လမ်းမီးတိုင်
ကားမီးရောင်နဲ့ ဆိုင်အသီးသီးက မီးရောင်စုံတွေက ညကို နေ့ဖြစ်စေခဲ့ပြီး ကြွက်မြီးတန်းကြီးလို
ဖြစ်နေတဲ့ ကားတန်းရှည်ကြီးကြားမှာ လမ်းတစ်ဖက် ဖြတ်ကူးဖို့ဆိုတာ သက်စွန့် ဆံဖျား အလုပ်တစ်ခု။
စကားသံ လူသံ အော်သံ ခေါ်သံတွေနဲ့အတူ အကြော် အညှော်တွေက ပက်ပုန်း ရပ်ကွက်ရဲ့ ရှေ့မျက်နှာစာပါပဲ။
တွန်းလှည်းလေးနဲ့
စားစရာ ရောင်းတဲ့ ဆိုင်လေးတွေ ဂျင်း အဝတ်အထည် ပိုးပဝါ နာရီ ပိုက်ဆံအိတ် စတဲ့ လိုချင်စဖွယ်
စုံလင်တဲ့ ဆိုင်လေးတွေကို ကျော်ဖြတ်လာတော့ ဇိမ်ခန်းတွေနဲ့ နာမည်ကျော်တဲ့ ထိုင်နိုင်ငံ
ဘန်ကောက်က ပက်ပုန်းရပ်ကွက်ရဲ့ ဇာတိရုပ် အစစ်အမှန်ကို တွေ့လိုက်ရမယ်။ ကြက်သီး ထစရာနာမည်တွေနဲ့
ပြာ၊နီ၊ ဝါ နီယွန်မီး ဆိုင်းဘုတ်တွေက အပြိုင်အဆိုင်ဆွဲဆောင်နေကြတယ်။ ဘီယာ အရက်ကြောငြာ
ပတ်လည်ဝိုင်းထားတဲ့ ဝင်ပေါက်ကနေ ကကွက်တီးလုံးသံနဲ့အတူ ပြာလဲ့လဲ မီးရောင်လေး တိုးထွက်လာတယ်။
အထဲကို လှမ်းကြည့်လိုက်မိမယ်ဆိုရင် ထိုင်ခုံတွေ ပတ်လည်ဝိုင်းထားတဲ့ စင်မြင့်ပေါ်က စတီးတိုင်လုံးလေးတွေနားမှာ
စည်းချက်ညီညီ လှုပ်ရှားနေတဲ့ မိန်းမငယ်ပုံရိပ်လေးတွေရှိတယ်။
မိန်းမရယ်လို့
ကွဲပြားခြားနားစေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အောက်နဲ့ အထက် နှစ် နေရာမှာသာ အဝတ် မလုံ့တလုံ
ဖုံးထားပြီး နံပါတ်လေးတွေ ကိုယ်စီ ချိတ်ထားတဲ့သူတို့ဟာ ခြေလှမ်းတွေကို မှားစေလိမ့်မယ်။
ဟင်းလျာ စားရင်း မီနျူးကတ်နဲ့တူတဲ့ ကဒ်ပြားလေး တစ်ချပ်ပေါ်က ကာမဖျော်ဖြေရေး ဟင်းလျာ
စာရင်းတွေရဲ့ ညှီနံ့က အသက် ရှူဖို့ မေ့သွားစေလိမ့်မယ်။ ကြိုက်တာ ရမယ်လို့ လာခေါ်တဲ့
ဧည့်ကြိုသူက လူမျိုးဘာသာ ခွဲခြားတဲ့ အမြင်မရှိဘူး။ ဘတ်ငွေ၊ ဒေါ်လာ၊ ယန်း စတာတွေကိုသာ
သူ ခွဲခွဲခြားခြား ကြည့်တတ်တယ်။
နိုင်ငံခြားငွေ
အများအပြား ရှာပေးနိုင်တဲ့ ဒီလို ဖျော်ဖြေရေးလုပ်ငန်းဟာ ဥပဒေအရ တရားဝင် မဟုတ်ပေမဲ့
အုပ်ချုပ်ရေး ယန္တရားကနေ မျက်ကွယ်ပြု လွတ်ကင်းနေတယ်။ ဒါပေမဲ့ အသံတိတ် သေမင်းတမန် ဖြစ်တဲ့
HIV ကတော့ လိင်ရောင်းဝယ်သူတွေကို မျက်ခြေပြတ်မခံပဲ အလစ်ဝင်တိုက်ဖို့ စောင့်နေပါတယ်။
ဒီတော့ ပက်ပုန်းဟာ နိုင်ငံခြားငွေ ရှာပေးသလို HIV တွေကို မျှဝေပေးရာ ဌာန တစ်ခုလည်း
ဖြစ်ပါတယ်။
ထိုင်နိုင်ငံရဲ့
HIV ကူးစက်ပုံကို လေ့လာရာမှာ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကြောင့် ကူးစက်တာ အခြေခံအကြောင်းရင်းတွေထဲက
တစ်ခုဖြစ်တယ်ဆိုတာ တွေ့ရတယ်။ ထိုင်းမှာ HIV ကူးစက်မှုဟာ ၁၉၈၀ ဝန်းကျင်မှာ စတင်ခဲ့တယ်။
အဦးဆုံးကူးစက်မှုကို ခြေရာခံလိုက်တဲ့အခါ ထိုင်းနိုင်ငံ ပြင်ပက ရောဂါရှိသူတွေနဲ့ လိင်ပိုင်းဆိုင်ရာ
ထိတွေ့မှုကနေ ကူးစက်လာတယ်ဆိုတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP က စာတမ်းတစ်စောင်မှာ
ဖေါ်ပြထားတယ်။
များပြားလှတဲ့
လူငယ်တွေဟာ လိင်ဖျော်ဖြေမှု ရောင်းချသူတွေ ဒါမှမဟုတ် ဝယ်သူတွေအဖြစ် လိင်ရောင်းဝယ်ရေး
လုပ်ငန်းမှာ နစ်မြုပ်နေကြတယ်။ ကျောင်းနေအရွယ် ကလေးတွေ အပါအဝင် ထိုင်းလူငယ်တွေကြားမှာ
လိင်မှုကိစ္စနဲ့ မူးယစ်ဆေးဝါး စမ်းသပ်သုံးစွဲမှုနှုန်ဟာ မြင့်တက်လာနေတဲ့ဟန် ရှိပါတယ်။
ထို့အတူ
ထိုင်းလူငယ်တွေကြားမှာ HIV ကူးစက်မှု အန္တရာယ်ဟာလည်း များသထက်များလာနေတယ်။ ကြိုတင်ကာကွယ်မှု
ဆောင်ရွက်ချက်တွေဟာ လူငယ်ထုတွေဆီ လုံလုံလောက်လောက် မရောက် နိုင်ဘူး။ လိင်ပိုင်းဆိုင်ရာ
နိုးကြားလာကြပြီဖြစ်တဲ့ လူငယ် ၂၀ ကနေ ၃၀ ရာခိုင်နှုန်း လောက်သာ ကွန်ဒုံးကို အစဉ်တစိုက်
သုံးလေ့ရှိကြတယ်။
လူငယ်အချင်းချင်းကြားမှာ
အထူးသဖြင့် လိင်တူဆက်ဆံသူတွေဟာ HIV ကူးစက်မှုအတွက် အန္တရာယ် အရှိဆုံးအုပ်စု ဖြစ်နေတယ်။
အချို့ လေ့လာမှုတွေအရ လူငယ် ၃ ရာခိုင်နှုန်းကနေ ၁၇ရာခိုင်နှုန်း လိင်တူဆက်ဆံပြီး ရောရါပိုးကူးစက်နှုန်းဟာ
၁၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဖေါ်ပြကြတယ်။ ဒါပေမဲ့ သူတို့အတွက် ကာကွယ်မှု ဆောင်ရွက်ချက်တွေ
ပညာပေးရေးလုပ်ငန်းတွေ တော့ အနည်းကျဉ်းသာ လုပ်ပေးနေတယ်။
HIV ကူးစက်နှုန်းဟာဆိုရင်
မူးယစ်ဆေးဝါးထိုးသူတွေမှာလည်း ၅၀ရာခိုင်နှုန်းရှိတယ်။ အသစ် ကူးစက်ခံရသူ ၄ပုံ ၁ ပုံဟာ
မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကြောင့် ဖြစ်ရတယ်။ ဒီအထဲမှာ အကျဉ်းထောင် တွေထဲက အခြေအနေတွေဟာ
မူးယစ်ဆေး သုံးဖို့နဲ့ HIV ကူးစက်မှုကို အားပေးနေတယ်။
မိခင်လောင်း
ကိုယ်ဝန်သည်တွေမှာ ရောဂါပိုး ကူးစက်နှုန်းဟာ ၁၉၉၀ ကနေ ၁၉၉၅ အတွင်း ၀.၅ ရာခိုင်နှုန်းကနေ
၂.၄ ရာခိုင်နှုန်း အထိ မြင့်တက်လာတယ်။
၂၀၀၃
ခုနှစ် အလယ်ပိုင်းလောက်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား
၎သိန်းကျော်တို့ဟာလည်း ကူးစက်မှု အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။
ထိုင်းမှာ
AIDS စဖြစ်တဲ့အခါ ဒါဟာ လုံးဝ ဖုံးကွယ်ထားတဲ့ ကိစ္စပါ။ ရှင်းသန့်တဲ့ တိုင်းပြည်တစ်ပြည်
ဖြစ်တယ်ဆိုတဲ့ ဂုဏ် သိက္ခာ ထိခိုက်မှာရယ် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို တစ်နည်းတစ်ဖုံ ရိုက်ခတ်မှု ရှိမှာရယ်စတဲ့ ကြောက်လန့်မှုတွေရှိခဲ့တယ်။
အစပိုင်းမှာတော့ ရေဒီယို ရုပ်မြင်သံကြားနဲ့တကွ အစိုးရပိုင် သတင်းကွန်ယက်မှန်သမျှကနေ
HIV/AIDS အကြောင်း သတင်း ပြန်ကြားပေးဖို့ တားမြစ်ခံခဲ့ရတယ်။ အဲဒီအချိန်မှာ အစိုးရပိုင်းရဲ့
ငွေကြေး ထောက်ပံ့မှု အနည်းအကျဉ်း သာရခဲ့ပြီး နိုင်ငံရေး ဆိုင်ရာမှာတော့ ဘာမှ ကူညီမှု
မရခဲ့ပါဘူး။
၂၀၀၀
ရောက်တဲ့အခါ HIV ကူးစက်ခံရသူဟာ လေးသန်းနီးပါး ရှိလာပါပြီ။ အဲဒီကူးစက်ခံရသူ တစ်ယောက်စီရဲ့
၂၅နှစ်တာ လုပ်အားတွေ ဆုံးရှုံးရပြီး ကျနော်တို့ တိုင်းပြည်ရဲ့ ဂျီဒီပီကလည်း နှစ်စဉ်
၂၀ ရာခိုင်နှုန်း ယုတ်လျော့နေတယ်။
နောက်တော့
ငွေကြေး ထောက်ပံ့တဲ့ ရော့ကီးလာ ဖေါင်ဒေးရှင်းက ပြည်သူတွေအတွက် သတင်း ထုတ်ပြန်ပေးဖို့
အစီအစဉ်ကို ပြောလာတာနဲ့ ကျနော်လည်း ရေဒီယို ရုပ်မြင်သံကြား ထုတ်လွှင့်ရေးဌာန တွေဆီသွားခဲ့တယ်။
ဒါပေမဲ့ ဒီဌာကက လူတွေက မရဘူး ကျနော်တို့ကို လုပ်ခွင့်မပြုထားဘူး လို့ ပြောတယ်။ ကျနော်တို့က
ဆက်ပြီး တိုက်တွန်းနေတာပါပဲလို့ လွတ်တော်အမတ် မိချိုင်း ဝိရာဝေဒရ က ပြောသွားပါတယ်။
အခုတော့ အမြင်ကျယ်လာတဲ့ ထိုင်းဟာ ပြောင်းလဲလာပါပြီ။
HIV/AIDS
နဲပ ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေကို ကျောင်းအားလုံးမှာ မူလတန်းအဆင့်က စလို့ ဆောင်ရွက်ပေးခဲ့တယ်။
ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေကနေတဆင့် ပညာပေးမှုတွေလည်း ရှိပါတယ်။ ရုပ်ရှင်နယ်ပါယ်နဲ့
သတင်းဖြန့်ချီရာ မီဒီယာလောကသားတွေ အပါအဝင် အသင်းအပင်းအားလုံး ပါဝင် ဆောင်ရွက်လာကြတာပါပဲ။
အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်သံလွှင့်ဌာနတွေက AIDS ပညာပေးနဲ့ ပတ်သက်လို့ မိနစ်ဝက်စာ အစီအစဉ်ကို
နာရီတိုင်းမှာ ထုတ်လွှင့်ပေးမယ်။ ဒါကြောင့် နှစ်တွေကြာလာတဲ့အခါ ထိုင်းမှာရှိတဲ့ လူတိုင်း
ဒီအကြောင်းတွေ သိလာကြမှာပါလို့ မီချိုင်းက ဆက်ပြီး ပြောသွားပါတယ်။ မီချိုင်းဟာ ကွန်ဒုံးသုံးစွဲရေးကို
လှုံ့ဆော်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။
၁၉၉၂
ခုနှစ်ရောက်တဲ့အခါမှာ သန်း ၆၀ အရေအတွက်ရှိတဲ့ ကွန်ဒုံးတွေကို ပြည်သူ့ ကျန်းမာရေး ဌာနက
အခမဲ့ ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်တယ်။ များသောအားဖြင့် လိင်ဖျော်ဖြေရေး လုပ်သားတွေ လိင်ပိုင်းဆိုင်ရာ
ကူးစက်မှုရောဂါ ရှိ မရှိဆေးစစ်မှု ခံယူတဲ့အခါမှာ သူတို့ကို ကွန်ဒုံးတွေ ဝယ်ပေးခဲ့တယ်။
ဒါ့အပြင် ကူးစက်ရောဂါ ရှိသူတွေ တပ်မတော်သားတွေသာမက လုပ်ငန်းခွင်တွေနဲ့ ဟိုတယ်တွေကိုလည်း
အင်ဂျီတွေကနေ တဆင့် ကွန်ဒုံးတွေ ဖြန့်ဝေပေးတယ်။
ဒါကြောင့်
ထိုင်းမှာ ကွန်ဒုံသုံးစွဲမှုဟာ ၁၉၉၃ ခုနှစ်မှာ ၅၆ရာခိုင်နှုန်း ရှိရာကနေ ၁၉၉၆ ခုနှစ်မှာ
၈၉ ရာခိုင်နှုန်း ရှိလာခဲ့တယ်။ အရေးပါတဲ့ အချက်အနေနဲ့ကတော့ ကူးစက်နှုန်း ၄ ရာခိုင်နှုန်း
ရှိတဲ့ ထိုင်းတော်ဝင် တပ်မတော်မှာ ကွန်ဒုံးသုံးတဲ့ စစ်မှုထမ်း အရေအတွက် ပိုမိုများပြားလာတယ်
ဆိုတာပါပဲ။
လိင်ဖျော်ဖြေရေး
လုပ်သား အများစုဟာ ကွန်ဒုံးနဲ့ ပတ်သက်လို့ ရုပ်မြင်သံကြား ဒါမှမဟုတ် ကျန်းမာရေး လုပ်သားတွေကနေ
တဆင့် သိရှိခဲ့တယ်လို့ ဆိုတယ်။ အခုတော့ သူတို့လည်း ကွန်ဒုံးမသုံးရင် ဖျော်ဖြေမှု မရဘူးလို့
ပြောတတ်လာကြတယ်ပါပြီ။
ထိုင်းမှာ
AIDS ရောဂါကို ဘယ်လို ခုခံကာကွယ်နေသလဲ ဆိုတဲ့အချက်ကလည်း သိရှိ မှတ်သားဖွယ် ဖြစ်ပါတယ်။
နိုင်ငံ့ခေါင်းဆောင် တွေကနေ ခိုင်မာထိရောက်မှုရှိတဲ့ လုပ်ငန်းစဉ်တွေချမှတ်ပြီး ကိုယ်တိုင်
တက်ကြွစွာလည်း ပါဝင်ကြတယ်။ တိုင်းပြည် အသုံးစရိတ်မှာ ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက်
ရံပုံငွေ များစွာသုံးစွဲတယ်။ အင်အား စုဆောင်း ပေးပြီး အသင်းအဖွဲ့များစွာ ပေါ်ထွက်လာစေတယ်။
ဒါ့အပြင် စိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေကလည်း လုပ်ငန်းစဉ် ချမှတ်ရေးနဲ့ အစီအစဉ်တွေ
ရေးဆွဲရာမှာ ပါဝင်လာကြတယ်။ ဒါတွေဟာ ရောဂါတိုက်ဖျက်ဖို့ ခံစစ် ဆင်နွှဲရာမှာ တတပ်တအား
ဖြစ်စေတယ်။
ဒါ့အပြင်
အခြား အကြောင်းအချက် တွေလည်း ရှိပါသေးတယ်။
- သွက်လက်
တက်ကြွတဲ့ နိုင်ငံရေးခေါင်းဆောင် များရဲ့ တာဝန်ယူဆောင်ရွက်မှု
- ခုခံကာကွယ်ရေးအတွက်
အစိုးရမှ ငွေရင်းများစွာ စိုက်ထုတ်ပေးမှု
- သရုပ်ဆောင်
အတတ်ပညာရှင်တွေ အားတက်သရော ပါဝင် လုပ်ဆောင်လာမှု
- ရောဂါ
ရှိသူတွေ ပါဝင်တဲ့ လူမှု အဖွဲ့အစည်း တွေက ပါဝင်လှုံ့ဆော်မှု
- ပညာရေးနဲ့
သတင်း ထုတ်ပြန်ရေး အဖွဲ့အစည်းတွေက ပါဝင် လှုံ့ဆော်ဆောင်ရွက်မှု
- ပညာပေးရေးနဲ့
သတင်းထုတ်ပြန်ရေး လူထု လှုပ်ရှားမှုတွေ အင်တိုက်အားတိုက် ပြုလုပ်ပေးမှု
- ကာကွယ်ရေးကို
နည်းစနစ်တကျ အာရုံစိုက် ဆောင်ရွက်မှု
- လက်တွေ့ကျကျ
ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေ ရှိမှု
- ကျယ်ကျယ်ပြန့်ပြန့်
ရောက်ရှိအောင် ဆောင်ရွက်နိုင်မှု
- သတင်းအချက်အလက်
မှန်မှန်ကန်ကန် ထုတ်ပြန်ပေးမှု
- လိင်ပိုင်းဆိုင်ရာ
ကူးစက်မှုရောဂါ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ပြီး နည်းမှန်စွာ ဆောင်ရွက်မှု
- ဦးစွာ
မူဝါဒတွေ အသေးစိတ် ရေးဆွဲမည့်အစား အတွေ့အကြုံပေါ် အခြေခံပြီး သင်လျော်သည့် အစီအစဉ်များ
ချမှတ်ပေးမှု
- ကွန်ဒုံးနဲ့
လင်မှု ကိစ္စပြောဆို ဆွေးနွေးမှုတွေကို ပွင့်လင်းစွာ ပြောဆိုခွင့်ပြုမှု
ဖေါ်ပြခဲ့သော
အချက်များသည် ကြီးတဲ့ အမှုငယ်အောင် ကြိုးပမ်းရာမှာ အခရာကျတဲ့ အကြောင်းရင်း တွေပဲဖြစ်ပါတယ်။
ကဏ္ဍအသီးသီး
ကနေ HIV/AIDS တိုက်ဖျက်ရေး ဆောင်ရွက်နေချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ တစ်ခုကတော့ ရောဂါပိုးရှိသူတွေကို
ပတ်ဝန်းကျင်က နှိမ့်ချ ဆက်ဆံမှုပဲ ဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ ပတ်ဝန်းကျင် သိမှာစိုးလို့
ရှက်ကြောက် မြုံထားရာကနေ မဖြစ်သင့် တာတွေကို ဖြစ်ပြီး ကူးစက်မှုကို တွန်းအားပေးနေပါတယ်။
အာရှ
ပစိဖိတ်ဆိုင်ရာ HIV/AIDS ရှိသူများ ကွန်ယက်ရဲ့ လေ့လာချက်တစ်ခုအရ ထိုင်းမှာ ရောဂါ ပိုးရှိသူ
လေးပုံတစ်ပုံဟာ စော်ကားခံရမှုတွေ စိတ်ပိုင်းဆိုင်ရာ ထိုးနက်မှုတွေ ကြုံတွေ့ရပါတယ်။ သွေးစစ်လို့
HIV ရှိကြောင်း သိရသူ ထက်ဝက်လောက်ဟာ သွေးမစစ်ခင်နဲ့ သွေးစစ်ပြီးတဲ့အခါ နှစ်သိမ့်ဆွေးနွေး
ပညာပေးမှုတွေ မရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ကုသမှု ပေးရာမှာလည်း အခြားရောဂါသည် လူနာများကို
ဦးစားပေးကုသပေးခြင်း အားဖြင့် ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ခွဲခြားဆက်ဆံမှုကိုလည်း ကြုံတွေ့ကြရပါတယ်။
HIV
ရိုက်ခတ်မှု နည်းတဲ့ ဒေသအချို့မှာ ဒီရောဂါပိုးအကြောင်းနဲ့ ပတ်သက်လို့ သတင်း အချက်အလက်
ဖြန့်ဝေမှု အားနည်းပြီး ဒီကိစ္စကို လျစ်လျှူရှူထားကြဆဲဖြစ်ပါတယ်။ ထိုင်းမှာ အလုပ် လျောက်ထားသူတွေကတော့
HIV ရှိမရှိ စစ်ဆေးဖို့လိုတယ်။ အလုပ်ခွင်မှာ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိတဲ့ လုပ်သားတွေဟာ
အလုပ် ထုတ်ပစ်ခြင်း အလုပ်တာဝန် ရွှေ့ပြောင်း ရခြင်း အခြား လုပ်သာားတွေနဲ့ ဆက်ဆံခွင့်
မပေးခြင်း စတဲ့ ခွဲခြား ဆက်ဆံ ခံရမှုတွေကို ကြုံရပါတယ်။
ရောဂါ
ရှိသူတွေအပေါ် နှိမ့်ချ ဆက်ဆံခံရမှုဟာ HIV/AIDS နဲ့ ပတ်သက်လို့ အသိပညာ မကြွယ်ဝသေးခြင်းရဲ့
ပြယုဂ် တစ်ခုဖြစ်တယ်။ ဒီနေရာမှာ ပြည်သူတွေအနေနဲ့ တစ်သားတည်းရှိနေတဲ့ လူမှုရေး အခြေခံ
အဖွဲ့အစည်းတွေဟာ HIV တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အဓိကနေရာက ပါဝင်တယ်။ ဒါပေမဲ့ ရောဂါပိုးရှိသူတွေ
အနေနဲ့ကတော့ နှိမ့်ချဆက်ဆံ ခံနေရဆဲဖြစ်ပါတယ်။ သူတို့ရဲ့ ရပိုင်ခွင့်တွေနဲ့ ဂုဏ်သိက္ခာအဖတ်ဆယ်
ရေးတို့အတွက် ရင်ဆိုင်စရာ ဆောင်ရွက်စရာ တွေကတော့ အများကြီး ရှိနေပါသေးတယ်။
“အေးမြချမ်း - ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ အခက်အခဲ အမျိုးမျိုးကြောင့် စာရေးသူထံမှ ခွင့်ပြုချက်ရယူခြင်း မရှိပဲ ကူးယူဖေါ်ပြသည်ကို နားလည် ပေးစေလိုပါသည်။




