25
May

အခွင့်အလမ်းနှင့် လစာတိုး ရမည်ဆိုပါက လိင်လုပ်သား ဘ၀ကို စွန့်လွှတ်လို

မြန်မာနိုင်ငံမှ အမျိုးသမီး အချို့သည် လိင်အလုပ်သမများအဖြစ် အသက်မွေးဝမ်းကြောင်း လုပ်ငန်းမှ ကင်းလွတ် စေရန် အလုပ်အကိုင် အခွင့်အလမ်းများပေးခြင်းနှင့် တာဝန်ရှိသူများမှ ပံ့ပိုးပေးရန် အတွက် နေရာ၊ဌာနများ ပြု လုပ်ပေးရန်လည်း လိုအပ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင်အသင်း အကြံပေး ဒေါ်နုနုရီက ဆိုသည်။

“အမျိုးသမီးတွေ အနေနဲ့ လခစားအလုပ်နဲ့ မလုံလောက်ဘူး။ ဒါကြောင့် အစိုးရလည်း ဖြစ်ချင်ဖြစ်မယ်၊ လူမှုအဖွဲ့ အစည်းတွေ၊ အင်န်ဂျီအိုတွေကနေ အသေးစားငွေ ထုတ်ချေးပေးပြီးတော့ ငွေရင်းငွေနှီးတင်မကပဲ နည်း ပညာပိုင်းပါ ပံ့ပိုးပေးသင့်တယ်” ဟု မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင်များအသင်း အကြံပေး ဒေါ်နုနုရီက ပြောသည်။

လိင်လုပ်သားအဖြစ် လုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်း ပြုလုပ်သည့် အမျိုးသမီး အများစုမှာ နယ်မြို့များမှ ဒေသခံများဖြစ်ပြီး အဆိုပါ အလုပ်လုပ်ကိုင်ရခြင်းမှာ လခစား လုပ်ငန်းထက် ငွေကြေး ပိုမို ရရှိခြင်းကြောင့် ဖြစ် သည်ဟု ဧရာဝတီတိုင်းဒေသကြီးနေ အသက် (၂၂) နှစ်အရွယ် လိင်လုပ်သား တစ်ဦးဖြစ်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

“စတိုးဆိုင်မှာလုပ်တော့ တစ်လကို လစာ လေးသောင်း၊ ငါးသောင်း အဲ့ဒါမျိုးပဲ ရတယ်။ နယ်မှာမိသားစုက (၆) ယောက် ရှိတယ်။ သူတို့ကို ပြန်မထောက်ပံ့နိုင်ဘူး ၊ အဲ့ဒီအချိန်မှာ အဖေဆုံးသွားတော့ မိသားစု ကို ထောက်ပံ့ နိုင်ဖို့ ငွေအရေးတကြီး လိုအပ်လာတဲ့ အတွက် ဒီလိုလိင်လုပ်သားဘ၀ ကိုရောက်လာတာပါ”ဟု မိသားစုစားဝတ် နေရေး အခက်အခဲကြောင့် လိင်လုပ်သားဘ၀သို့ ရောက်ရှိခဲ့သူ တစ်ဦးက ပြောသည်။

နယ်မြို့များတွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးပြီး ရရှိသည့် လစာများသည် မိသားစုအတွက် အဆင်မပြေ ခြင်းကြောင့်သာ လိင်လုပ်သားအဖြစ် လုပ်ကိုင်နေရသော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေ အရ အလုပ်အကိုင် အခွင့်အလမ်းများ၊ လစာများကို တိုးချဲ့ချထားပေးမည် ဆိုပါက လိင်လုပ်သား ဘ၀ကို စွှန့် လွှတ်လိုကြောင်း ၄င်းက ဆက်ပြောသည်။

“ကိုယ့်အတွက် အာမခံချက်ရှိမယ်ဆိုရင် ရုန်းထွက်ချင်ကြတယ်။ အဓိကက နေရေးထိုင်ရေးက အရေးအကြီး ဆုံးပဲ။ ဒါပေမယ့် နေရေးထိုင်ရေး အဆင်ပြေပြန်တော့ စားဖို့ဝတ်ဖို့ ပူရပြန်ရော။ အဲ့ဒါတွေ အဆင်ပြေမယ့် အလုပ်တွေ ရှိလာရင် ဒီအလုပ်ကနေ ရုန်းထွက်ချင်တယ်” ဟု မ၀ါဝါ (အမည်လွှဲ) ကပြောသည်။

သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း များချထားပေးရာ၌ ၀န်ထမ်းများအပေါ် အလုပ်အကိုင် တည်မြဲရေးအတွက် ဘ၀အာမခံချက်ပေးရန် နှင့် လုပ်ခလစာကို ထိုက်တန်စွာပေးရန်တို့ လိုအပ်သည်ဟု တိုင်ရီဖိနပ်စက်ရုံ အခြေခံ အလုပ်သမားအဖွဲ့အစည်း ဥက္ကဌဖြစ်သူ ဒေါ်မိုးဝေက အကြံပြု ပြောကြားသည်။

“အလုပ်သမားတွေ အတွက်က အလုပ်အကိုင် အခွင့်အလမ်း နည်းပါတယ် ၊ နောက်တစ်ချက်က သူတို့ရဲ့ အလုပ်အကိုင်တည်မြဲမှု အပေါ်မှာ အာမခံချက်ကို အစိုးရပိုင်းကလဲ မပေးနိုင်ဘူး၊ ဘယ်သူကမှ မပေးနိုင် သေးတဲ့ အတွက် အလုပ်ရှင်တွေက အလုပ်သမားတွေကို အလွယ်တကူ အလုပ်ထုတ်လို့ ရတယ်၊ အလုပ် ထုတ်ခံရလို့ နောက်အလုပ် သစ်တစ်ခုကို အလွယ်တကူပြောင်းဖို့အခွင့်အရေး မရှိတဲ့အခါ ၊ အဆင်မပြေတဲ့ အချိန်တွေမှာ လိင်လုပ်သားအဖြစ် ပြောင်းလဲ ရပ်တည်မှုတွေ ရှိနေတယ်”ဟု အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဌဒေါ်မိုးဝေက ပြောသည်။

Sex Worker in Myanmar Network သည် အဖွဲ့ဝင်များနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတွင် လိင်လုပ်သား ဘ၀ဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေသူ ဦးရေ အရေအတွက်ကို တိကျစွာသိရှိနိုင်ရန် အချက်အလက်များ ကောက်ယူနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လိင်လုပ်သား ငါးဦးလျှင် တစ်ဦးနှုန်းဖြင့် HIV ရောဂါကူးဆက်ခံနေရပြီး ၂၀၀၈ ခုနှစ်တွင် ART ဆေး ရယူလျက်ရှိသည့် လိင်လုပ်သားဦးရေ ၆၀,၀၀၀ ကျော်ရှိသည်ဟု အင်တာနက် စာမျက်နှာ အချို့၌ ဖော်ပြသည့် သတင်းများအရ သိရသည်။

မောင်ရဲလတ် -အခွင့်အလမ်းနှင့် လစာတိုး ရမည်ဆိုပါက လိင်လုပ်သား ဘ၀ကို စွန့်လွှတ်လို

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top