18
Oct

အင်းစိန်ထောင်တွင် HIV နှင့် AIDS ရောဂါသည်များ ဆေးမသောက်ဘဲ ဆန္ဒပြ

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် HIV နှင့် AIDS ရောဂါသည်များအနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ပြောစကားနှင့် အညီ ကျန်းမာရေး မကောင်းသူများကို လွှတ်ပေးခြင်း မရှိသဖြင့် ထောင်မှ တိုက်ကျွေးသော ဆေးကို မသောက်ဘဲ ငြင်းဆန်ကာ ဆန္ဒပြနေကြသည်ဟု ထောင်တွင်းမှ လာသော သတင်းများအရ သိရသည်။

" ဟုတ်ကဲ့။ ကျွန်တော်ကို ထောင်ထဲက ပြောလိုက်တာက အခု HIV နဲ့ AIDS ရောဂါ ဝေဒနာရှင်တွေဟာ ထောင်ကတိုက်ကျွေးတဲ့ ARV ဆေးကို သောက်ဖို့ ငြင်းဆန်နေကြတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီလ ၁၂ ရက်နေ့က လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ အင်းစိန်ထောင်က HIV နဲ့ AIDS ရောဂါသည် ၁၇ ဦးကိုဘဲ လွှတ်ပေးပြီး ကျန်တဲ့သူတွေကို မလွှတ်ပေးတဲ့ အတွက် ဒါကို မကျေနပ် တာကြောင့် ခုလို ဆေးသောက်ဖို့ ငြင်းဆန်ပြီး ဆန္ဒပြနေကြတယ်လို့ ပြောပါတယ်" ဟု ယမန်နေ့က ထောင်ဝင်စာ သွားတွေ့ပြီး ပြန်လာသူ တစ်ဦးက ပြောသည်။

အင်းစိန်ထောင်ထဲတွင် HIV နှင့် AIDS ရောဂါ ဖြစ်ပွားနေသူ ၁၀၀ ခန့်ရှိပြီး အများစုမှာ ရောဂါ ဝေဒနာကို ဆိုးရွားစွာခံစားနေကြရသူများ ဖြစ်ကြောင်း သိရသည်။

" အခု ဒီရောဂါတွေကို ခံစားနေရတဲ့ ရောဂါသည်တွေက သူတို့ဟာ ထောင်ထဲက ကျန်းမာရေး မကောင်းတဲ့ သူတွေထဲက ဆိုးဝါးတွေ ရောဂါ ဝေဒနာရှင်တွေ ဖြစ်တယ်။ သမ္မတ ဦးသိန်းစိန်က ကျန်းမာရေး ဆိုးဝါးနေသူကို အဓိကထားပြီး လွှတ်ပေးမယ်လို့ ပြောဆိုထားတယ်။ လွှတ်တဲ့ အခါ အနည်းစုသာ လွှတ်သွားပြီး အများစု မလွှတ်တဲ့ အတွက် သူတို့ကို လွတ်ပေးဖို့ ဆေးမသောက်ဘဲ ငြင်းဆန်ပြီး တောင်းဆိုနေကြတယ်လို့ သိရပါတယ်" ဟုသူက ဆက်ပြောသည်။

သမ္မတ ဦးသိန်းစိန်က ကျန်းမာရေး ဆိုးဝါးနေသူများကို လွှတ်ပေးမည်ဟု ပြောဆိုထားသော်လည်း ကတိ ပျက်ကွက်ပြီး မလွှတ်ပေးသဖြင့် HIV နှင့် AIDS ရောဂါသည်များမှာ စိတ်ပိုင်းဆိုင်ရာ အရလည်း ထိခိုက် ခံစားနေကြရကြောင်း သူက ထောင်တွင်းက သတင်းကို ကိုးကားပြီး ပြောဆိုသည်။

ယခုကဲ့သို့ HIV နှင့် AIDS ရောဂါသည်များ အင်းစိန်ထောင်တွင် ထောင်မှ တိုက်ကျွေးသော ဆေးများကို သောက်ရန် ငြင်းဆန်နေမူနှင့် ပတ်သက်ပြီး ထောင်တာဝန်ရှိသူများနှင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသဖြင့် သီးခြား အတည်ပြုချက်အား ရယူနိုင်ခြင်း မရှိသေးပါ။

News collection - အင်းစိန်ထောင်တွင် HIV နှင့် AIDS ရောဂါသည်များ ဆေးမသောက်ဘဲ ဆန္ဒပြ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top