ကျွန်မလွန်ခဲ့တဲ့ သုံးလေးလလောက်က အလုပ်ကိစ္စနဲ့ ကော့သောင်းနဲ့ မြိတ်ဘက်ကို ရောက်ခဲ့တယ်။ တနင်္သာရီတိုင်းကို ဒါပထမဆုံး အကြိမ်ရောက်ဖူးတာပဲ။ ကော့သောင်းမှာတစ်မြို့လုံး ဘယ်နားကြည့်ကြည့် မွတ်စ်လင်မ်တွေချည်းပဲမို့ စိတ်ထဲမှာ အရမ်းလုံခြုံပြီး ဒေသ အသစ်လို့တောင် သိပ်မခံစားရဘူး။ ကော့သောင်းမှာ တစ်ညအိပ်ပြီး မြိတ်ကိုခရီး ဆက်ခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို ရေးဖြစ် ဖို့ကလဲ မြိတ်မှာ “သူမ” နဲ့ တွေ့ဆုံပြီးမှ ဖြစ်ခဲ့ရတာပါ။
သူမ ဆိုတာကတော့ အိုင်အန်ဂျီအိုတစ်ခုကဖွင့်လှစ်ထားတဲ့ Drop-in-Centre (DIC) လို့ခေါ်ကြတဲ့ အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ် ခံစားနေရသူ တွေနဲ့ဒီရောဂါရနိုင်တဲ့ အမူအကျင့်ရှိသူတွေအတွက် ဖွင့်လှစ်ထားတဲ့ နှစ်သိမ့် ဆွေးနွေးမှုတွေပြုလုပ်နိုင်သလို၊ အပန်းလည်းဖြေနိုင်တဲ့ နေရာတစ်ခုမှာ ကျွန်မတွေ့ဆုံခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ အလုပ်တာဝန်နဲ့ အဲဒီကိုရောက်ရင်း သူနဲ့စကားပြောဖို့ နာမည်မေး လိုက် တဲ့အချိန်မှာတင် ကျွန်မရင်ထဲမှာ တုန်လှုပ်သွားရပါတယ်။ သူ့နာမည်က “ဂျွမ္မာဘီ” တဲ့။ သူ့အသက်က ၁၈ နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် သူ့မှာအိပ်ခ်ျအိုင်ဗွီရောဂါပိုး ရှိနေပြီ။ ၁၃ နှစ်သမီးအရွယ်ကတည်းကလမ်းမှား ကိုရောက်ခဲ့ရပြီး အခုအချိန်ထိလဲ သူလမ်းမှန်ကို ပြန်မသွားနိုင်သေးရှာဘူး။ သူနဲ့စကားပြောရင်း မျက်ရည်မကျမိအောင် ကျွန်မမနည်းထိန်းထားရတယ်။ ကလိမာဟ်ကလွဲပြီး ဘာမှ မသိရှာသူ၊ နမားဇ်မဖတ်တတ်ရှာသူ၊ မြန်မာစာဆိုလဲ နာမည် တစ်လုံးပဲ ရေးတတ်တဲ့သူလေးပါ။ ကျွန်မမေးကြည့်တော့ သူ့အမေကတော့ အိမ်မှာ နမားဇ်ဖတ်ပါတယ်၊ ကျန်းမာရေး မကောင်းလို့ သူ့ဝင်ငွေကိုပဲ မှီခိုနေရတယ်လို့ ပြောပြပါတယ်။ အကျဉ်းချုံးပြောရရင် ကျွန်မ သူ့ကို ကျွန်မလဲသူ့ အတွက် ဒိုအာလုပ်ပေးမယ်၊ သူကိုယ်တိုင်လဲ ဒီအလုပ်ကရုန်းထွက်နိုင်အောင် ကြိုးစားဖို့ ပြောဖြစ်ခဲ့ပါတယ်။
ရန်ကုန်နဲ့ နယ်မြို့တစ်ချို့မှာ အန်ဂျီအိုတွေက ဖွင့်လှစ်ထားတဲ့ DIC အတော်များများကို ကျွန်မရောက်ဖူးတယ်။ နားခိုရာလို့ သူတို့ နာမည်လှလှပေးပြီး စိတ်သက်သာအပန်းဖြေဖို့ သူတို့ငွေကုန်ကြေးကျ အများကြီး ခံပြီးဖွင့်လှစ်ထားတဲ့နေရာတွေကို ကျွန်မကတော့ အားမနာတမ်း၊ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် မျိုးတူရာ စုပေးပြီး အင်အားကြီးထွားလာအောင် လုပ်ပေးနေ သလားလို့မချင့်မရဲ ဖြစ်မိတယ်။လူဆိုတဲ့အမျိုးကအများကြားမှာတစ်ယောက်ဆိုကိုယ့်ကိုယ်ကိုမ၀ံ့မရဲနဲ့ ပြုပြင်ဖို့ကြိုးစား ကောင်း ကြိုးစားဦးမယ်။ အားလုံးတူတူပဲဆိုမှတော့ ယုံကြည်မှုတွေအပြည့်နဲ့ ကိုယ့်ရပ်တည်မှုကိုယ် အမှန်လို့မြင်ပြီး ပိုတောင်ခိုင် မာလာဦးမယ်။ နောက် သူတို့ရဲ့ အစီအစဉ်တွေကို ကြည့်လိုက်မိတော့ ရုပ်ရှင်ကြည့်အပန်းဖြေခြင်း၊ ကာရာ အိုကေသီဆိုခြင်း၊ အလှအပပြုပြင်ခြင်း၊ ဇယ်ခုံတောက်ခြင်း စတာမျိုးတွေပါပဲ။ ဘ၀ကို လိုချင်ရက်နဲ့ ဖြစ်ဖြစ် အခြေအနေပေး လို့ပဲ ဖြစ်ဖြစ် စိတ်လွတ်လက်လွတ်ဖြတ်သန်းနေရတဲ့သူတွေအတွက် သူတို့စိတ်ဝင်စားမယ့် ဒီပျော်စရာအစီအစဉ်တွေ မလိုအပ်ဘူးလို့မပြောပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာ သူတို့စိတ်ကို လမ်းမှန်ကို ပြန်လည်ဦးတည် လာစေမယ့် ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာဟောပြောမှုတွေ၊ စုပေါင်းလုပ်ဆောင်မှုတွေ ထည့်ပေးလို့မရဘူးလား။ သို့လော သို့လော အတွေးတွေနဲ့ ကျွန်မရင်မှာ တစ်အုံ့နွေးနွေးဖြစ်နေတာ ကြာပြီမို့ MMSY ကမိတ်ဆွေတွေကို ရင်ဖွင့်တဲ့အနေနဲ့ ဒီပို့စ်ကိုရေးဖြစ်တာပါ။ ဒါ ကျွန်မတစ်ဦးတည်းရဲ့ ကိုယ်ပိုင်အမြင်မို့ သဘောထားချင်း တိုက်ဆိုင်ချင်မှလည်း တိုက်ဆိုင်မှာပေါ့။




