9
Oct

သင်္ဘောသားများအကြား အေ့ဒ်စ်ပညာပေး တိုးမြှင့်ရန်လို



ကမ္ဘာတစ်ဝန်းရှိ သင်္ဘောသားတစ်သန်း ကျော်အကြား အိပ်ခ်ျအိုင်ဗီ၊
အေ့ဒ်စ် ကူးစက်မှု အလားအလာများကို လျှော့ချရန် အိပ်ခ်ျအိုင်ဗီရောဂါ တိုက်ဖျက်ရေးဆိုင်ရာ
ယူအင်န် အဖွဲ့အစည်းများ၊ နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောသား အစည်းအရုံးများနှင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်
(အိုင်အယ်လ်အို)စသည့် မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း
စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သော ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း
(အိုင်အိုအမ်) သတင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

 

လုပ်ငန်းသဘာဝအရ သင်္ဘော ၀န်ထမ်းများအနေဖြင့် ပင်လယ်ပြင်ရှိ
အလုပ်ခွင်တွင်သာ အချိန်များစွာကုန်ဆုံးရပြီး အိမ်ထောင်ဖက်နှင့် ကင်းကွာစွာ နေထိုင်ရခြင်း၊
ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများ လက်ခံရရှိမှု နည်းပါးခြင်း တို့ကြောင့် အိပ်ခ်ျအိုင်ဗီ၊
အေ့ဒ်စ်ရောဂါ ကူးစက်မှုကိုဖြစ်စေနိုင်သော အပြုအမူများကို ပိုမိုလုပ်ဆောင်ဖွယ်ရှိကြောင်း
ဖော်ပြထားသည်။

 

သုတေသနပြုချက်များအရ ကမ္ဘာ တစ်ဝန်းရှိ သင်္ဘောသားများ၏
၅၃ ရာခိုင်နှုန်းသည် ထိုသို့ မိသားစုနှင့် ကင်းကွာနေချိန်တွင် ပြည့်တန်ဆာများ နှင့်နေထိုင်ပြီး
၎င်းအနက် ၇၃ ရာခိုင်နှုန်းမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုကြသည်ဟု ဆိုသည်။

 

သို့ဖြစ်၍ မိတ်ဖက်အဖွဲ့အစည်းများ အနေဖြင့် သင်္ဘောသားအများစု၏
အဆိုပါအန္တရာယ်ရှိ အပြုအမူများကို လျှော့ချရန်၊ ရေကြောင်းခရီးစဉ်အတွင်း အိပ်ခ်ျအိုင်ဗီကူးစက်မှုနှင့်
ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးများ ရရှိစေရန် တိုးမြှင့်ဆောင်ရွက်ခြင်း၊ အိပ်ခ်ျ
အိုင်ဗီ၊ အေ့ဒ်စ်နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ စစ်ဆေးပေးခြင်း စသည့် ပညာပေး အစီအစဉ်များကို
တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ပြန်ကြားရေးအရာရှိ
ဗိုလ်ကြီးထိန်လင်း က "ဌာနအနေနဲ့ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ပူးပေါင်းပြီး အိပ်ခ်ျအိုင်ဗီ၊
အေ့ဒ်စ် အသိပညာပေး လုပ်ငန်းတွေကို ပူးတွဲလုပ်ကိုင်ပါတယ်။ သင်္ဘောသားတွေ အကြားမှာ ဒီရောဂါ
ကူးစက်မှုလျှော့ချရေးဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ပါ။ ကျွန်တော်တို့ ပြည်တွင်းရေကြောင်းမှာ
ရေယာဉ်ဝန်ထမ်းပေါင်း ၆,၀၀၀ ရှိပါတယ်။ သင်္ဘောသားအကူကနေ ရေယာဉ်မှူးအထိ၊ စက်ခန်းလုပ်သားကနေ
တာဝန်ခံအင်ဂျင်နီယာအထိ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ် ပညာပေး သင်တန်းတွေ ပေးပါတယ်။ ရာထူးတိုး
မြှင့်သင်တန်းတွေမှာလည်း ဒီသင်တန်းတွေကို မဖြစ်မနေ ထည့်သွင်းဟောပြောပါတယ်။ လက်ကမ်း စာစောင်တွေအပြင်
ကွန်ဒုံးဖြန့်ဝေမှု တွေကိုလည်း လုပ်ဆောင်ပေးပါတယ်"ဟု ပြောကြား သည်။

 

ပြည်တွင်းရေကြောင်း ရုံးချုပ်နှင့် အလုံသင်္ဘောကျင်းတွင်
ကျန်းမာရေး ဆေးခန်းများ ဖွင့်လှစ်ထားသည့်အတွက် သင်္ဘောသားများအနေဖြင့် ပွင့်ပွင့်လင်းလင်း
တိုင်ပင်ဆွေးနွေး နိုင်ကြောင်း၎င်းက ပြောသည်။

 

ဆက်လက်၍ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး မြန်မာနိုင်ငံ
စီးပွားရေးလုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အမ်ဘီစီအေ)မှ ဒေါက်တာနွဲ့နွဲ့ဦး ကလည်း "သင်္ဘောသားတွေဟာ
ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တဲ့အတွက် ဒီရောဂါကူးစက်ဖို့ အလားအလာ ပိုရှိပါတယ်။ ဒါကြောင့်
ဒီအုပ်စုကို အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ် အသိပညာပေးမှုတွေလုပ်ဖို့ အင်မတန် အရေးကြီးပါတယ်။

 

"ကျွန်မတို့ အနေနဲ့လည်း အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ပညာပေးလုပ်ငန်းတွေကို
သင်္ဘောကုမ္ပဏီ တွေမှာ လိုက်လံဟော ပြောပေးနေပါတယ်"ဟု ပြောသည်။



သင်္ဘောသားများအကြား အေ့ဒ်စ်ပညာပေး တိုးမြှင့်ရန်လို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top