သွားနှင့်ခံတွင်း ရောဂါကုသမှုများမှ HIV/AIDSနှင့် အခြားရောဂါများ ကူးစက်နိုင်၍ သွားနှင့်ခံတွင်း ရောဂါများကုသမည် ဆိုပါက ဆရာဝန်နှင့် လူနာ ပူးပေါင်းရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန် များအသင်း (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ သွားရောဂါ ပြသလိုသော ဝေဒနာရှင်များ အနေဖြင့် မိမိတွင် ကူးစက်နိုင်သော ဝေဒနာများ ရှိပါက သွားနှင့်ခံတွင်း ဆိုင်ရာ ဆရာဝန်အား မိမိရောဂါ အခြေအနေကို ကြိုတင် အမှန်အတိုင်း အသိပေးသင့်ကြောင်း ယင်းသို့ ဆရာဝန်အား ဖုံးကွယ်ခြင်း မပြုဘဲ အသိပေးခြင်းသည် အခြားသူများနှင့် ဆရာဝန်များအား ထပ်ဆင့်ကူးစက်မှု မရှိစေရန် ကြိုတင်ကာကွယ်ရာ ရောက်ပြီး ရောဂါရှိသည်ကို ဖုံးကွယ်ခြင်း ထိမ်ချန်ခြင်းဖြင့် မိမိအား ဆေးကု သမှုပေးနေသည့် ဆရာဝန်ကိုပါ ရောဂါကူးစက်မှု ဖြစ်နိုင်ကြောင်းသိရသည်။
သွားနှင့်ခံတွင်း ဆရာဝန်များ အနေဖြင့်လည်း သွားနှုတ်ခြင်း သွားနှင့်ခံတွင်းဆိုင်ရာ ခွဲစိတ်ကုသခြင်း စသည့် သွေးထွက်စေသည့် ကုသမှုများ ကုသရာတွင် ကုသမှုဆိုင်ရာ ပစ္စည်းများ၊ ကိရိယာများကို စနစ်တကျ ပိုးသန့် စင် ထားရှိခြင်း လူနာတစ်ဦးချင်းအတွက် တစ်ခါသုံးအပ်ကို အသုံး ပြုခြင်း၊ အခက်အခဲရှိပါက ဆေးထိုးအပ်ကို စနစ်တကျ ထပ်မံ ပိုးကင်းစင် စေပြီးမှသာ ပြန်လည် အသုံးပြုခြင်းဖြင့် ရောဂါကူးစက်ခြင်းမှ ကာကွယ် နိုင်ကြောင်းသိရသည်။
သွားနှင့်ခံတွင်း ရောဂါဆေးကုသမှုနှင့် ရောဂါကူးစက် ခြင်းတွင် သွေးထွက်စေသော သာမန် သွားနှင့်ခံတွင်း ဆေးကုသမှု ခံယူခြင်း ဥပမာ - သွား ဖာခြင်းမှ ရောဂါ မကူးစက်နိုင်သော်လည်း သွားနှုတ်ခြင်း ခွဲစိတ်ကုသခြင်း စသော သွေးထွက်စေသည့် ကုသခံယူမှုများတွင် HIV/AIDS စသောရောဂါများ ကူးစက်နိုင်ခြင်းကြောင့် ကြိုတင် အသိပေး သင့်ကြောင်း သိရသည်။
The Yangon Times Vol-No12- March 22 2007




