12
Apr

သင်္ကြန်တွင်းမှာ သတိထားစရာ ဆေးဆိုတဲ့ ဟာတွေ

ညစ်ညမ်း လက်ဖက်ရည်၊ လေဒီကော်ဖီ နဲ့ ညစ်ညမ်း ကော်ဖီတွေကို ရေးထားပြီးပါပြီ။ ဒီကော်ဖီဆိုတာတွေက ရေနွေးမှာ ဖျော်ပြီး မိန်းကလေးတွေကို ရိုးရိုး ကော်ဖီဆိုပြီး ဖျားယောင်းတိုက်တဲ့ ဆေးကော်ဖီတွေပါ။

သင်္ကြန်မှာ ရေအေးနဲ့ပက်ဖြန်းပြီး အအေးသောက်ရ၊ တိုက်ရတာက ပိုလွယ်ကူပါတယ်။ ရေနွေးမလိုတဲ့ ရေအေး၊ အအေး၊ ဖျော်ရည် ဘယ်ဟာထဲမှာမဆို သူများမသိအောင် ထည့်သုံးနိုင်တဲ့ ဆေးတမျိုးကို ရေးပါမယ်။
• Spanische Fliege
• German Spanische Love 20ml drop
• Spanische Fliege extra konzentriert Liebesstropfen 15ml
• Die Spanische Fliege စတဲ့ နာမည်တွေနဲ့ ရောင်းပါတယ်။

ဆေးအရည် ပုလင်း ငယ်လေးတွေပါ။ ၁၅-၂ဝ (စီစီ = မယ်လ်) သာပါလို့ ထိုးဆေး ပုလင်းအတိုင်းပါဘဲ။ မိန်းကလေး တယောက်ကို ဖျားယောင်းသွေးဆောင်ဘို့ရာ (သားကာင်းကို ကျော့ကွင်းထောင်ဘို့ရာ) ဆေး ၁ဝ-၁၅ စက်သာလိုပါတယ်။

"ညီမလေး အအေးလေး သုံးဆောင်ပါအုံး" ဆိုပြီး တစိမ်းယောက်ျားဖြစ်ဖြစ် သမီးရည်းစားကဖြစ်ဖြစ် တယောက်ယောက်ကဖြစ်ဖြစ် သဘောကောင်းချင်ယောင်နဲ့ တိုက်လာရင် သတိထားပါလေ။ ငါးမျှားချိတ်ကို မမြင်ကြဘဲ စားစရာသာမြင်လို့သာ ငါးတွေဟာ တငါသည်ဖမ်းတာ ခံကြရတာပါ။ သင်္ကြန်တွင်းမှာသာ အဲလိုလုပ်နိုင်တာ မဟုတ်တာလည်း သတိထားပါ။ ဒီဆေးကို ယင်ကောင်တမျိုးကနေ ထုတ်တာပါ။ အညှီရှိရင် ယင်အုံတယ် မဟုတ်ပါလား။

ဆေးအစွမ်းက သောက်မိလိုက်တဲ့ မိန်းကလေးဟာ ခဏလေးနဲ့ (၁၅-၃ဝ မိနစ်) ကိုယ်နဲ့စိတ် ပြောင်းလဲမှုတွေ ဖြစ်လာမယ်။ လိင်စိတ်တွေ မကဲသင့်ဘဲ ကဲပိုလာမယ်။ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ မဖြစ်သင့်တာအတွက် အဆင်သင့် ဖြစ်လာတော့မယ်။ သတိလက်မလွတ်ပါ။ ဆေးအရှိန်ကုန်ပြီး တခုခုဆက်ဆံတာ အပြုခံရပြီးမှ နောင်တရပါလိမ့်မယ်။ နောက်ကျသွားပါပြီ။

ပိုဆိုးမှာက “မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်းငြိ” အဖြစ်မျိုးဆိုတာ သင်္ကြန်ကာလမှာ ပိုပြီးဖြစ်နိုင်ပါတယ်။ သင်္ကြန်ကို ပျော်စရာ တခုတည်းအတွက်သာ ထင်သူတွေမှာ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ FDA မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနကနေ ကြိုးစားနေပေမဲ့ ဖျက်ဆီးခံထားရတဲ့ ကာလကြီးက ကြာခဲ့တာမို့ ဆင့်ပါးစပ်နှမ်းပက်သာ စစ်ဆေးတာ၊ အရေးယူတာတွေ လုပ်နိုင်ပါသေးတယ်။ ဒီဆေးမျိုး လက်သိပ်ထိုးရောင်းတာတွေ သေချာပေါက်ရှိမှာပါ။

အမှောင်ခေတ် လူဖြစ်လာသူတွေ ကံဆိုးကြလိုဘဲ အလင်းရောင် ခပ်ဝါးဝါး ကာလက လူတွေလဲ ကံမကောင်းကြသေးပါ။ ဝိုင်းဝန်းပြုပြင်ရေး အားပေးပါရစေ။

ညစ်ညမ်းလက်ဖက်ရည်၊ လေဒီကော်ဖီ http://dts-medicaleducation-adult.blogspot.in/2013/03/blog-post_27.html
Love Coffee ညစ်ညမ်းကော်ဖီ http://dts-medicaleducation-adult.blogspot.in/2013/03/love-coffee.html

ဒေါက်တာတင့်ဆွေ (၇-၄-၂ဝ၁၃ )

ဒေါက်တာတင့်ဆွေ - သင်္ကြန်တွင်းမှာ သတိထားစရာ ဆေးဆိုတဲ့ ဟာတွေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top