22
Feb

သံစဉ်အနိမ့်အမြင့် သီကျူးဖွဲ့ဆိုရာ

၁။
ရင်ငြိမ်း တစ်ယောက် အိပ်ရာထက်မှာ ဘယ်ညာလူးလိမ့်ရင်း မနက်က သူငယ်ချင်း မင်းမင်းနှင့်
တွေ့ ဆုံ စကားပြောဖြစ် တာကို ပြန်စဉ်းစားရင်း အိပ်မရအောင် ဖြစ်နေတယ်။ သူ ချစ်တဲ့ ကောင်မလေးကို
ဘယ်လို ချစ်ခွင့် ပန်ခဲ့တယ် ဆိုတာလေးပါ။ HIV Negative, HIV မရှိဆိုတဲ့ သွေးစစ် စာရွက်လေး
ထုတ်ပြပြီး ချစ်ခွင့် ပန်ခဲ့သတဲ့။ မင်းမင်းရဲ့ ကောင်မလေးက အရမ်း ကံကောင်းပါလားလို့
တွေးမိတဲ့ အဆုံးမှာ မျက်ရည်တွေ ခေါင်းအုံးပေါ်ကို အတားအဆီး မရှိ လိမ့်ဆင်းသွားတော့တယ်။
ဘေးနားမှာ သားငယ်လေး ပြည့်မောင်မောင် ကတော့ အပြစ်ကင်းစွာ နှစ်ခြိုက်စွာ အိပ်ပျော်နေတယ်။

၂။

ကိုရေ ရင်ငြိမ်းကို တကယ်ချစ်ရင် စင်ကာပူက အမြန် ပြန်ခဲ့ပါတော့။
လက်ဆောင်တွေထက် အရေး ကြီးတာက HIV စစ်ပြီးမှ လက်ထပ်ကြရအောင် နော်လို့ ရင်ငြိမ်းကပြောတော့
ကိုက ရယ်တယ်။ ကို စင်ကာပူမှာ အလုပ် လုပ်နေတာ ၅ နှစ်ရှိပြီ။ ဘာပြဿနာမှ မရှိပါဘူး။ ကိုယ့်ကိုယုံပါ
ရင်ငြိမ်းရာ ဆိုတာ ကြောင့် ရင်ငြိမ်း ဘာမှ ထပ်မပြောသာတော့။ ဒီကိစ္စမှာ ချစ်ခြင်းနဲ့
ယုံကြည်မှုကို တည်ဆောက် မရဘဲ ဗဟုသုတနဲ့ အပြည့်အ၀ ကာကွယ်တတ်မှုသာ အရေးကြီးကြောင်း အချိန်လွန်မှ
ရင်ငြိမ်း သိခွင့် ရတော့ တယ်။

၃။

လက်ထပ်ဖို့ တိုင်ပင်ကြတုန်းက ရင်ငြိမ်းတို့ မိုးမမြင် လေမမြင်
ပျော်ခဲ့ကြတယ်နော် ကို။ ဒီကြားထဲက ရင်ငြိမ်းက တကျည်ကျည်နဲ့ သွေးစစ်ဖို့ နားပူနားဆာ
လုပ်တာကိုလည်း လိုက်လျောပေးခဲ့တယ်။ နှစ် ယောက်စလုံးရဲ့ ဓာတ်ခွဲခန်း အဖြေက ကောင်းပြန်တော့
ပျော်လိုက်တာမှ အတိုင်းမသိပါပဲ။ ဒီအတွက် ကြောင့်လည်း ကို့ကို မူလ ချစ်နေတာထက် ပိုတိုးပြီး
ရင်ငြိမ်း ချစ်ခဲ့ရ တယ်။ ကို စင်ကာပူ ပြန်ထွက် ရင်လည်း လက်ရှိ ထူထောင်ထားတဲ့ တံဆိပ်ရိုက်
လုပ်ငန်းကို ရင်ငြိမ်း ဦးစီးမယ်။ သားသမီး သုံး ယောက်လောက် ယူမယ်။ သူတို့တွေ အရွယ်ရောက်အောင်
ပြုစုပျိုး ထောင်ပြီးရင် ရင်ငြိမ်းနဲ့ကို တရား စခန်းတွေ တစ်ခုပြီးတစ်ခု ၀င်ကြမယ်။ ဒီလို
ကြည်နူးပျော်ရွှင် စရာကောင်းတဲ့ အိပ်မက်တွေကို ၀ယ်ယူ ထားတဲ့ တိုက်ခန်းမှာ စနစ်တကျ ဖူးပွင့်လာဖို့
အတူမက်ခဲ့ ကြတာတွေကို မေ့ပစ်လေရော့သလား ကိုရယ်။ မမြင်ရတဲ့ ကံကြမ္မာဆိုးကို နည်းနည်းလေးတောင်
မှ ရင်ငြိမ်းတို့ ချောင်းမကြည့်ခဲ့ကြ ဘူးနော်။

၎။

စင်ကာပူ ထွက်သွားပြီး မကြာခင်မှာပဲ ကို နေမကောင်းဖြစ်ပြီး
ပြန်လာတယ်။ သာမန်လို့ပဲ ထင်မိတဲ့ အတွက် တိုင်ပင်ထားတဲ့အတိုင်း ကလေး ယူဖြစ်ကြတယ်။ ရင်ငြိမ်းဘ၀ရဲ့
မုန်တိုင်းက အဲဒီမှာ အစပြု တော့တာပါပဲ။

 

“ကိုရေ ကိုယ်ဝန်သွားအပ်ရအောင်”

 

“ကောင်းတာပေါ့။ ကိုတို့ကလေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးတာပေါ့”
လို့ဆိုပြီး အတူ တကွ တက်ကြွ ပျော်ရွှင်စွာနဲ့ အထူးကုဆေးခန်း တစ်ခုမှာ ကိုယ်ဝန်အပ်ခဲ့
ကြတယ်။ ထူးဆန်းတာက အဲဒီ ရက်မှာ ရင်ငြိမ်း ချောင်းတ အားဆိုးနေသလို ကိုကလည်း ပိန်နေတယ်။
ဆရာဝန်ရဲ့ သံသယ အကြည့် ကို ရင်ငြိမ်း မကြိုက်ပေမယ့် ကလေးအတွက် ဆရာဝန်ခိုင်းတဲ့ သွေးစစ်တာကို
လက်ခံခဲ့တယ်။

 

လောကကြီးမှာ အရာခပ်သိမ်း မဟုတ်တောင် အတော်များများကို ရင်ငြိမ်း
သိနားလည် ပြီလို့ထင်ခဲ့တာ မှားသွားခဲ့တယ်။ Retro Positive တဲ့။ ဘာမှန်း မသိတာနဲ့ ကောင်တာက
ဧည့်ကြို စာရေးကို သွားမေး တော့ မျက်နှာပျက်သွားပြီး ဒေါက်တာကိုပဲ မေးကြည့်လို့ ပြောခဲ့တယ်။
သူ့ရဲ့ အကြည့်ကိုလည်း ရင်ငြိမ်း မကြိုက်ပြန်ဘူး။ ကလေးများ တစ်ခုခုဖြစ်သလား ဆိုပြီး
ဗိုက်ကို လက်နဲ့ အလိုအလျောက် ထိန်းထားမိတယ်။ နှုတ်မှလည်း ဖွဟဲ့ လွဲပါစေဆိုပြီး ဘုရားစာတွေ
ဆက်တိုက်ရွတ်နေ မိတယ်။

၅။

“ဒီ အဖြေအရ ခင်ဗျားမှာ HIV ပိုးရှိတယ်။ အမျိုးသားပါ ခေါ်ခဲ့။
သူပါ သွေးစစ်ရမယ်”

 

ဆရာဝန်ရဲ့ အသံဟာ နားထဲမှာ ဗုံးတစ်လုံး ကွဲသလို နာကျင် ကျယ်လောင်လှတယ်။
ရင်ငြိမ်း ခေါင်း စိုက်ပြီး ရှိုက်ကြီးတငင် ငိုမိတယ်။ နေမကောင်းလို့ အိမ်မှာ ကျန်ခဲ့တဲ့
ကို့ကို ဘယ်လိုပြော ရပါ့မလဲ။ ရောဂါဖြစ်မှာ ကြောက်လွန်းလို့ သူများ အသတ်လည်းမသတ်၊ အသားဟင်းလည်း
မစားခဲ့ဘူး။ ခုတော့ HIV တဲ့။ ရင်ငြိမ်း အရမ်းကြောက် ခဲ့တယ် ကို။

၆။

ကိုဟာ မသေသင့်ဘဲ စောစောစီးစီး ကြွေလွင့် ခဲ့ရတယ်။ ကို့ရဲ့
မိဘတွေကို ရင်ငြိမ်း မုန်းတယ်။ ပညာ တတ် အရာရှိ လူတန်းစားတွေဖြစ် ပါလျက်နဲ့ ရောဂါအကြောင်း
နားမလည်၊ နားလည် အောင်လည်း အားမထုတ်ကြဘဲ ကို့ကို ရင်ငြိမ်းနဲ့ ခွဲပြီး တိုက်ခန်း တစ်ခုပေါ်မှာ
ထားခဲ့တယ်။ ကို ဘယ်လောက် ထိအောင် ခံစားသွားခဲ့ရ မလဲ။ ကို ဘာတွေများ ရင်ငြိမ်းကို မှာသွားခ
ဲ့ချင်လဲ။ ခေတ်မီ ဆေးဝါးတွေ ကြောင့် ရောဂါကူးစက် မခံရတဲ့ သားလေး ပြည့်မောင်မောင် ကိုရော
မြင်ဖူး သွားချင်မှာပေါ့။ ရောဂါ စမ်းသပ်မရသေးတဲ့ ကြားကာလ Window Period မှာ ရင်ငြိမ်းတို့
ပျော်ခဲ့ကြ တယ်နော်။ အပျော်က တစ်ခဏ အငိုက တစ်ဘ၀လုံးပါ ကိုရယ်။

၇။

“သမီး ငိုနေပြန်ပြီလား”

 

ရင်ငြိမ်း ငိုသံကြားတာကြောင့် အမေနိုး လာပြီး ရင်ငြိမ်းကို
ပွေ့ဖက်အားပေးတယ်။

“သမီး အမေဖတ်ထားတဲ့ ဆရာတော် ဦးဇောတိက စာအုပ်ထဲမှာ ရေးထားတာက
ပင်လယ်ထဲမှာ လှိုင်းမထန်တဲ့ အခါ ဘယ်သူမဆို သင်္ဘော ပဲ့ကိုင်နိုင်တယ်တဲ့။ လှိုင်းထန်နေတဲ့
အခါ မှာ ပဲ့ကိုင်နိုင်မှ ကျွမ်းကျင်တဲ့ သင်္ဘော ကပ္ပတိန် ကောင်းလို့ ဆိုတယ်ကွဲ့။ အမေ့သမီး
အဲလောက် မညံ့ဘူးဆိုတာ အမေ ယုံတယ်။ အမေနဲ့ အမေ့ မြေးလေးအတွက် သမီး အစွမ်းကုန် ကြိုးစား
အသက်ရှင်ပေးပါနော်” ရင်ငြိမ်း မျက်ရည်တွေကို အစွမ်းကုန် ဖွင့်ချရင်း အမေ့ကို တင်းကျပ်စွာ
ဖက်ထားမိတော့တယ်။

 

မြင့်မြတ်နိုင်

 

Teen Magazine
- သံစဉ်အနိမ့်အမြင့်
သီကျူးဖွဲ့ဆိုရာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top