12
Mar

သိမ့်မွေ့တာက မြန်မာ့ ယဉ်ကျေးမှု



စာနယ်ဇင်းဆိုတာ
တိုင်းပြည်ရဲ့ “ကင်းစောင့်” ဖြစ်တယ်လို့ မကြာခဏ ရေးခဲ့ဖူးတယ်။ ကင်းသမားကောင်းက အမြဲ
နိုးကြားတက်ကြွပြီး သူခိုးသူဝှက်တွေကို စောင့်ကြည့်ပေးတယ်။ မီးဘေး အန္တရာယ် ကင်းဝေဖို့လည်း
ဂရုစိုက်တယ်။အရေးကြုံရင် သံချောင်းခေါက်ပြီး လူတွေကို သတိပေးတယ်။ ကင်းစောင့်ကောင်းကောင်းရှိရင်
လူတိုင်း လူတိုင်း အပူပင် အကြောင့်ကြကင်းစွာနဲ့ စိတ်ချလက်ချ အိပ်စက်နိုင်ကြတယ်။

 

လင်းယုန်မျက်စိ

သတင်းတို့၊
ဂျာနယ် မဂ္ဂဇင်းတို့ ဆိုတာလည်း လင်းယုန် မျက်စိနဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးကို အမြဲမပြတ်
စောင့်ကြပ် ကြည့်ရှုပေးတဲ့ တာဝန်ယူရတယ်။ အိမ်တွင်းကမီး၊ တို့မီး ရှို့မီးတို့ကို စောင့်ကြည့်သလို
သူခိုးသူဝှက် မကပ်အောင်လည်း ဂရုစိုက်ရတယ်။ တခြားရွာက ခြံစည်းရိုး ကျော်ဝင်ပြီး ဓားပြတိုက်လာမှာကိုလည်း
အမြဲသတိထားနေရတယ်။ အန္တရာယ်ကို မြင်ရင်ကြိုတင် သတိပေး နှိုးဆော်ရတယ်။ သူခိုး သူဝှက်ရန်
ကာကွယ်ဖို့ ဓားပြရန်ကို ခုခံဖို့ မီးဘေးရှောင် မလောင်ခင်တားဖို့ လူတိုင်းမှာ တာဝန်ရှိတာ
မှန်ပေမယ့် လူတိုင်း ကင်းစောင့်နိုင်ကြတာ မဟုတ်ဘူး။ အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီ ရှိနေကြတယ်။
ဒါကြောင့် ကင်းစောင့်သပ်သပ် ထားရတယ်။ ကင်းစောင့်က ကင်းစောင့်ဖို့ပဲ တာဝန်ယူ ထားတာဖြစ်လို့
သူ့အလုပ်သူ ပိုနားလည်တယ်။ ပိုကျွမ်းကျင်တယ်။

 

ဘိုးဘိုးအောင်လို သဘောထားကြတာ

စာနယ်ဇင်းသမားဆိုတဲ့
ကင်းစောင့်ကလည်း ရပ်ကွက် ကင်းသမားလိုပဲ အမြဲတမ်း နိုးကြားတက်ကြွပြီး အမြဲတမ်း သတိရှိနေရတယ်။
သူခိုး သူဝှက်ရန် ဓားပြရန်ကို အမြဲ စောင့်ကြည့် သတိပေးနေတာ ဖြစ်တဲ့အတွက် စာနယ်ဇင်း
ကောင်းများများ ရှိတဲ့ နိုင်ငံဟာ ငြိမ်းချမ်း သာယာပြီး စိတ်ယဉ်ကျေးမှု အဆင့်မြင့်တယ်။
တိုင်းပြည်နဲ့ လူမျိုးကို ယဉ်ကျေးမှု အထက်တန်း ကျစေချင်သူ မှန်သမျှ စာနယ်ဇင်းကောင်း
တွေများများ ပေါ်ထွန်းလာအောင် အားပေးကြရတယ်။ စာနယ်ဇင်းကောင်း တွေရှိမှ စာနယ်ဇင်း သမားကောင်း
လူငယ်လေးတွေ မွေးထုတ်နိုင်မှာ ဖြစ်တယ်။ စာနယ်ဇင်းသမားကောင်း ဆိုရင် လူတွေက ယုံကြည်ကြတယ်။
အားကိုးကြတယ်။ တချို့များဆို “ဘိုးဘိုးအောင်” လောက်ကို သဘောထားပြီး အားကိုး အားထားပြုကြတာ။
စာနယ်ဇင်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာသူများ ဆိုရင်လည်း စာဖတ် ပရိသတ်က မသိခင်သာ
အဟုတ် ထင်ကြတာ။ ခြထွက်လို့ တောင်ပို့မှန်း သိပြီ ဆိုတာနဲ့ တစ်ပြိုင်နက်တည်း ဆေးဖော်
ကြောဖက်တောင် လုပ်ကြတော့တာ မဟုတ်ဘူး။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး ပီမိုးနင်း၊
ဆရာကြီးရွှေဥဒေါင်းတို့လို ပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင် ပါဝင် လုပ်ကိုင်ခဲ့ကြတဲ့ အတွက်
လျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားခဲ့တဲ့ သူရိယ သတင်းစာကြီးဟာ ဂဠုန်ဦးစောက လက်ကိုင်တုတ်
အဖြစ် အသုံးချခဲ့တာကြောင့် အဖတ်ဆည် မရအောင်ဖြစ်ပြီး နောက်ဆုံး တိုက်ပိတ်သွားခဲ့ ရတာကို
ကောင်း ကောင်းသင်ခန်းစာ ယူသင့်တယ်။

 

မျက်စိမွဲတဲ့ လင်းယုန်ကြီး

ဘာလိုလိုနဲ့
ကင်းစောင့် အလုပ် လုပ်ခဲ့တာတောင် နှစ်ပေါင်း ငါးဆယ်လောက် ရှိနေပြီ။ အင်မတန် စူးရှထက်မြက်ခဲ့ဖူးတဲ့
လင်းယုန်မျက်စိတောင် အခုတော့ မှုန်သီေ၀၀ါး ဖြစ်နေပြီ။ ချွန်မြနေတဲ့ လက်သည်းတွေလည်း တုံးကြလှပြီ။
ထိုးဖို့ ဆိတ်ဖို့ အမြဲတမ်း အဆင်သင့် ရှိနေတဲ့ နှုတ်သီး ချွန်ချွန်ဟာလည်း အခုတော့ နှုတ်သီးကောက်ကောက်
ဖြစ်နေပြီ။ ထိုးဖို့ ဆိတ်ဖို့ဆိုတာ ဝေးလို့ ကိုယ့်လာထိုး ဆိတ်ဆွတာကိုတောင် ခုခံ ကာကွယ်နိုင်စွမ်း
ရှိတာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် လူတွေက“ကင်းသမားကြီး”ကို အရင်လိုပဲ ထင်မှတ် နေကြသေးတယ်။
အားကိုးအားထား ပြုချင်ကြသေးတယ်။ တစ်နေ့က တပည့်ကျောင်းသူ ဟောင်းတစ်ယောက် ရောက်လာပြီး
အကူအညီ တောင်းသေးတယ်။ ညဘက် မိသားစုစုံညီ ရုပ်သံစက် ရှေ့ထိုင်ကြတဲ့ အခါမှာ တစ်ယောက်မျက်နှာ
တစ်ယောက် မော့မကြည့်ရဲလောက်အောင်ကို အတင့် ရဲလွန်းတဲ့ ကြော်ငြာတွေ အကြောင်း ရေးပါဦးလို့
မေတ္တာရပ်ပါတယ်။

 

သိမ်မွေ့မှုနဲ့ ယဉ်ကျေးမှု

မြန်မာ့
လူ့အဖွဲ့အစည်းနဲ့ မြန်မာ့ ယဉ်ကျေးမှုက သောကတံထွာ ဓမ္မတာ တရားကို ပိတ်ပင်တားဆီး ချုပ်ချယ်မှု
မပြုပေမယ့် သိုသို သိပ်သိပ်နဲ့ သိမ်သိမ်မွေ့မွေ့ ပြုမူ ဆောင်ရွက်တာကိုမှ ယဉ်ကျေးမှုလို့
သတ်မှတ်ပါတယ်။ နေရာတကာ ပွင့်လင်းတာမျိုးကို လက်မခံပါဘူး။ ဘယ်သူ့ ယဉ်ကျေးမှုက ပိုကောင်းသလဲ
ဆိုတာ သိချင်ရင် စောစောက ပြောခဲ့တဲ့ လင်ကွာ မယားကွာမှုနဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု
ဘယ်သူက ပိုများသလဲ ဆိုတာ ကြည့်လိုက်ရုံပါပဲ။ ဖိုမ ကိစ္စဆိုတာ ဖိုမနှစ်ဦးရဲ့ ကိစ္စသာ ဖြစ်တယ်။
နှစ်ဦး သဘော တူရင် ပြီးတာပဲလို့ သဘောထားတဲ့ အနောက်လူ့ အဖွဲ့အစည်းတွေ မှာတောင် အခုတော့
HIV ကြောင့် အိမ်ထောင်ဖက်ပေါ် သစ္စာရှိဖို့တို့ ဘာတို့ လှုံ့ဆော်မှုတွေ လုပ်လာကြရပြီ မဟုတ်လား။
ကျန်းမာရေး ပညာပေးပဲ ဆိုပြီး မောင်နဲ့ နှမသားနဲ့ အမိ အတူတူကြည့်ဖို့ မသင့်တော်တာမျိုးတွေ
ပြဖို့ မသင့်ပါဘူး။ AIDS တံဆိပ် ခပ်နှိပ်ထားတာဟာ ရေးချင်တာ ရေးခွင့်၊ ပြချင်တာပြခွင့်
လိုင်စင် မဟုတ်ပါဘူး။ အနောက် လူ့အဖွဲ့အစည်းအတွက် ကောင်းတယ်ဆိုတိုင်း မြန်မာ့ လူ့အဖွဲ့အစည်းအတွက်
ကောင်းချင်မှ ကောင်းမှာပါ။ ဒါကို မီဒီယာသမားတွေရော၊ ပညာ ပေးသမားတွေပါ သတိထားကြဖို့
လိုပါတယ်။

 

လက်ရှက်လို့

တစ်ညမှာ
တီဗွီ ကြည့်နေရင်း ဖေဖေ့ ရင်ခွင်ထဲ ၀င်ထိုင်နေတဲ့ ကျွန်မ သမီးသုံးနှစ် အရွယ်က တီဗွီကြော်ငြာ
လက်ညှိုး ထိုးပြပြီး ဘိုးဘိုး အဲဒါဝယ်ပေး၊ အဲဒါဝယ်ပေးနဲ့ ဇွတ်နားပူနေလို့ တစ်အိမ်သားလုံး
ဦးနှောက်ခြောက် ကုန်ကြတယ် ဆရာရဲ့
အမျိုးသမီးသုံး သန့်စင်
ဆေးရည်ဆိုတော့ သမီးလေးက ဇွတ်ပူဆာတာကို အဘိုး ဖြစ်သူကလည်း ဘာပြောရမှန်း မသိဘဲ ကြောင်တောင်တောင်
ဖြစ်နေရှာတယ်တဲ့။ ကျန်အိမ်သားတွေလည်း ပါးစပ်ဟောင်းလောင်းနဲ့ ပေါ့လေ။ တပည့်မက ဆရာဝန်ပါ။
ဒါပေမယ့် သူလည်း အဖေနဲ့ အမေရှေ့၊ မောင်တွေညီမတွေ ရှေ့မှာ ဘာပြောရမှန်း မသိ ဖြစ်နေရပါသတဲ့။

 

ကြော်ငြာထဲမှာ
ပြောသွားတဲ့ စကားတွေ နားထောင် ရတာကိုက မျက်နှာပူစရာကြီးပါ ဆရာရယ်။ ကျွန်မပါးစပ်က ပြန်တောင်မ
ပြောရဲပါဘူး
ဟုတ်မှာပါ။
သူ ပြန်ပြောရဲလည်း ရေးသူက “လက်ရှက်
လို့ ရေးရဲမယ် မထင်ပါဘူး။

 

ပုံတူကူးချလို့ မရဘူး

လွန်ခဲ့တဲ့
သုံးလေးနှစ်ကလည်း ခွန်အား တိုးဆေးတောင့် ကြော်ငြာ တစ်ခုမှာ သရုပ်ဆောင်တဲ့ မင်းသားနဲ့
မင်းသမီး သရုပ်ဆောင် ပုံလွန်ကဲပြီး မဖွယ်မရာ ပုံသဏ္ဍာန် ပေါ်ပေါက်နေတာကြောင့် ဝေဖန်မှုတွေ
ပေါ်ထွက် လာတာတွေ့ခဲ့ရတယ်။ နောက်တော့ အဲဒီ ကြော်ငြာအစား တခြား ရိုက်ချက်နဲ့ အစားထိုး
ပြုပြင်လိုက်တာ တွေ့ရလို့ ကျေးဇူးတင်မိသေးတယ်။ နောက်တစ်ခုက ကြော်ငြာမယ်လေးများရဲ့ ၀တ်စား
ဆင်ယင်ပုံများလည်း အတင့်ရဲသထက် ရဲလာနေကြပါတယ်။ တစ်ခါတလေများ မြန်မာမလေးတွေမှ ဟုတ်ရဲ့လားတောင်
ထင်မိပါတယ်။ ပြီးတော့ “အဖော်
ဆိုတဲ့ ကြော်ငြာတွေကလည်း
ရုပ်သံမီဒီယာနဲ့ မသင့်တော်ဘူး ထင်မိတယ်။ ရုပ်သံဆိုတာက အဘိုးအဘွား အဖေအမေက အစ ကလေးငယ်တွေထိ
အိမ်ရှိ လူကုန်စုဝေး ကြည့်ရှုကြတာလေ။ လေးငါးနှစ်ရွယ် ကလေးက “ဘိုးဘိုး အဖော်ဆိုတာ ဘာကြီးလဲ
လို့
မေးလာခဲ့ရင် ဘယ်လို လုပ်မလဲ။ ဖိုမ ကိစ္စဆိုတာ သဘာဝပဲ။ ရှက်စရာ မဟုတ်ဘူး။ ပွင့်လင်းမှု
ရှိရမယ်ဆိုတဲ့ အနောက်နိုင်ငံက လူတွေရဲ့ စကားကို ပုံတူ ကူးချလို့ မဖြစ်ဘူးဆိုတာ သိထားသင့်တယ်။
သဘာဝနဲ့ ပွင့်လင်း လွတ်လပ်မှုကို ဦးစား ပေးလွန်းတဲ့ သူတို့ အနောက်နိုင်ငံတွေမှာ လင်ကွာ
မယားကွာမှုတွေနဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုတွေ အလွန်အမင်း များပြားနေမှုကြောင့် ခေါင်းခဲ
နေကြရတာလည်း သိကြဖို့ လိုပါတယ်။

 

အီလစ်တွေ အာတွေ့တဲ့ စကား

ပညာပေးတာပဲ
ဖြစ်ဖြစ်၊ ကြော်ငြာတာပဲ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်တာပဲ ဖြစ်ဖြစ်၊ စာနယ်ဇင်းနဲ့ မီဒီယာ
လုပ်တာပဲ ဖြစ်ဖြစ် အားလုံးဟာ ပရိသတ်နဲ့ လုပ်ကြရတာ ဖြစ်တယ်။ အနောက်နိုင်ငံမှာလုပ်တော့
အနောက်ပရိသတ်၊ အရှေ့မှာ လုပ်တော့ အရှေ့ ပရိသတ်၊ မြန်မာနိုင်ငံမှာ ဆိုတော့ မြန်မာ ပရိသတ်ပေါ့။
မြန်မာ ပရိသတ်နဲ့ သင့်တော်အောင် မြန်မာ အားလုံး လက်ခံနိုင်အောင် ဆိုရင် မြန်မာ့ ဓလေ့ထုံးစံ
ယဉ်ကျေးမှုတွေကို မဆန့်ကျင်မိဖို့ လိုပါတယ်။ နိုင်ငံခြားက လာတဲ့ ကြော်ငြာ စာရွက်တွေကို
အရင်းတိုင်း ဘာသာပြန်ပြီး ဖော်ပြလို့ ဘယ်ဖြစ်မှာလဲ။ ပွင့်လင်းမှု လွန်ကဲရင် မြန်မာတို့က
ရိုင်းတယ်လို့ သဘောထားပါတယ်။ လွန်လွန်မင်းမင်းကို ပွင့်လင်း ရဲတင်းရင်တော့ စော်ကားတယ်လို့
သတ်မှတ်ပါတယ်။ ခုတလော မြို့ပေါ်က ရေပေါ်ဆီ လူတန်းစား (အီလစ်)တွေ သိပ်အာတွေ့ နေကြတဲ့
(Transparency) ပွင့်လင်းမှု ဆိုတာကို သိပ်အဟုတ် ထင်မနေကြပါနဲ့။ အဲဒီ ပွင့်လင်းတဲ့ နိုင်ငံကြီးမှာ
ဘာတွေဖြစ်နေသလဲဆိုတာ လှမ်းကြည့်လိုက်ကြစမ်းပါ။

 

ရုန့်ရင်း ကြမ်းတမ်းမှု

ပွင့်လင်းမှု
သိပ်ကြွေးကြော်တဲ့ အနောက် လူ့အဖွဲ့အစည်းတွေမှာက ပွင့်လင်းမှု လွန်ကဲပြီး အနုပညာတွေ မှာတောင်
ရုန့်ရင်း ကြမ်းတမ်းမှုတွေ ဖုံးလွှမ်းလာတာ တွေ့ရတယ်။ အရှေ့ တိုင်းသားတွေ မိန်းမအလှ ဖော်ကျူးတာကတော့
အ၀တ်အစား လုံလုံခြုံခြုံဝတ်ပြီး ဒူးကလေး ညွတ်ကာ၊ လက်ကလေး ကွေးတာ၊ မျက်ခုံးလေးချီတာ
နှုတ်ခမ်းလေး ပြုံးယောင်သန်းတာ စတာတွေနဲ့ ဖော်ကျူးကြတာ ဖြစ်တယ်။ ဘယ်ဟာက အနုပညာ စစ်သလဲဆိုတာ
တွေးဆကြည့် ကြပေတော့။ အရေးကြီးတာက ကိုယ်က မြန်မာပြည်မှာ နေတဲ့ မြန်မာလူမျိုး ဖြစ်ပြီး
မြန်မာလူမျိုးတွေ ဖတ်ဖို့၊၊ ကြည့်ဖို့၊၊ နားထောင်ဖို့ လုပ်နေကြတာ ဆိုတဲ့ အချက်ကို မမေ့ဖို့ဘဲ
ဖြစ်တယ်။ သိမ်မွေ့တာကမှ မြန်မာ့ ယဉ်ကျေးမှုပါ။

 

လူထုစိန်ဝင်း

 

ပေဖူးလွှာမဂ္ဂဇင်း
- သိမ့်မွေ့တာက မြန်မာ့ ယဉ်ကျေးမှု

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top