25
Nov

အကူအညီတွေ ထိရောက်ပါရဲ့လား



ဒီနှစ်ထဲမှာ
ဆူဒန်နိုင်ငံသမ္မတ မစ္စတာအိုမာက ခုခံအားကျရောဂါ တိုက်ဖျက်ရေး ကူညီနေတဲ့ NGOများ အပါအ၀င်
NGO ၁၃ ခုကို နိုင်ငံကနေ နှင်ထုတ်လိုက်တဲ့ သတင်းကြောင့် ကျမအများကြီး အံ့သြ တုန်လှုပ်သွားပါတယ်။

NGOတွေ
ဆူဒန်နိုင်ငံရေးမှာ ၀င်ရှုပ်တယ်ဆိုတဲ့ သူ့စွပ်စွဲချက်တွေ ဘယ်လောက် ခိုင်လုံတယ် ဆိုတာတော့
ကျမမသိနိုင်ပါဘူး။ ဆေးသောက်လက်စ လူနာတွေ ဘယ်လောက်များ ဒုက္ခ ရောက်သွားသလဲ ဆိုတာကိုစဉ်းစား
နေမိတာပါ။

NGO
တွေက ကျမတို့ နိုင်ငံမှာလည်း ရှိပါတယ်။ စစ်အစိုးရကလည်း NGO တွေကို အကန့်အသတ်နဲ့ လုပ်ကိုင်ခွင့်
ပြုထားပါတယ်။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှာတော့ ပြည်တွင်း NGO၊ တနည်းပြောရရင်
ခါတော်မီ NGO တွေ မှိုလိုပေါက်လာပါတယ်။ မှိုလိုပေါက်တယ် ဆိုတဲ့ အသုံးနှုန်းကို တချို့ကတော့
ကြိုက်မယ်မထင်ဘူး။ ဒီတိုင်းပြည် လူဦးရေ ၅၆ သန်းကျော်အတွက် ဒီ NGO လေးတွေပဲရှိတာ မှိုလိုပေါက်တယ်လို့
ပြောရမလားဆိုပြီး အပြစ်မြင်နိုင်ပါတယ်။

မှိုလိုပေါက်နေတယ်
ဆိုတဲ့စကား မမှားဘူးလို့ဘဲ ပြောရပါမယ်။ သူတို့တွေဟာ တကယ့် လိုအပ်ချက်ကို မဖြည့်နိုင်လို့
ဒီစကား ပြောရတာပါ။ သူတို့ဟာ ဝေးလံ သီခေါင်တဲ့ နေရာတွေကို မသွားနိုင်ပါဘူး။ သွားလို့
မရတာလည်း အကြောင်းအချက် တခုဖြစ်မယ်လို့ ကျမ စဉ်းစားမိပါတယ်။ ရန်ကုန်မြို့မှာတော့
NGO တွေများတယ် ဆိုရမှာပါ။

စဉ်းစားမိတဲ့
နောက်တချက်က အလှူရှင်နဲ့ လုပ်ကိုင် ဆောင်ရွက်သူတွေကြား နားလည်မှုပါပဲ။ အလှူငွေတွေဟာ
3D Fund လို့ ခေါ်တဲ့ တီဘီ၊ ငှက်ဖျား၊ ခုခံအားကျ ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီတဲ့ နိုင်ငံတကာ
အဖွဲ့ဆီက လာပါတယ်။

3D
Fund အဖွဲ့ကြီးဟာ ရောဂါ သုံးမျိုးအတွက် မြန်မာနိုင်ငံကို ၅ နှစ်ထောက်ပံ့မယ့် အဖွဲ့ဖြစ်ပါတယ်။
အဲဒီလို ထောက်ပံ့ဖို့အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ သုံးစွဲဖို့ရာထားပါတယ်။
ဒီနှစ်အတွက် ဒေါ်လာ ၆ သိန်း ၃သောင်း သုံးစွဲမယ်လို့လည်း အဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီ
3D Fund က မြန်မာနိုင်ငံကို မူဝါဒ အမှားကြီးနဲ့ ၀င်လာတာကြောင့် ဒေသခံ NGO တွေ ပွားများ
လာစေတာပါ။ သူတို့ မူဝါဒအမှားကြီးက ကျမတို့ နိုင်ငံက ဒေသခံ NGO တွေကို ပျက်စီးစေတဲ့
လမ်းကြောင်းဘက်ဆီ တွန်းပို့သလို ဖြစ်နေတာပါ။ 3D Fund ကို ကျမမြင်တာကတော့ ဒီအတိုင်းပါပဲ။

သူတို့ရဲ့
ယေဘုယျမူကတော့ သူတို့ ကိုယ်တိုင်ကိုယ်ကျ အကူအညီ မပေးနိုင်ဘူး။ ဒါပေမယ့် ကြားခံ တခုထားပြီးတော့
ပေးမယ်။ ပေးမယ့် နေရာမှာလည်း အားလုံးကိုပေးမယ်၊ ကျမတို့လိုမျိုး နိုင်ငံရေးအဖွဲ့အစည်းက
လွဲလို့ပေါ့။ ဒါကျမတို့ကို မပေးလို့ ဝေဖန်နေတာလည်း မဟုတ်ဘူး။ ကျမတို့ အနေထားက သူတို့
ပေးမယ် ဆိုရင်တောင် လက်မခံနိုင်တဲ့ အခြေအနေပါ။ 

အာဏာပိုင်တွေနဲ့
NGO တွေရဲ့ သဘောတူညီချက်တွေအရ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေ၊ အစိုးရနဲ့ ပတ်သက်တဲ့
အဖွဲ့တွေကို သူတို့ကူညီလို့ မရဘူး။ ဒါပေမယ့် အငြင်းပွားစရာ ဖြစ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊
မိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်းလိုမျိုးတွေကို ကူညီနေတာ တွေ့ရတယ်။

ဒီလို
အကူအညီတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်မယ့်သူ ဘယ်သူဖြစ်မလဲ၊ စောင့်ကြည့်တာကိုရော ခံနိုင်သလားဆိုတာ
လေ့လာပြီးတော့မှ အကူအညီပေးသင့်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် တခါတုန်းက ပြောခဲ့တဲ့ စကားဟာ
အလွန်ကိုပဲ တန်ဖိုးရှိပါတယ်။

3D
Fund က NGO တွေကို ထောက်ပံ့တယ်။ ငွေသာ ၀င်သွားတယ် NGO တွေက ဘာတွေ လုပ်နေတယ်ဆိုတာ ပြည်သူလူထု
မသိလိုက်ကြဘူး။ ထိရောက်မှု ဘယ်လောက် ရှိတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

3D
Fund က တကယ် ထိထိရောက်ရောက် လုပ်နေသူတွေနဲ့ လက်တွဲမှ အောင်မြင်မှာ ဖြစ်ပါတယ်။ တကယ်လုပ်နေတဲ့
အဖွဲ့တွေက အကူအညီ မရတာတွေ ရှိပါတယ်။

တဘက်မှာလည်း
အာဏာပိုင်တွေက ထိန်းချုပ်မှု သိပ်များရင် ဒီငွေတွေက ထိရောက်မှာ မဟုတ်ဘူး။ HIV နဲ့ ပတ်သက်ပြီး
တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိထိရောက်ရောက် လုပ်မှ အောင်မြင်မှာပါ။ အာဏာပိုင်တွေက
NGO တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးဖို့လည်း လိုအပ်ပါတယ်။

3D
Fund လိုပဲ အဲဒီ ရောဂါသုံးမျိုးအတွက် လှူဒါန်းနေတဲ့ နောက်ထပ် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့အစည်းကြီး
တခုဖြစ်တဲ့ Global Fund ဆိုတဲ့အဖွဲ့ကြီးဆိုရင် စစ်အစိုးရက လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ကို
ချုပ်ချယ်ကန့်သတ်ထားလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။

မနေ့တနေ့ကတော့
အဲဒီ Global Fund အဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို လာမယ့်တနှစ်အတွင်း အမေရိကန် ဒေါ်လာသန်း
၁၁၀ ကူညီသွားမယ်ဆိုတဲ့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အခုလို လိုအပ်နေတဲ့ အကူအညီကို ပြန်ပေးတဲ့အတွက်
ကြိုဆိုရမှာပါ။ ဒါပေမယ့် ဒီအလှူတွေက တကယ် လိုအပ်နေတဲ့ သူတွေရဲ့ လက်ထဲကို ရောက်နိုင်တဲ့
အစီအစဉ်တွေလည်း သေသေချာချာ ရှိသင့်ပါတယ်။

လက်တွေ့
လိုအပ်ချက်ကို မပေးနိုင်ဘဲနဲ့ သူ မလိုအပ်တာ ပေးမိပြန်ရင်လည်း ပေးကားပေး၏ မရ ဆိုတာလိုမျိုး
ဖြစ်မှာပါပဲ။ ဥပမာနဲ့ မြင်သာအောင် ပြောရရင် ကျမ လူနာတချို့ကို NGO တခုက လာခေါ်ပါတယ်။
စက်ချုပ် သင်တန်း ပေးမယ်လို့ ပြောပါတယ်။ အသက်မွေးမှု ပညာ တတ်မြောက်ထားရင် မဆိုးဘူး ဆိုပြီး
သင်တန်းလွှတ်လိုက် ပါတယ်။ သင်တန်းလည်း ပြီးလာရော သူတို့ ပညာအနည်းငယ်တော့ တတ်လာပါပေရဲ့။
ဒါပေမယ့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက်ဖို့ စက်က ဘယ်မှာလဲလို့ သင်တန်းပေးသူတွေကို မေးကြည့်တော့
“အဲဒါတော့ မတတ်နိုင်ဘူး၊ ဒီ စက်ချုပ် သင်တန်းပေးတဲ့ စက်တွေတောင် ငှားထားရတာ” ဆိုတော့
ကျမလည်း သက်ပြင်းချရုံ မှတပါး မတတ်နိုင်တော့ဘူးပေါ့။

ဒီသင်တန်းကို
လူ ၃၅ယောက် အတွက်ပေးတာပါ။ ကျမစဉ်းစားမိတာက သင်တန်းကို ၅ ယောက်လောက် အတွက်ပဲပေး၊ ပြီးတာနဲ့
စက် ၅လုံး ၀ယ်ပြီး ဆင်ပေးလိုက်ရင် မဖြစ်ဘူးလား ဆိုတာမျိုးပါ။ တကယ်ဆို လူဒီလောက်များများ
ဘာလို့ သင်တန်းပေးသလဲ မေးရင် အလှူရှင် ဘက်ကနေ ကြည့်ကောင်းအောင် ပေးတယ်ဆိုတဲ့ အဖြေပဲ
ထွက်ပါတယ်။ လူနည်းနေရင် ထောက်ပြ ပြောဆိုခံရမှာ စိုးရိမ်ပုံရပါတယ်။ ဒီတော့ သင်တန်းတခု
ပေးလိုက်၊ ဒေသခံ NGO လေးတွေက ငွေသုံးလိုက်၊ လူနာတွေ တကယ်ထိရောက်မှု ရှိမရှိ ဆိုတာလိုမျိုး
ဘယ်သူမှ မသိနိုင်တော့တဲ့ အနေအထားတွေ မြင်နေရပါတယ်။

တလောက
HIV/AIDS ဆိုင်ရာ အကူညီပေးရေး ဆွေးနွေးပွဲကြီး တခုအတွက် ကျပ် သိန်း ၂၄၀ လောက် သုံးလိုက်တယ်တဲ့။
လုပ်ငန်း မစနိုင်သေးခင် ကုန်သွားတဲ့ပိုက်ဆံပါ။ အရမ်းပဲ နှမြောမိပါတယ်။ ဆွေးနွေးပွဲကို
ဟိုတယ်ကြီးမှာ လုပ်မယ့်အစား ဈေးသက်သာတဲ့ ခန်းမတခုမှာ လုပ်လိုက်ပေါ့။ ဈေးကြီးတဲ့ အစားအစာတွေနဲ့
ဧည့်ခံမယ့်အစား ငွေကုန်ကြေးကျ သက်သာမယ့် လက်ဖက်ရည် တခွက်စီလောက် တိုက်လိုက်ပေါ့။ ဒါဆို
ကုန်ကျစရိတ်က နည်းသွားပြီး လုပ်ငန်းစချိန်မှာ ဒါတွေထည့်သုံးရင် လူနာတွေအတွက် ပိုမိုအကျိုးရှိမယ်လို့
တွေးမိနေတာမျိုးပါ။ နိုင်ငံတကာစံ ဆိုတာလည်း ဒီလောက်ကြီး အကုန်ကျခံပြီး လုပ်ပြမှ မဟုတ်လောက်ပါဘူး။

ဒါက
ထင်သာမြင်သာရှိတဲ့ ကိစ္စရပ်ပါ။ မမြင်သာတာတွေလည်း ရှိပါတယ်။ လူနာတွေကတော့ ဘာမှ မသိသလို
အလှူရှင်တွေလည်း ဘာမှ သိမယ်မထင်ပါဘူး။ ဒီလုပ်ငန်း လုပ်ကိုင်နေတိုင်း ချီးမွမ်း ထောမနာပြု၊
သူရဲကောင်း တယောက်လို ဆက်ဆံနေတာဟာ မြန်မာပြည် မှာတော့ အတော့်ကို လွဲမှားနေတယ်လို့ ပြောချင်ပါတယ်။
အလှူရှင်တွေလည်း သတိရှိရှိ ကူညီဆောင်ရွက်ပါလို့ ကျမ အလေးအနက်ထား သတိပေး ပြောဆိုလိုက်ရပါတယ်။

ဧရာဝတီ - အကူအညီတွေ ထိရောက်ပါရဲ့လား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top