အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့် မိန်းကလေးများအား အရောင်းအဝယ်ပြုလုပ်ခြင်းကို နှိပ်ကွပ်ရန်အတွက် ကြီးလေးသည့် ပြစ်ဒဏ်များကိုသာ ချမှတ်ရန် တရားရုံးအားလုံးသို့ ညွှန်ကြားချက် ပေးပို့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က ပြောသည်။
အဆိုပါ လုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့်သာ အရေးယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော်တို့၏ ညွှန်ကြားမှုများထပ်မံ ထုတ်ပြန်ကာ ထပ်ဆင့်အားဖြည့်၍ ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ပြောသည်။
ခေတ်ကာလ အလျောက် ပြည့်တန်ဆာ လုပ်ငန်းများ များပြားလာသဖြင့် ယင်းကို မနှိမ်နင်းနိုင်ပါက အကျင့်စာရိတ္တ ပျက်ယွင်းခြင်း၊ လူမျိုး ဂုဏ်ကျဆင်းခြင်းနှင့် ကျန်းမာရေး ထိခိုက်ခြင်းများ ကြုံတွေ့လာနိုင်သဖြင့် တင်းကျပ်စွာ အရေးယူမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
အစိုးရသစ် လက်ထက် ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့အထိ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ အရေး ယူခဲ့သော အမှု ၄၈၁၆ မှုရှိကြောင်း ဝန်ကြီးက ပြောသည်။ ယင်းတွင် ကျား ၂၂၂ ဦးနှင့် မ ၄၉၁၈ ဦးကို အရေးယူနိုင်ခဲ့သည်ဟု ၎င်း၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အစိုးရ သစ်လက်ထက်၌ ပြည့်တန်ဆာနှိပ်ကွပ် ရေးဥပဒေအရ အရေးယူ ဆောင်ရွက် နေမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယင်းကို ဝန်ကြီးကအထက် ပါအတိုင်း ဖြေကြားခဲ့သည်။
၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေနှင့် ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာ ဝေဖန်မှုများ ရှိနေပြီး ရှေးရိုးအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်လိုသူများက ယင်းကို လူ့ဘောင်ယဉ်ကျေးမှုအရ ထိန်းသိမ်းသင့်ပြီဟု ဆိုကြပြီး အချို့မှာ ခေတ်ကာလနှင့် အညီ ပြင်ဆင်ရန် သင့်သည်ဟု ဝေဖန်မှုများရှိနေကြောင်း ဒေါက်တာညိုညို သင်းက ပြောသည်။
၁၉၉၈ ခုနှစ် ဧပြီလတွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်ခဲ့ပြီး ယင်းတွင် ထောင်ဒဏ်များကို တိုးမြှင့် ချထားပေးရန်နှင့် မကျမနေ ထောင်ဒဏ်အပြင် ငွေဒဏ်ကိုလည်း ချမှတ်ရန် ပြင်ဆင်ခဲ့သည်။
တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ”ဒီဥပဒေမှာက ပျော်ပါးတဲ့ အမျိုးသားတွေကိုတော့ အရေးမယူဘူး။ အမျိုးသမီးတွေကိုပဲ အရေးယူတယ်။ ဒါကတော့ တစ်မျိုးဖြစ်နေတာပေါ့” ဟု ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေနှင့် ပတ်သက်၍ ပြောသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ပြည့်တန်ဆာ လုပ်ငန်းကို လိုင်စင်ဖြင့် လုပ်ကိုင်ခြင်းများ ရှိရာ ယင်းကဲ့သို့ စီမံ၍ အများပြည် သူများရှေ့တွင် မဖွယ်မရာပြုလုပ်ခြင်းကိုသာ ဥပဒေအရ တားမြစ်ခြင်းဆောင် ရွက်ရန်သင့်သည်ဟု ၄င်းက သုံးသပ် ပြောသည်။
၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ် ကွပ်ရေးဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြင်ဆင်လိုက်ခြင်းမှာ ပုဒ်မ ၅၊ ပုဒ်မခွဲ ၁ တွင် တစ်နှစ်အောက်မနည်း သုံးနှစ် ထက်မပိုသည့် ထောင်ဒဏ် ကျခံရမည်ကို တစ်နှစ်ထက်မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့်ငွေဒဏ် ချမှတ်နိုင်သည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၈ တွင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ စီရင်ရမည်ကို တစ်နှစ် ထက်မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ဝေမာထွန်း
Popular - အတင့်ရဲ ပြည့်တန်ဆာ လုပ်ငန်း ကြီးလေးသော ပြစ်ဒဏ်ချ၍ နှိပ်ကွပ်ရန် ညွှန်ကြားထားဟုဆို




