ဟော်လန်နိုင်ငံအခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့
(AZG) က ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ သဇင်ဆေး ခန်းကနေ HIV/ AIDS ဝေဒနာရှင်တွေကို ရောဂါသက်သာစေပြီး
အသက် ရှင်ရပ်တည်နိုင်တဲ့ (antiretroviral) ARV ဆေးပေးဝေနေတာကို ဒီဇင်ဘာလ ၁ ရက်နေ့စပြီး
ရပ်တန်ခဲ့ပြီး အစိုးရစီမံခန့်ခွဲတဲ့ ဝေဘာဂီဆေးရုံကနေ ပေးဝေဖို့ လွှဲအပ်ခဲ့ပါတယ်။
ဒါပေမယ့် ဝေဘာဂီဆေးရုံကလည်း ဆေးမလုံလောက်တော့လို့
လူနာသစ်တွေကို ဆေးမပေးနိုင်တဲ့အတွက် အခုအခါမှာ ဆေးမရလို့ ဒီရက်ပိုင်းမှာပဲ အသက်သေဆုံးရသူတွေ
ရှိလာတယ် လို့ဆိုပါတယ်။
အခုလို AZG က အခမဲ့ ဆေးပေးဝေနေတာကို ဒီလကမှစပြီး
ဝေဘာဂီဆေးရုံကို လွှဲခဲ့တာဆိုပေမယ့် စေဘာဂီဆေးရုံကလည်း လူနာသစ်တွေကို ဆေးပေးဖို့ ဆေးမလုံလောက်တော့ဘူး
ဆိုပြီး ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဆေးရုံဝန်ထမ်းတွေက
ဒီဆေးတွေကိုပြင်ပမှာ ဈေးကောင်းနဲ့ပြန်ရောင်းစားတဲ့ မသမာမှုတွေရှိနေလို့ အခုလိုအခမဲ့ပေးရာမှာ
ဆေးပြတ်လပ်ရတာလို့ လည်း ဆေးရုံနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သတင်းတွေအရ သိရပါတယ်။
ဒီဆေးကို ရန်ကုန်မှာသာ သဇင်ဆေးခန်းနဲ့
ဝေဘာဂီဆေးရုံတွေကပဲ အခမဲ့ ဖြန့်ပေးနေတာ ဖြစ်လို့ မြန်မာပြည် အနယ်နယ် အရပ်ရပ်က ရောဂါဝေနာရှင်တွေဟာ
ရန်ကုန်မှာ ပုံမှန်လာ ရောက်ပြီး ဆေးမှီဝဲနေကြရပါတယ်။
လူနာသစ်ကို ဆေးမပေးနိုင်တော့လို့ နောက်မှ
ဒီသတင်းကို သိရပြီး ဆေးလာတောင်းခံတဲ့ ဝေဒနာရှင်တွေအဖို့ ဆေးမရနိုင်တော့တဲ့အတွက် အသက်အန္တရာယ်တောင်
စိုးရိမ်းနေရတယ်လို့ NLD ပါတီက HIV/ AIDS ရောဂါဆိုင်ရာအဖွဲ့က မဖြူဖြူသင်းက RFA ကိုပြောပြပါတယ်။
စစ်စိုးရရဲ့ တရားဝင်စာရင်းအရ မြန်မာနိုင်ငံမှာ
HIV/ AIDS ဝေဒနာရှင် စုစုပေါင်း ၃ သိန်းခန့်ရှိတယ်လို့ သိရပြီး ရောဂါဖြစ်ပွားနှုန်း
ကျဆင်းနေတယ်လို့ ဒီဇင်ဘာလစောစောပိုင်းမှာ နအဖ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး
သိန်းစိန်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ပခန့်မှန်းသူတွေကတော့ ဒီအရေအတွက်ထက် အလွန်တရာများဖို့ရာ
ရှိတယ်လို့ ဆိုပါတယ်။
HIV/ AIDS ရောဂါရှင်သစ်ကို ARV ဆေးမပေးနိုင်တော့တာနဲ့
ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေ တွေအကြောင်း NLD ပါတီက HIV/ AIDS ရောဂါဆိုင်ရာအဖွဲ့က
မဖြူဖြူသင်း ကို RFA ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
ဖြေ။ အဲ့ဒါက ဖြတ်လိုက်တာ တော်တော်ကြာပြီ။ တော်တော်ကြာပြီဆိုတာ ၁ရက်နေ့နောက်ပိုင်းပေါ့နော်
အခုလောလောဆက်က သူတို့ဖျတ်လိုက်တဲ့အခါမှာ ဒီ ဝေဘာဂီဆေးရုံကို သူတို့ လွှဲတယ်လေ။ ဒီလူနာတွေတော်တော်
လူနာအားလုံးကို သူတို့ဆီကနေ ဆေးမပေးနိုင်တော့ဘူး ဝေဘာဂီဆေးရုံကို သွားပါပေါ့ အဲ့ဒီလိုပြောလိုက်တယ်။
သူတို့အကုန်လုံးကို လူနာတွေ တော်တော်များများ ကျမတို့ဒီမှာဆက်သွယ်နေတဲ့ လူနာတွေကိုကော
သူတို့ဆက်လက်ပေးနေတဲ့ လူနာတွေကိုကောပေါ့နော် အရင်ပေးနေတဲ့သူတွေကိုတော့ ဆက်ပေးတယ်။ လူနာအသစ်
တွေအားလုံးကို ဆေးသောက်ဖို့လိုနေတဲ့လူတွေကိုကော အကုန်လုံးကိုရပ်ပစ်လိုက်တယ်။ ရပ်ပြစ်ပြီးတော့
သူတို့ကို မနက် ၈ နာရီ ဝေဘာဂီဆေးရုံကိုလွှဲတယ်။ ဝေဘာဂီဆေးရုံမှာ ဆေး သွားယူပါ။ သူတို့ဆီကတော့
မပေးနိုင်တာ့ဘူးဆိုပြီးပြောတယ်။ အဲ့ဒါနဲ့ ကျမတို့လူနာတော်တော်များများကို ကျမတို့စုပြီးတော့
တစ်ခါကျမတို့ ဝေဘာဂီဆေးရုံကို ဝင်လာတယ်။ ဝင်လည်း ဝင်လာကော ဝေဘာဂီဆေးရုံ ဘက်ကကော ဘာပြန်ကြားရသလဲဆိုတော့
သူတို့ဆီ ဆေးပေးဖို့အတွက် လူနာစာပြည့်သွားပြီပေါ့။ ပြည့်သွားတဲ့အခါကျတော့ လူနာ ၁၆ ယောက်လောက်ပဲ
ကျန်တော့တယ်၊ အဲ့ဒါကြောင့် ဒီလူနာတွေဆေး မရနိုင်တော့ဘူးဆိုတော့။ အခုလောလောဆယ် ကျမတို့ဆီမှာ
ရှိတဲ့လူနာတော်တော်များများက ဒီသဇင်ဆေးခန်းဘက်ကကော၊ အစိုးရဖွင့် တဲ့ ဒီ ဝေဘာဂီဆေးရုံကကော
ဆေးလုံးဝမရတော့တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကျမတို့လူနာတွေကော ကျန်တဲ့လူနာတွေအားလုံးကောပေါ့။
အဟောင်းတွေကတော့ ဆက်ပေးတယ် အခု လော လောဆယ်တော့ ပေးလက်စရှိတဲ့ လူတွေကိုတော့ ဆက်ပေးတယ်။
အခုအသစ် အသစ်ဆိုတာက အခုဆေးသောက်ဖို့ အရေးတကြီးလိုနေတယ် CT ပိုးတအားကျနေတယ်။ တအားကျနေ
တယ်ဆိုတော့ ၂၀၊ ၁၀ ပေါ့ အဲ့ဒီလိုလူနာတွေလည်း သူတို့လုံးဝမပေးနိုင်တော့ဘူး။ အဲ့ဒီလူနာတွေကလည်း
ဖြစ်နိုင်ရင် ဆေးကိုအမြန်ဆုံးသောက်ရမယ့် လူနာတွေချဉ်းပဲလေ။ ဆေးကို သူတို့က လိုအပ်တဲ့အချိန်မှာမရလို့ရှိရင်
သူတို့ အသက်အန္တရာယ် တော်တော်လေး စိုးရိမ်ရတယ်။ အဲ့ဒီလိုလူနာတွေကိုလည်းသူတို့လုံးဝမပေးနိုင်တော့ဘူး။
မေး။ မပေးနိုင်တော့ဘူးဆိုတာ၊ ဒီ AZGက သဇင်ကပေးတာနည်းလို့လား၊
ဒါမှမဟုတ်ရင် အစိုးရကိုက သတ်မှတ်ထားလို့လား။
ဖြေ။ အဲ့ဒီလို ပါးစပ်ကတော့မပြောဘူးရှင်။ အခု AZG
ဘက်ကလည်း သူတို့အနေနဲ့ မူခဏရပ်ထားတယ်။ ဘာကြောင့်လဲဆိုတာလဲ မပြောဘူး။ နောက်တစ်ခုကကျတော့
ဒီဆေးကို ဘယ်အချိန်မှာ ပြန်ပေးမယ်ဆိုတာကိုလည်း သူတို့အနေနဲ့မပြောဘူး။ သူတို့ပြောတာကတော့
ဒီ ဝေဘာဂီဆေးရုံကိုပဲသွားယူပေါ့။ ဝေဘာဂီဆေးရုံကျတော့လည်း လူနာဦးရေက ကုန်သွား ပြီ။
ဒီလောက်ပဲ ပြောတယ်။
မေး။ လူနာတွေကကော သူတို့ဘယ်လိုခံစားကြရသလဲ။ သိသလောက်ပြောပြလို့ရမလား။
ဖြေ။ အခုတော်တော်များများဆိုရင် အရင်ကတော့သူတို့မျှော်လင့်ချက်ရှိသေးတယ်။
ဘယ်လိုမျှော်လင့်ချက်ရှိသလဲဆိုတော့။ သဇင်ဆေးခန်းက ဖြတ်လိုက်ပေမယ့် ကျမတို့ကလည်း ကြိုးစားမယ်။
ဒီ ဝေဘာဂီဆေးရုံကနေ ရအောင် ကျမတို့ ဝိုင်းကြိုးစားပေးမယ်ဆိုပြီး ကျမတို့ကိုယ်တိုင်
ဒီလူနာတွေခေါ်သွားတယ်။ ဒီ ဝေဘာဂီဆေးရုံတွေကို ပို့တယ်ပေါ့နော်။ ပို့တော့ သူတို့ ဘာပဲဖြစ်ဖြစ်
သူတို့က ဆေးရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကလေးတွေရှိတော့ သူတို့ တက်တက်ကြွကြွလေးတွေဖြစ်နေကြတယ်။
အခုနောက်ပိုင်းတော့ ဒီ ဝေဘာဂီဆေးရုံမှာလည်း လူနာ ကစောင့်နေတဲ့ဟာ ကုန်သွားပြီဆိုတဲ့အခါကျတော့၊
အခုဆုံးတဲ့လူနာတောင်ရှိတယ်။ အခုလောလောဆယ်အခြေအနေလေ။ တချို့ဆိုလို့ရှိရင်လဲ အရင်ကတော့
နည်းနည်း စိတ်ဓါတ်လေး ကြောင့် နည်းနည်း ထူထူထောင်ထောင်ဖြစ်နေပေမယ့်လည်း အခု ဆေးမရတော့ဘူးဆိုတာ
သိတဲ့အခါ တချို့ရွာပြန်တော့မယ် ရွာမှာပဲသေတော့မယ်ဘာညာ အဲ့ဒီလိုမျိုးတွေ ဖြစ်ပြီးတော့
တော်တော်များများက သူတို့က စိတ်ဓါတ်ကျတာနဲ့ လူတွေကပါလိုက်ကျကြတာကိုး။ တော်တော်များများ
ခွေနေတဲ့လူတွေအများကြီးပဲ အခုလောလောဆယ်အခြေအနေကလေ။
မေး။ မဖြူဖြူသင်းတို့ အုပ်စုမှာသိသလောက်ပေါ့နော် အခုဆေးမရတော့တဲ့လူဘယ်နှစ်ယောက်လောက်
ရှိလည်းခင်ဗျ။
ဖြေ။ ကျမတို့ဆီမှာ အခုရန်ကုန်မြို့ပေါ်တင်ပေါ့ အယောက်လေးဆယ်ကျော်၊
အယောက် လေးဆယ့် နှစ်ယောက်လောက်ရှိတယ်။ ဒီဆေးရဖို့စောင့်နေတဲ့လူတွေပေါ့နော်။
မေး။ တခြား NGO တွေကို တိုက်ရိုက်ဆက်ပြီးတော့ မေးကြည့်တာအဲ့ဒါမျိုးတွေကိုကောလုပ်ကြည့်လား။
ဒီ AZG မဟုတ်ပဲ တခြား NGO တွေကိုကော။
ဖြေ။ ကျမတို့ မြန်မာပြည်မှာက တခြားNGOတွေ ဆေးပေးနိုင်မယ့်
NGO တွေကသိပ်မရှိဘူး။ မရှိသလောက်ပဲ။ ဒီ AZG တစ်ခုပဲဆေးပေးတာပေါ့။ ကျန်တဲ့ NGO တော်တော်များများက
တော့ သူတို့ ဒီ ပညာပေးလုပ်ငန်းလုပ်တာတွေများတယ်။ ဆေးပေးတာနဲ့ပတ်သက်ပြီး မရှိသလောက်ပါပဲ။
အဲ့ဒီအခါကျတော့ သူတို့ဆက်သွယ်တာကလည်း သူတို့ဆေးရနိုင်တဲ့ အဖွဲ့အစည်း ဖြစ်တဲ့ ဒီ သဇင်ဆေးခန်းကိုပဲ
ဆက်သွယ်တယ်။ ဒီကမရတော့ဘူးဆိုတော့ ဒီကညွှန်ကြားတဲ့အတိုင်း ဝေဘာဂီဆေးရုံကိုသွားတယ်။ ဝေဘာဂီဆေးရုံမှာလည်း
ပေးနိုင်တယ်ပေါ့။ ဝေဘာဂီ ဆေးရုံကို သွားတော့လည်း ဟိုမှာလည်း ဆေးကလုံးဝပြတ်သွားပြီဆိုတော့
အခု မြန်မာပြည်မှာပေးနိုင်နေတာက ဒီနှစ်ဖွဲ့လောက်ပဲရှိတဲ့အခါ။ တခြားအဖွဲ့သွားဆက်သွယ်လည်း
သူတို့အနေ နဲ့က မရနိုင်ဘူးလေ ဆေးမှမပေးနိုင်တာ။ ARV နဲ့ပတ်သက်ပြီး သူတို့မပေးနိုင်ဘူးလေ
တခြားအဖွဲ့အစည်းတွေက။
http://www.rfa.org/burmese/news/ARV_drug_for_AIDS_shortage-20061221.html?searchterm=None




