29
May

အကယ်၍သာ….



အခြေအနေက တော်တော်လေး
မကောင်းတဲ့ အနေအထား။ သွေးသွင်းခွဲစိတ်မှု လုပ်မှပဲ အသက်ဆက် ရှင်သန်နိုင်မဲ့
မျှော်လင့်ချက် ရှိမယ်။ သွေးသာ မသွင်းဘူးဆိုရင် သူ အသက်ဆက် ရှင်နိုင်ဖို့ ဘယ်လိုမှ
အာမမခံနိုင်။ သွေး သွင်းစရာ ကလည်း စစ်ဖြစ်နေတဲ့ အခုလို အချိန်ကာလမှာ ဘယ်က
သွေးလှုရှင်ကို သွားရှာရပါ့။ ဆေးရုံမှာ ရှိတဲ့ သွေးတွေကလည်း သူ့မတိုင်ခင်
ရောက်လာတဲ့ လူနာတွေ အတွက် သုံးလို့ ကုန်နေပြီ။ လောလောဆယ် သွေးသွင်းမယ် ဆိုရင်
ရှိတဲ့ သွေးလှောင်ခန်းထဲ အေးခဲထားတဲ့ သွေးပုလင်း ၅ လုံးထဲက သွင်းမှသာ။ အဲဒီကျန်တဲ့
သွေး ငါးပုလင်း ကလည်း ယခင် စစ်မဖြစ်ခင် အချိန်က ဆေးပညာ ကျောင်းသားတွေ သုတေသန
လုပ်ဖို့ ထားထားတဲ့ လူတိုင်း ကြောက်တဲ့ အိပ်ခ်ျအိုင်ဗီ ရောဂါပိုး ပါရှိနေတဲ့ သွေး။

 

ဒီသွေးသာ မသွင်းလိုက်ဘူးဆိုရင်
မကြာခင်မှာပဲ သူ လူ့ဘ၀ကို ကျောခိုင်းရတော့မယ်။ ခွဲခန်းပြင်ပမှာ စောင့်နေတဲ့
အိမ်သူဇနီးမယားနဲ့ လူမမယ် သားနဲ့ သမီး ၃ ဦး။ သူတို့လေးတွေရဲ့ အနာဂတ်။ ဆရာဝန်က
ရှင်းပြတယ်။ သွေးမသွင်းရင် ခင်ဗျားအတွက် ကျွန်တော်တို့ ဘယ်လိုမှ အာမမခံနိုင်။
သွေးသွင်းမယ် ဆိုရင် ချက်ချင်း ခွဲစိတ်မယ်။ လိုအပ်တဲ့ သွေးကို သွင်းမယ်။
ခွဲစိတ်ပြီး နောက်ပိုင်း အိပ်ခ်ျအိုင်ဗီပိုး ခင်ဗျားသွေးထဲ ရောက်သွားမယ်။
အိပ်ခ်ျအိုင်ဗီ ပိုးနဲ့ နေထိုင်သူ ဖြစ်သွားမယ်။ အိပ်ခ်ျအိုင်ဗီပိုး သယ်ဆောင်ထားတယ်
ဆိုတိုင်း အေအိုင်ဒီအက်စ် ရောဂါ ဖြစ်တာ မဟုတ်သေးဘူး။ ဆေးပညာရှင်တွေ
ညွှန်ကြားတဲ့အတိုင်း လိုက်နာ ကျင့်ကြံနေထိုင်မယ်ဆိုရင် နောက် အနည်းဆုံး ၅ နှစ်ကနေ
၁၀ နှစ်အထိ လူကောင်းလို နေထိုင်သွားနိုင်မယ်။ နောက် အနည်းဆုံး ၅ နှစ် (သို့မဟုတ်)
၁၀ နှစ် ဆိုတဲ့ အချိန်အတွင်းမှာ သားနဲ့ သမီးတို့ လူလားမြောက်အောင် သွန်သင်ဆုံးမ
ပဲ့ပြင်သွားနိုင်မယ်။ ၅ နှစ် (သို့မဟုတ်) ၁၀ နှစ်ဆိုတဲ့ အချိန် အတွင်းမှာ သူ
သေသွားမယ်ဆိုရင်တောင် သူ့အိမ်သူ ဇနီးအတွက် အခုအချိန် သူ သေဆုံး သွားတာလောက်
အတိဒုက္ခ မရောက်နိုင်။

 

ဟုတ်ပြီ။ သွေး
သွင်းလိုက်ပါပြီတဲ့။ လောလောလတ်လတ်မှာ မသေတော့ဘူး ဆိုတာက လွဲရင် သူ့ အသွေးထဲ
အသားထဲကို အိပ်ခ်ျအိုင်ဗီပိုး ရောက်ရှိ သွားတော့မယ်။ သူဟာ အိပ်ခ်ျအိုင်ဗီ
ရောဂါပိုး သယ်ဆောင်သူ တစ်ယောက်ဖြစ်လာပြီး နောင် တစ်ချိန်မှာ အေအိုင်ဒီအက်စ်ဆိုတဲ့
လူတိုင်းကြောက်တဲ့ ရောဂါဆိုးကြီးနဲ့ သေဆုံးရမယ်။ သားနဲ့ သမီးကို လူလားမြောက်အောင်
လုပ်ပေးနိုင်တာကတော့ ဟုတ်ပါပြီ။ သူ မသေဆုံးခင် အေအိုင်ဒီအက်စ် ရောဂါရှင် ဖခင်နဲ့
အတူ နေခြင်း အားဖြင့် ပတ်ဝန်းကျင်မှာ သူတို့လေးတွေ မျက်နှာများ ငယ်ကြမလား။
လူဆိုတာမျိုး ကလည်း ဒီရောဂါ ဖြစ်တယ်ဆိုရင် ဘာ့ကြောင့် ဖြစ်တယ်၊ ဘယ်လို ဖြစ်တယ်
ဆိုတာထားလို့ လောလောဆယ်မှာ နှာခေါင်း ရှုံ့ကြမှာက အယင်။ သူ သေဆုံးပြီးတဲ့
နောက်မှာရော သားနဲ့ သမီး၊ ကျန်ရစ်သူ ဇနီးတို့ကို ပတ်ဝန်းကျင်က ဘယ်လို မြင်မလဲ။
အိပ်ခ်ျအိုင်ဗီရောဂါသည် ဒီလိင်ကိစ္စဖောက်ပြန်မှု တစ်ခုတည်းကြောင့် ကူးစက်တာ
မဟုတ်ပါဘူး ဘယ်လောက်ပဲ ပြောပြော လူတွေက နှာခေါင်း ရှုံ့တာက ရှုံ့ကြဦးမှာပဲ။
ဒီဒဏ်တွေ သူ့ မိသားစု ခံနိုင်ပါ့မလား။

 

အာရှုပ်ပါတယ်။ သားနဲ့ သမီး လူပုံအလယ်မှာ အရှက်တကွဲ
အကျိုးနည်းဖြစ်ရမဲ့ ကိစ္စ။ ခုနေ သူ သေလိုက်တာကမှ ပိုကောင်းမယ် ထင်ပါ့။ ဘယ်လောက်ပဲ
ခက်ခဲတယ်ပြောပြော။ လူထွင်းတဲ့ ပါးစပ်မှ မဟုတ်ဘဲ။ နတ်ထွင်းတဲ့ ပါးစပ်။
သူ့သားသမီးတွေ မငတ်အောင်တော့ သူ့ အိမ်ရှင်မက စွမ်းဆောင်နိုင် လောက်ပါရဲ့။
တော်ပါပြီ မသွင်းတော့ဘူး။

 

အို ပတ်ဝန်းကျင်က
ဘာမို့လို့လည်း။ သားနဲ့ သမီးနဲ့ အိမ်သူသက်ထားနဲ့ အနည်းလေး ငါ ၃ -၄ နှစ် အလုပ်လုပ်။
အိမ်ရှင်မကိုလည်း အခြေကျစေမဲ့ အလုပ်တစ်ခု လုပ်စေ။ အားလုံး အဆင်တွေ ချောကာမှ
ငါသေမယ်လေ။ ကဲ
ဘာပဲဖြစ်ဖြစ်။
ဒီသွေးကို ငါသွင်းမယ်။

 

*************************************************************************************

 

စာဖတ်ပြီး စိတ်ညစ်သွားကြလားတော့
မသိ။ ဟုတ်ကဲ့။ ဒါဟာ တကယ့် အဖြစ်အပျက်တစ်ခု မဟုတ်ပါဘူး။ သို့ပေသည့် တကယ့်
လက်တွေ့မှာ ကြုံလာနိုင်တဲ့ အဖြစ်အပျက်ကို ကျွန်တော်တို့ သုံးသပ်
အဖြေရှာကြည့်ကြတာပါ။ အကယ်၍ ကာယကံရှင် နေရာမှာ သင်သာဆိုရင် ဘယ်လို လုပ်မလဲ။
အဲဒီသွေးကို သွင်းမလား။ သွေးမသွင်းဘဲ အသေပဲ ခံလိုက်တော့မလား။ သူငယ်ချင်းတို့
အမြင်လေးတွေလည်း သိချင်တယ်ဗျာ။

 

အမှန်က ဒီပြဿနာ ဖြစ်တာ ၁၉၉၆ ခု
မေလ အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ ယူနီဆက်ရဲ့ ထောက်ပံ့မှုနဲ့
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ကြီးမှုးပြီး သင်တန်းလေးတစ်ခု ဖွင့်ပါတယ်။
သင်တန်းအချိန်က စနေ၊ တနင်္ဂနွေ ၂ ရက်။ သင်တန်းချိန်က မနက် ၉ ညနေ ၄။ သင်တန်း တက်ရောက်
အပြီးမှာ သင်တန်းကြေး ၂၀၀ ချီးမြှင့်တယ်။ ( ဟုတ်ကဲ့။ သူငယ်ချင်း ဖတ်တာ
မမှားပါဘူး။) ယူနီဆက်ကနေ သင်တန်းသားတွေကို တစ်ယောက် ၂၀၀ စီ မုန့်ဖိုး ပေးတာပါ။
ကျန်တဲ့ သင်တန်း အထောက် အကူပြု စာအုပ်စာတမ်းတွေလည်း ပေးတယ်ဗျာ။ စာအုပ်တွေဆို
ကောင်းမှ ကောင်း ကြွေစက္ကူနဲ့ ရိုက်တားတဲ့ စာအုပ်တွေဗျာ။

 

ကိုးတန်းနဲ့ ၁၀ တန်း
တစ်တန်းကို ယောင်္ကျားလေး ၅ ယောက်၊ မိန်းကလေး ၅ ယောက်နှုံးနဲ့ စုစုပေါင်း အယောက် ၂၀
တက်ကြတယ်ဗျ။ သင်တန်းရဲ့ ခေါင်းစဉ်က သားဆက်ခြားခြင်းနှင့် အိပ်ခ်ျအိုင်ဗီ၊
အေအိုင်ဒီအက်စ် ပြန့်ပွားမှု တားဆီးကာကွယ်ရေး ပညာပေး သင်တန်း ပါတဲ့။

 

ကဲ ခုနက ပြဿနာကို
ပြန်ဆက်ရအောင်။ အဲဒီ ပြဿနာ စတာက ၁၀ တန်း အခန်းက စတယ်။ စတဲ့ အကြောင်းအရာက
နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးကြရာက စတယ်။
နှစ်သိမ့်ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်ဦးချင်း ကိုယ်တိုင်
ကြုံခဲ့ရတဲ့ ပြဿနာလေးတွေ ကိုယ်စီ ပြောပြ၊ ရှင်းလင်းခဲ့ပုံ နည်းစနစ် လေးတွေ
ပြောပြကြနဲ့။ အဲ
တစ်ဦးချင်း ပြဿနာ
ဖြေရှင်းပြီးတဲ့ နောက်မှာ အားလုံးအတွက် ပြဿနာလေးကို သင်တန်း ဆရာ၊ ဆရာမတွေက
ဖန်တီးပေးတယ်။ ပြီးတော့ တစ်ဦးချင်း သုံးသပ်ခိုင်းတယ်။ အဖြေပေးခိုင်းတယ်။

 

ဒီဆွေးနွေးမှုရဲ့ အဓိက
ရည်ရွယ်ချက်က အိပ်ခ်ျအိုင်ဗီရောဂါပိုးသည် လိင်ဆက်ဆံမှု တစ်ခုတည်းက ကူးစက်ခြင်း
မဟုတ်ကြောင်း၊ အိပ်ခ်ျအိုင်ဗီရောဂါပိုး သယ်ဆောင်ထားသူသည် ပတ်ဝန်းကျင်အတွင်း
သာမာန်လူကဲ့သို့ပင် နေထိုင်၊ စားသောက်၊ အသက်ရှင် နိုင်ကြောင်း၊ လက်ရှိအချိန်
(သင်တန်းဖွင့်သည့် ၁၉၉၆ ခု) တွင် လူထုမှ ရှင်းရှင်းလင်းလင်း သိနားလည်မှု
မရှိသေးသည့်အတွက် အိပ်ခ်ျအိုင်ဗီရောဂါပိုး သယ်ဆောင်သူနှင့် အေအိုင်ဒီအက်စ်
ရောဂါရှင်များအပေါ် ခွဲခြားဆက်ဆံမှုများ ရှိနေသေးပေမဲ့၊ အခုလို သင်တန်းများ
ဖွင့်လှစ် သင်ကြားပေးခြင်းဖြင့် ဤရောဂါပိုးနှင့် ရောဂါရှင်တို့ အပေါ် အမြင်မှန်များ
ရရှိကာ ခွဲခြားဆက်ဆံမှုများ ပပျောက်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ ဒီ့အတွက်
သင်တန်းသားများဆီက တညီတညွတ်တည်း သွေးသွင်းပါ့မယ် ဆိုတဲ့ အဖြေကို ရအောင် သူတို့
(သင်တန်း ဆရာ၊ ဆရာမတို့) ကြိုးစားကြခြင်းပါ။

 

ဖြစ်ချင်တော့ ၁၀ တန်း အခန်းမှာ
တင်ပြတဲ့ ပြဿနာက သိပ်ပြီး အခြေ မခိုင်ဘူး။ ပြဿနာရဲ့ ဇာတ်ကောင်သည် အိမ်ထောင်မရှိသူ၊
လူပျို၊ လူလွတ်။ ဒီ တစ်ချက်တည်းနဲ့တင် ၁၀ တန်း တစ်ခန်းလုံးက ပြောလိုက်တယ်။ နိုးပါ။
သွေးမသွင်းပါဘူး။ အသေပဲ ခံသွားမယ်။

 

၁၀ တန်းအခန်းမှာ မှန်းချက်နဲ့
နှမ်းထွက် မကိုက်ခဲ့တဲ့ သင်တန်း ဆရာ၊ ဆရာမများ အဖွဲ့ဟာ ၉ တန်း အခန်းကို ရောက်တော့
ပြဿနာကို နည်းနည်း အဆင့်မြှင့်လိုက်တယ်။ ဆေးကုသမှု ခံယူရန် လိုအပ်သူ ကာယကံရှင်သည်
အိမ်ထောင်သည်။ အိမ်ထောင်သည်မှာမှ ဘယ်လိုမှ ငြင်းမရနိုင်အောင် လူမမယ် သားသမီး ၃
ဦးရှိတဲ့ အိမ်ထောင်ဦးစီး။ အဲဒီလို ပြဿနာကို အဆင့်ဆင့် မွမ်းမံ ပြုပြင်ပြီးတဲ့
နောက်ကျမှ မောင်လူအေးတို့ ၉ တန်း အခန်းမှာ လာချပြတဲ့ခါ ၉ တန်းတစ်ခန်းလုံး ဟုတ်ကဲ့
သွင်းပါ့မယ် တွေ ဖြစ်ကုန်ကြ ရတော့တာပါပဲ။

 

ပြောချင်တာ ဒီ ပြဿနာလေးသည်
ဖန်တီး၊ တည်ဆောက်ထားတဲ့ ပြဿနာ တစ်ရပ်ပါ။ သို့ပေမဲ့ ဖန်တီးမှု ဆိုသည်ကလည်း
မဖြစ်နိုင်တဲ့ ဖန်တီးမှု တစ်ခု မဟုတ်ပြန်။ အကယ်စင်စစ် လက်တွေ့ လောကမှာလည်း
ဖြစ်နိုင်တဲ့ ပြဿနာ တစ်ရပ်၊ အခင်းအကျင်း တစ်ရပ်။ ပြဿနာ ထဲကလို သွင်းမဲ့ သွေးမှာ
ပိုး ပါဝင်နေတာ သိတာကြောင့် ဝေဖန်သုံးသပ်လို့ ရတဲ့ အနေအထား၊ တကယ့် လက်တွေ့ မှာတော့
ပိုးရှိ၏။ မရှိ၏ ဝေဖန် ပိုင်းခြားနေဖို့ နေနေသာသာ သွေးသွင်း ကုသ ပြီးတော့မှသာ
မိမိမှာ အိပ်ခ်ျအိုင်ဗီပိုး ရှိမှန်း မသိ ရှိသွားကြရ တာမျိုးပါ။

 

ဆိုတော့ကာ ကမ္ဘာ့ကပ်ရောဂါ
တစ်ခုလို ဖြစ်နေပြီ ဖြစ်တဲ့ အိပ်ခ်ျအိုင်ဗီနဲ့ ပတ်သက်လို့ သူငယ်ချင်း ဘယ်လို
မြင်သလဲ။ အိပ်ခ်ျအိုင်ဗီ ရောဂါရဲ့ ကူးစက်ပုံ၊ ကူးစက်နည်း ပျံ့နှံ့ပုံ၊
ပျံ့နှံ့နည်းရော သူငယ်ချင်း ဘယ်အတိုင်းအတာထိ သိထားသလဲ။ ငါနဲ့ မဆိုင်ဘူး။
ဒီရောဂါနဲ့ ငါနဲ့ ပတ်သက်စရာလည်း ငါ့မှာ ဘာမှ မရှိဘူးလို့ ပြောလို့
မရတော့လောက်အောင် ကမ္ဘာကြီး တစ်ခုလုံးကို အလွန်တရာ လျင်မြန်တဲ့ နှုံးနဲ့
ပျံ့နှံ့နေပြီဆိုတာ မေ့မထားဖို့ လိုပါမယ်။ ဒါမှသာလျှင် မိမိ ကိုယ်တိုင်လည်း
ရောဂါပိုး ကူးစက်စေနိုင်တဲ့ အပြုအမူ၊ အနေအထိုင်မျိုး ရှောင်ရှားနိုင်မှာ ဖြစ်သလို၊
ကံ မကောင်း အကြောင်းမလှလို့ပဲ ဖြစ်ဖြစ်၊ အခြေအနေ တစုံတရာကြောင့်ပဲ ဖြစ်ဖြစ် (ဥပမာ။
။ ဒီ ပြဿနာ ထဲက ဇာတ်ကောင်လိုမျိုး) ရောဂါပိုး ကပ်ငြိ နေသူများကိုလည်း ပစ်ပယ်
ထားခြင်း မရှိဘဲ၊ နားလည် စာနာ ထောက်ကူမှု ပြုကာ ဖေးမသွားနိုင်မှာ ဖြစ်တယ်။

 

အကယ်၍…. (ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ဆိုချင်လည်း ဆိုပေါ့ နော်…) သူငယ်ချင်းသာ ဒီပြဿနာလေးထဲက ဇာတ်ကောင် ဖြစ်ခဲ့မယ် ဆိုရင်

 

သူငယ်ချင်းရဲ့ အဖြေလေး
သိပါရစေဗျာ။ ဒီမှာ မဖြေချင်လည်း ကိုယ့်စိတ်ထဲ ကိုယ်ဖြေကြည့်လည်း ရပါတယ်ဗျ။
အားလုံးရဲ့ အမြင်လေး ဝေမျှနိုင်ရင် ပိုပြီး ကောင်းမလား ပေါ့ဗျာ



အကယ်၍သာ….

Comments

  1. Anonymous says:

    Thanks for sharing...

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top