9
Mar

အဆုံးစီရင်မှုပြဿနာ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူများကြား ပိုများလာ

အိတ်ခ်ျအိုင်ဗွီပိုးရှိသူများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် မိမိကိုယ်ကိုယ် သေကြောင်းကြံမှု ပိုမိုများပြားလာကြောင်း အေ့ဒ်စ်လူမှု အဖွဲ့အစည်းများ ၏ ပြောကြားချက်အရ သိရသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ပတ်ဝန်းကျင်မှ ခွဲခြားနှိမ်ချဆက်ဆံမှုများ၊ မိမိမိသားစုက ခွဲခြားနှိမ်ချဆက်ဆံခြင်း၊ ဆေး ဝါးမလုံလောက်မှုများနှင့် အခြားစီးပွားရေး အခက်အခဲ များကြောင့် ဖြစ်ကြောင်း ၄င်းတို့က ပြောသည်။

”ဒီလိုရောဂါမျိုးဖြစ်တဲ့လူက အရမ်းအားငယ်လွယ်တယ်။ တစ်ခုခုဆို စိတ်ထဲအရမ်းခံစားတတ်တယ်။ ပတ်ဝန်းကျင်ကိုလည်း ဒီလိုရောဂါမျိုးနဲ့ ပတ်သက်ပြီး အသိအမြင်တွေ သက်ဆိုင်ရာကလည်း များများပေးဖို့လိုတယ်။ HIVရှိတယ်လို့ပြော လိုက်တာနဲ့ လူတွေက လန့်ဖျပ်သွားကြတယ်။ လူနာအနေနဲ့ကလည်း သူ့မှာဒီရောဂါရှိနေပြီဆိုတာ သိပြီးတာနဲ့ ရှက်တယ်၊ ကြောက်တယ်၊ ရွံ့တယ်။ ပတ်ဝန်းကျင်က ငါတို့ကိုဘယ်လိုများ မြင်နေပြီလဲ ဆိုတာ အချိန်တိုင်းတွေးပြီး စိတ်ဓာတ်ကျတတ်တယ်”ဟု ကျန်းမာရေး အတိုင်ပင်ခံ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

အဆိုပါရောဂါသည် နာတာရှည်ရောဂါ ဖြစ်သည့်အတွက် မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု ခံစားရသောကြောင့် အဆုံးစီရင်သည်လည်း ဖြစ်နိုင်ကြောင်း အထက် ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ”HIV ပိုး ရှိမှမရှိမှ မဟုတ်ဘူး။ လူတိုင်းမှာ ဒုက္ခဆိုတာ ရှိနိုင်တယ်။ အဓိကက HIV Positive နဲ့နေထိုင်နည်းကို မသိတဲ့အတွက်ကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင် ကြတာ ဖြစ်တယ်။ ဒီတော့ သူတို့ကိုဂရုစိုက်မယ့် လူရှိရမယ်။ ဘယ်လိုရပ်တည်ရမယ်၊ ဘယ်လိုသက်သာမယ် ဆိုတာသိရင်၊ အသိပညာပေးနိုင်ရင် ဒါမျိုးပြဿနာတွေ အများအပြား ဖြစ်လာနိုင်တော့မယ် မထင်ဘူး” ဟု လူမှုအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

သွေးစစ်မည်ဆိုလျှင် သွေးမစစ်ခင်လူတိုင်းကို ကြိုတင်နှစ်သိမ့် ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းမျိုး လုပ်ထားသည့်အတွက် ပိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သေကြောင်းကြံမှုများ မဖြစ်ပေါ် နိုင်ကြောင်း၊ HIV ပိုးရှိသူအပြင် ၄င်း၏မိသားစု၊ သူငယ်ချင်းနှင့် ပတ်ဝန်းကျင်ကလည်း အသိပညာဆွေးနွေး မှုများ ပြုလုပ်သင့်ပြီး Positive တစ်ဦးအတွက် စိတ်ခံစားမှုက အရေးကြီးကြောင်း၊ မိမိတို့တွင် ရှိသည့်ပြဿနာ များကို ဖွင့်ဟတိုင်ပင်ရသည့်သူများ ရှိလာပါက ယင်းဖြစ်စဉ် များ နည်းပါးသွားမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပြုပြောသည်။

ချစ်ဆုဆွေ (ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅)

Popularmaynamr - အဆုံးစီရင်မှုပြဿနာ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူများကြား ပိုများလာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top