘယ်တော့ အားမလျှော့ဘူး။ လောကကြီးကို အသက်ရှင်နေသရွှေ့ အရှုံးမပေးဘူး” ဟု မသီတာက ဆိုသည်။
Leave a Reply
Your email address will not be published. Required fields are marked *
Captcha *
Follow me on:
Back to Top