15
Jul

အတွင်းစကား





ပြည်ကြီးရဲ့
အဆင်တန်ဆာဖြစ်လို့ ပြည့်တန်ဆာလို့ခေါ်တဲ့ အခကြေးငွေယူပြီး ကာမ ဖျော်ဖြေ ပေးသူတွေကို
သူအများစုက အထင်သေး ရှုတ်ချကြတယ်။ တိုင်းပြည် အစိုးရ အသီးသီးကလည်း လိင်ဖျော်ဖြေရေးလုပ်ငန်းကို
တရားမဝင်တဲ့ လုပ်ငန်းအဖြစ် သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ ကမ္ဘာအနှံ့အပြားမှာ လိင်ရောင်းဝယ်မှု
မရှိတဲ့ ဒေသဆိုတာ မရှိသလောက်ရှားပါတယ်။

စားဝတ်နေရေးအတွက်
ကာယကို ရင်းပြီး ငွေရှာသူကို ကာယလုပ်သားလို့ ခေါ်ပြီး ဥာဏ်အား စိုက်ထုတ်ပြီး ဝင်ငွေရသူတွေကိုတော့
ဥာဏ လုပ်သားလို့ ခေါ်ကြတယ်။ လိင်ဖျော်ဖြေရေး လုပ်ငန်းမှာ ခန္ဓာကိုယ်နဲ့ ရင်းပြီး ငွေရှာသူတွေကိုလည်း
သဘာဝကပေးတဲ့ သူတို့ကိုယ်ပိုင် အရင်းအနှီးနဲ့ ငွေရှာကြသူတွေဖြစ်လို့ လိင်လုပ်သားရယ်လို့
ယနေ့ ကမ္ဘာမှာ ပြောင်းလဲ ခေါ်လာကြပါပြီ။

ဒေသအသီးသီးကို
ကြည့်လိုက်မယ်ဆိုရင် တတ်နိုင်သူတွေကလည်း တတ်နိုင်တဲ့ အလျောက် မတတ်နိုင်သူတွေကလည်း သူ့အထွာနဲ့သူ
ကာမဖျော်ဖြေမှု ဝယ်ယူ ပျော်ပါးကြသူတွေ ရှိတယ်ဆိုတာ မျက်စိ စုံမှိတ်ပြီး ဘူး ကွယ်နေလို့
မရတဲ့ အခြေအနေပါ။ ရောင်းသူတွေဘက်ကို ကြည့်မယ်ဆိုရင်လည်း လူ့ကျင့်ဝတ်တွေ ဓလေ့ထုံးစံတွေ
ဘာသာရေး အဆုံးအမတွေနဲ့ ဘယ်လိုပဲ နှောင်တည်းထားစေဦးတော့ စီးပွားရေး အကြပ်အတည်း ကြုံရတဲ့အခါ
ထမင်းနပ်မှန်ဖို့အတွက် ရရာထွက်ပေါက်ကို ရှာကြရတယ်။ ဒီအခါအမှာ ငွေဖြစ်လွယ်တဲ့ ဒီလုပ်ငန်းထဲကို
ပိုးဖလန်မျိုး မီးကိုတိုး ဆိုသလို ရောက်လာကြရတယ်။ အူမ တောင့်မှ သီလစောင့်နိုင်မယ် ဆိုတဲ့
စကားလည်း အရှိသားမဟုတ်ပါလား။

မိသားစုအတွင်းမှာ
စားဝတ်နေရေး ပြေလည်ဖို့ရာ အသည်းသန်ဆုံးပြဿနာ ဖြစ်နေချိန်မှာ တိုင်းပြည်အတွင်း
HIV/AIDS ပြဿနာကလည်း ဖြေရှင်းလို့ မရနိုင်သေးတဲ့ ခေါင်းခဲစရာ ကိစ္စပါ။ ကမ္ဘာနာ ရောဂါ
ကူးစက်မှုမှာ လိင်လုပ်ငန်းနဲ့ ပတ်သက်သူတွေဟာ အန္တရာယ် အများဆုံးဖြစ်ပါတယ်။ ဒါကြောင့်
အငှား လိင် ပျော်ပါးမှု မရှာကြပါနဲ့ ရှောင်ရှားကြပါ။ ဆင်ခြင်ကြပါ။ မဆင်မခြင်ပြုရင် အသက်ကို
ရန်ရှာနိုင်တယ်လို့ အသံပေါင်းစုံနဲ့ စည်းရုံးဟောပြောနေပေမဲ့ လိင်ရောင်းဝယ်မှု တိမ်ကောမသွားပါဘူး။

ပြဿနာရဲ့
အစကို ပြန်ကောက်ကြည့်ရင်တော့ စီးပွားရေး မပြေလည်မှုကြောင့် စားဝတ်နေရေး ပြဿနာကို ဖြေရှင်းရင်း
မမျှော်လင့်ပဲ ကူးစက်ရောဂါတွေ ရလာတဲ့အခါ ကျန်းမာရေး ပြဿနာက ဗူးလေးရာ ဖရုံဆင့် ဖြစ်လာရပြန်ပါတယ်။
မိမိကိုယ်ကို ကြိုတင်ကာကွယ်နိုင်အောင်လို့ အသိပညာ ဗဟုသုတရှိဖို့ ပညာရေး မချို့တဲ့ဖို့ကလည်း
အကြောင်းရင်း တစ်နေရာကနေ ပါဝင်လာတယ်။ ပညာရေး အခြေခံနဲ့ မှန်မှန်ကန်ကန် တွေးခေါ်စဉ်းစားတတ်မှသာ
ကြုံလာတဲ့ ပြဿနာကို နည်းမှန် လမ်းမှန် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေး ကျန်းမာရေး
စတာတွေဟာ ပင့်ကူအိမ်လို တစ်ခုနဲ့ တစ်ခု ယှက်နွယ်နေတာ ထင်ရှားပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့
ဂုဏ်သိက္ခာကို မြှင့်ချင်ရင် လူနေမှု အဆင့်အတန်းကို တိုးတက်စေချင်ရင် သင့်တင့် လျောက်ပတ်တဲ့
နိုင်ငံရေး မူဝါဒတွေကို အခြေခံပြီး ကဏ္ဍအသီးသီးမှာ အဆင့်ဆင့် တည်ဆောက်သွားရမယ်ဆိုတာကို
တိုင်းပြည်အတွက် အမြော်အမြင် ကြီးတဲ့ ခေါင်းဆောင်တွေက သိမြင်ပြီး ပြုပြင် ပြောင်းလဲနိုင်ပါတယ်.

HIV/AIDS
ရောဂါ အရှိန် အဟုန်နဲ့ ကြီးထွား ပြန့်ပွား လာနေချိန်မှာ လိင်လုပ်သားတွေဟာ ပြဿနာ အရင်းအမြစ်အတွက်
တရားခံအဖြစ် လက်ညှိုးထိုးခံရသူတွေဖြစ်တယ်။ သူတို့ကိုသာ စုပုံ အပြစ်ဖို့ နေမယ်ဆိုရင်
ငါးတကာချေး ပုဇွန်ခေါင်းစု ဆိုသလို ဖြစ်ကြရပါလိမ့်မယ်။ ဒီနေရာမှာ ကြက်ဥနဲ့ ကြက်မ ဘယ်အရာက
အရင်စဖြစ်သလဲဆိုတာ မေးချင်စရာပါ။ ဥပမာအနေနဲ့ ပြောရရင် ကမ္ဘာပေါ်မှာ အမဲသားစားသူ မရှိတော့ဘူးဆိုရင်
အမဲသားသည်ဆိုတာ ပျောက်ကွယ်သွားမှာပါ။ ထို့အတူ လိင်လုပ်ငန်းမှာလည်း ရောင်းချသူတွေမှာ
စား၊ဝတ်၊နေ ရေး  အခက်အခဲနဲ့ ဝယ်သူတွေ ရှိနေလို့သာ
တည်တံ့နေနိုင်သေးတာဖြစ်တဲ့အတွက် ရောင်းသူကိုသာ အပြစ်ပုံချလို့ မရပါဘူး။

HIV
နဲ့ ဆက်စပ်ပြီး လိင်လုပ်ငန်း ကို ဆန်းစစ်ရာမှာ အငြင်းပွားစရာတွေ ရှိလာပါတယ်။ လိင်လုပ်ငန်းဟာ
တရားမဝင် မဖြစ်သင့် ဖြစ်သင့်။ လိင်လုပ်သားတွေအဖြစ် မှတ်ပုံတင်ခွင့် ပေးသင့် မပေးသင့်
ဆိုတာတွေကို စဉ်းစားရာမှာ အခြေအတင် ငြင်းခုန်စရာတွေ ဖြစ်လာပါတယ်။ ကောင်းကျိုး ဆိုးပြစ်မှာ
ဘယ်အရာက အလေးသာမလဲဆိုတာ သေချာချင့်ချိန် ရမယ့် ကိစ္စပါ။ အတွင်းကျကျ တကယ့်ပြဿနာ ရင်းမြစ်ကို
သိမှ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ သိမှာပါ။

ဒီနေရာမှာ
လိင်လုပ်သားတစ်ယောက် ကိုယ်တိုင် ရင်ဖွင့်တာကို နားထောင်ကြည့်ရင် ပြဿနာ အတိမ် အနက်ကို
မှန်းဆနိုင်ပါလိမ့်မယ်။ ဒါကြောင့် ၂၀၀၄ ခုနှစ်အောက်တိုဘာလထုန် Bangkok Post သတင်းစာရဲ့
Voice From Within အတွင်းစကားဆိုတဲ့ ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန် ဖေါ်ပြလိုက်ပါတယ်။
ဒီဆောင်းပါးရှင် Heamakarn Sricharatchanya ဖြစ်ပြီး သူတွေ့ဆုံ မေးမြန်းခဲ့သူကတော့
ဘိုဆိုတဲ့ အမျိုးသမီး ဖြစ်ပါတယ်။

လိင်လုပ်ငန်းက
အမျိုးသမီးတစ်ယောက်က သူနဲ့ ဘဝတူတွေအတွက် ပိုပြီး သာလွန်ကောင်းမွန်တဲ့ ပြဌာန်းချက်တွေ
လူမှုဖူလုံရေးတွေ ရှိဖို့နဲ့ ဒီလုပ်သားတွေနဲ့ ဘဝလုံခြုံမှု တခြားနည်းလမ်းနဲ့ ဘဝရပ်တည်နိုင်ရေးတို့အတွက်
ကိုယ်စားပြု ပြောကြားသွားပါတယ်။

လိင်လုပ်သား
တစ်ယောက်အနေနဲ့ တရားမဝင်တဲ့ လုပ်ငန်းမှာ လုပ်နေမိလို့ ရဲက နောက်က လိုက်နေမှာပါပဲ။ လူ့အသိုင်း
အဝိုင်းကလည်း အကျင့်ပျက်တယ် အော်ဂလီဆန်စရာကောင်းအောင် ညစ်ညမ်းတယ်ဆိုပြီး ပြစ်တင် ရှုတ်ချကြတယ်။
မိတ်ဆွေသူငယ်ချင်းတွေ ဆွေမျိုးသားချင်းတွေ သာမက ကိုယ့်မိသားစုကတောင် ရှောင်ဖယ်ရှောင်ဖယ်လုပ်တာ
ခံရမယ်။

သူဟာ
လိင်လုပ်သားတွေအတွက် အလုပ်ပြန်လုပ်ပေးနေတဲ့ ပထမဦးဆုံး လိင်လုပ်သားဖြစ်တယ်။ သူဟာ အစိုးရမဟုတ်တဲ့
အဖွဲ့အစည်း NGO တစ်ခုဖြစ်တဲ့ Empower Foundation မှာ ညှိနှိုင်းစီစဉ် ပေးသူ တစ်ယောက်လည်းဖြစ်တယ်။
ဒီအဖွဲ့ဟာ သူ့လို အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးတယ်။

ကိုယ်လုံးကိုယ်ထည်
သေးသေးနဲ့ အသက် ၃၀ တော်တော် စွန်းနေပြီးဖြစ်တဲ့ ဘို ဟာ ဇူလိုင်လက ဘန်ကောက်မှာကျင်းပသွားတဲ့
၁၅ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံမှာ သတင်းမီဒီယာ တွေရဲ့ မီးရောင်အောက်ကို
ရောက်လာခဲ့ပါတယ်။

တိုင်းပြည်ဟာ
AIDS ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ရှိဖို့နဲ့ လိင်ပိုင်းဆိုင်ရာ
ပညာရေးရှိဖို့ အထူးတလည် လိုအပ်တယ်လို့ သူက အခိုင်အမာ ပြောသွားပါတယ်။

သူ့ရဲ့
သရုပ်ပြ တင်ဆက်မှုဟာ Empower အတွက် သူလုပ်နေတဲ့ လုပ်ငန်းရဲ့ တစိတ်တဒေသ ဖြစ်တယ်။ သူဟာ
Empower မှာ လိင်လုပ်သားတွေကိုယ်စား ညီလာခံတွေ တွေ့ဆုံဆွေးနွေးပွဲတွေကို သွားရောက်ပြီး
ပိုကောင်းမယ့် ဥပဒေသတွေ လူမှု ဖူလုံရေး ကိစ္စတွေကို တင်ပြတယ်။ လိင်လုပ်ငန်း လုပ်ကိုင်နေတဲ့
အမျိုးသမီးတွေအပေါ် ပိုပြီးနားလည်မှု ရှိစေဖို့ ဆောင်ရွက်ပေးတယ်။

အလိမ်အညာခံရပြီး
အဓမ္မပြုခံရပြီး ပြည့်တန်ဆာဖြစ်လာတဲ့ အခြား လိင်လုပ်သားတွေနဲ့တော့ ဘို ရဲ့ အဖြစ်က မတူပါဘူး။
လပေါင်းများစွား ချိတုံချတုံ စဉ်းစားပြီးမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့အတူ ဒီလုပ်ငန်းထဲကို
လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ဝင်လုပ်ခဲ့တာပါ။ သူ့အသက် ၁၉နှစ်မှာ သူကျွေးမွေး ပြုစု စောင့်ရှောက်ရမယ့်
ကလေး ၂ ယောက်ရနေပြီလေ။ သူ့ရဲ့ ချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ ဘန်ကောက်ဇာတိ ဖြစ်တဲ့သူဟာ
သူ့အစ်ကိုဆီမှာ နေထိုင်ခဲ့ပါတယ်။ သူ့အစ်ကိုကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Soi
Cowboy မှာ ဂိုဂိုဘာ Go Go Bar တစ်ခု ပိုင်ပါတယ်။

ကျမ
အစ်ကို့ကို နောက်ထပ် တာဝန် မပိုစေချင်တော့ဘူးလေ လို့ ဘိုက ပြန်ပြောင်းပြောပြပါတယ်။
အဲဒီတုန်းက ကျမ ကလေးတွေကို နို့ဝယ်တိုက်ဖို့ ပိုက်ဆံလိုတယ်။ သူတို့ကို ဝတ်ကောင်းစားလှ
ဆင်နိုင်ဖို့ ငွေလိုတယ်။ အခုအခါမှာ သူ့ရဲ့ သမီးလေး နှစ်ယောက်က ၁၄နှစ်နဲ့ ၁၅နှစ် ရှိကြပါပြီ။

သူဟာ
အရင်တုန်းကတော့ စားဝတ်နေရေးအတွက် ပက်ကုန်းတဝိုက်က အရက်ဆိုင်တွေ ဘားတွေ တဝိုက်မှာ ပန်းရောင်းခဲ့ဖူးပါတယ်။
အစပထမမှာ သူ့အစ်ကိုက သူ့ကို လိင်လုပ်ငန်းထဲကို ဝင်ဖို့ သဘောမတူခဲ့ပါဘူး။ ဒါပေမဲ့ ဘို
က ဇွတ်အတင်း ပြောလာတဲ့ အခါမှာတော့ သူ့အစ်ကိုက သူ့ရဲ့ ကိုယ်ပိုင်ဆုံဖြတ်ချက်ကို သဘောတူလိုက်ရပါတော့တယ်။
ဒီလိုနဲ့ပဲ သူ့ ကလေး ၂ယောက်ကို ဆိုင်က တခြား မိန်းကလေးတွေက ကြည့်ပေးနေချိန်မှာ သူဟာ
စင်ပေါ်က မီးရောင်အောက်မှာ အရှက်လုံရုံ အဝတ်ကို ဝတ်ရင်း လှုပ်လီလှုပ်လဲနဲ့ ဖျော်ဖြေရပါတော့တယ်။

စိတ်ဓါတ်ကြံ့ခိုင်တဲ့သူဟာ
ယောက်ျားပေါင်း များစွာနဲ့ အိပ်ခဲ့ရတဲ့အတွက် သူ့ကိုယ်သူ ပြန်သနားပြီး အားငယ်မနေပါဘူး။

ဒါပေမဲ့
လိင်လုပ်သား တစ်ယောက်အနေနဲ့သာမက မိခင်ကောင်းတစ်ယောက်အဖြစ် တချိန်တည်းမှာ လုပ်ရတာ မလွယ်ပါဘူး။
ညတိုင်း စင်ပေါ်ရောက်ရင် စင်ပေါ်မှာ ဖျော်ဖြေရဦးမှာဖြစ်လို့ သူဟာ ကလေးတွေကို ညအိပ်ရာဝင်
ချော့မသိပ်နိုင်ပါဘူး။ ဒါ့ကြောင့် သူဟာ အလုပ်ရှိရာဆီ ကလေးတွေကို သူနဲ့ တပါတည်း ခေါ်လာခဲ့ပါတယ်။
သူနဲ့ ဘဝတူ လုပ်ဖေါ်ကိုင်ဖက်တွေ ကလေးလေးတွေကို အသံဗလံတွေ ဆလိုက်တွေ အောက်ကနေ ဝေးရာစားပွဲ
တစ်လုံးအောက်မှာ သိပ်ထားခဲ့တယ်။ ဆိုင်ပိတ်သွားတဲ့အချိန်မှာတော့ ကလေးတွေ အိပ်ပျော်နေရာအောက်က
စားပွဲခင်းလေး အသာမပြီး ကလေးတွေကို အိမ်ပြန်ခေါ်သွားတော့တာပါပဲ။ ဒါတောင်မှ တစ်ခါတစ်လေမှာတော
သူဟာ ဖေါက်သည်နဲ့ အတူ ညအိပ်လိုက်ရတဲ့အခါ ကလေးတွေကို ချီပွေ့ပြီး အိမ်ပြန်ပို့ပေးတာကိုတောင်
လုပ်မပေးနိုင်ပါဘူး။

ကလေးတွေ
အရွယ်ရောက်လို့ နားလည်လာတဲ့အခါ ဘို ဟာ သူ့သမီးတွေ သူအလုပ်လုပ်နေဲ့ ဆိုင်ထဲ ဝင်ခွင့်
မပေးတော့ပါဘူး။ ဒါကြောင့် ကလေးတွေအနေနဲ့လည်း စားဝတ်နေရေးအတွက် သူတို့အမေ ဘာအလုပ်လုပ်တယ်ဆိုတာ
မသိခဲ့ပါဘူး။ ကလေးတွေဟာ ကျောင်းစာတွေ ကျောင်းက လှုပ်ရှားမှုပွဲတွေ သူငယ်ချင်းတွေနဲ့ သူတို့ကိုယ်ပိုင်
ကမ္ဘာလေးထဲမှာပဲ ပျော်ဝင်နေတဲ့အတွက် သူဘာလုပ်နေသလဲဆိုတာ မမေးခဲ့ကြပါဘူး။

လွန်ခဲ့တဲ့
သုံးနှစ်ကျော်လောက်က သူ့သမီးတွေ ၁၁နှစ်နဲ့ ၁၂ နှစ် အရွယ်ရောက်တဲ့ အခါမှာတော့ အမှန်တရားက
ဗူးပေါ်သလို ပေါ်ခဲ့ပါပြီ။

သူတို့က
သူ့တို့အမေ ဘာအလုပ် လုပ်နေတယ် သိသွားတဲ့အခါ ကျမနဲ့ အတူ လိုက်ချင်ခဲ့တယ်။ ကျမအလုပ်ကို
လိုက်ကြည့်ချင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဒီနေရာဟာ ကလေးတွေရဲ့နေရာ မဟုတ်ဘူးလေ။ ဒါကြောင့်
ကျမက သူတို့ကို ခေါ်မသွားပါဘူး လိုပ သူက ပြောပြပါတယ်။

စည်းကမ်း
တင်းကြပ်ပြီး ကလေးတွေ လုံခြုံမှုရှိစေဖို့အတွက် အမြဲဂရုစိုက်တဲ့ မိခင် တစ်ယောက်ဖြစ်တဲ့
ဘို ဟာ သူ့သမီးတွေ အိမ်က အခန်းတစ်ခန်းထဲ့မှာ သော့ခတ်ပြီး ထားလေ့ရှိတယ်။ မရေတွက်နိုင်တဲ့
အဓ္ဓမကျင့်မှုတွေကို ဖတ်ပြီးတဲ့ နောက်မှာ သူ့သမီးတွေ အလားတူကိစ္စမျိုး ကြုံရမှာကို သူ
စိုးရွံ့ ထိတ်လန့် နေခဲ့ပါတယ်။ ဒါပေမဲ့ သူ့မိတ်ဆွေတွေက သူ့လုပ်ရပ်ဟာ မှားယွင်းနေတဲ့အကြောင်း
ပြောပြတော့ သူ့ကလေးတွေကို အခန်းထဲ လှောင်ပိတ်ထားတာမျိုး မလုပ်တော့ပါဘူး။ ခုတော့သူဟာ
သူ့သမီးတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို အလေးထားပြီး သူတို့ကို လူကြီးတွေအလား ပြုစု
ပျိုးထောင်ပေးပါတယ်။

သူ့တို့မှာ
ကိုယ်ပိုင် အတွေးအခေါ်ရှိပါတယ်။ ကျမက ဒါလုပ် ဟိုဟာမလုပ်နဲ့ဆိုပြီး အတင်းအကြပ် ခိုင်းတာမျိုး
မလုပ်ချင်ပါဘူး။ လို့ သူကပြောပါတယ်။

ထိုင်းမိခင်
တော်တော် များများကတော့ ဘို က သူ့သမီးတွေကို ဆုံမပုံဟာ မသင့်တော် မမှန်ကန်ဘူးလို့ ထင်ကောင်း
ထင်ကြမှာပါပဲ။ ဒါပေမဲ့ ဘို ကတော့ လိင်ကိစ္စ အကြောင်း ပြောတယ် ဆိုတာ မကြားဝံ့မနာသာ မပြောရဲ
မဆိုရဲ ကိစ္စဖြစ်တယ်လို့ မယူဆပါဘူး။ ကလေးတွေ သိသင့် သိထိုက်တာတွေကို မှန်မှန်ကန်ကန်သိဖို့ဆိုတာ
မိခင်ရဲ့ တာဝန်ပဲလို့ သူက ယူဆပါတယ်။

ကျမက
သူတို့ကို ကွန်ဒုံး ဘယ်လိုသုံးရတယ်ဆိုတာ သင်ပေးသလို ယောက်ျားလေးတွေရဲ့ အသက် အရွယ်နဲ့
သင့်တော်တဲ့ ကွန်ဒုံး အရွယ်အစား အမျိုးမျိုး ရှိကြောင်းကိုလည်း ပြောပြပါတယ်လို့ သူက
ပြောပါတယ်။ ဒါ့အပြင်သူက သမီးတွေကို ကွန်ဒုံးဆောင်ခွင့် ပေးထားပါတယ်။ အကယ်၍များ သူတို့
ကိုယ်လက်နှီးနှောလိုတဲ့အခါ သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိသင့်တယ်လို့
သူကဆိုပါတယ်။

အခုတော့
သူ့သမီးလေးတွေဟာလည်း ကိုယ့်ဘာသာကိုယ် ထိန်းသိမ်း စောင့်ရှောက်တတ်တဲ့ အရွယ်ရောက်နေပါပြီ။
ဘို ဟာလည်း လိင်လုပ်သားတွေအတွက် အကြံပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ပိုပြီး အချိန်ရလာပါတယ်။
ဘို ပါဝင် လှုပ်ရှားနေတဲ့ Empower အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လိင်လုပ်သားတွေ အင်္ဂလိပ်စာ
ဂျပန်စာ ကျွမ်းကျင် ပိုင်နိုင်စွာပြောတတ် ဆိုတတ်ဖို့နဲ့ ကွန်ပျူတာ ကိုင်တွယ် တတ်ဖို့ဆိုတဲ့
ပညာရေး အခြေအနေမြင့်မားအောင် ဆောင် ရွက်ပေးဖို့ပါပဲ။ ဒါပေပေမဲ့ ဘို ရဲ့ အဓိက တာဝန်ကတော့
အစိုးရ ဥပဒေတွေက လိင်လုပ်သားတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို ခြေရာခံဖို့ပါပဲ။

အရင်တုန်းကတော့
ကျမက ဥပဒေ ဆိုတာတွေကို လုံးဝ စိတ်မဝင်စားခဲ့ဘူးလို့ Empower အကြောင်းကို လက်ကမ်းစာစောင်ကနေတစ်ဆင့်
သိခဲ့ရတဲ့ ဘိုက ပြောပြပါတယ်။ ဒါပေမဲ့ အစိုးရက ကျမတို့ လုပ်ငန်းကို တရားမဝင်ဘူးလို့
သတ်မှတ်လိုက်တဲ့ အချိန်ကစလို့ ကျမအနေနဲ့ ဒီဥပဒေ ကြောင်းတွေကို လေ့လာဖို့ကလွဲပြီး တခြား
ရွေးချယ်စရာ မရှိတော့ဘူးလို့ ဆိုပါတယ်။

လိင်လုပ်သားတွေအပေါ်
ရဲတွေရဲ့ နှိပ်ကွပ်မှု အမျိုးမျိုးကို ဟန့်တားနိုင်ခဲ့တဲ့ သူ့ရဲ့ဆောင်ရွက်ချက် အောင်မြင်လို့
သူက ဂုဏ်ယူပါတယ်။ ထိုင်းမှာ လိင်လုပ်သားတွေ လမ်းပေါ်လျောက်သွားပြီး ဖေါက်သည် ရှာတာကို
တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ဒါကြောင့် သူတို့ဟာ ရုပ်ဖျက်ထားတဲ့ ရဲအရာရှိနဲ့
လမ်းမှာတွေပြီး စကားပြောဆို ညှိနှိုင်းပြီးတာနဲ့ တစ်ပြိုင်နက် အဖမ်းခံရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တကယ့် အဖြစ်မှန်ကတော့ ဒီလိုပါ။ ရဲအရာရှိတွေဟာ သူတို့နဲ့ ပျော်ပါးပြီးမှသာ ဖမ်းသွားလေ့ရှိပါတယ်။

သူတို့က
အဝတ်အစားတွေကို ပြန်ဝတ်ဖို့ ပြင်ဆင်တဲ့အခါ ရဲတွေက အဝတ်တွေကို အဝေးဖယ်ပစ်ပြီး မိမွေးတိုင်း
ဖမွေးတိုင်း ဖြစ်နေတဲ့ သူတို့ပုံတွေကို သက်သေအဖြစ် ဓါတ်ပုံရိုက်ယူသွားပါတယ်လို့ ဘို
ကပြောပါတယ်။ သူကဆက်ပြောတာက အဲဒီလို အဖြစ်မျိုး ကြုံလာရတဲ့ လိင်လုပ်သား အများစုဟာ အခြားတိုင်းပြည်က
လာကြသူတွေဖြစ်ပြီး ဥပဒေကြောင်းဆိုတာကို နားမလည်သူတွေ ဖြစ်ပါတယ်တဲ့။ သူတို့ဟာ အခကြေးငွေ
မရရုံတင်မကဘူး အဖမ်းတောင် ခံကြရသေးတယ်။

ရဲဘက်ဆိုင်ရာ  တာဝန်ရှိသူတွေနဲ့ အကြိမ်ပေါင်း အခါပေါင်းများစွာ
တွေ့ဆုံဆွေးနွေးပြီး စေ့ဆော် ညှိနှိုင်းပြီးတဲ့အခါမှာတော့ အခမဲ့ ပျော်ပါးမှုအတွက် ပျားတုပ်သလို
လိုက်တုပ်နေကြတဲ့ ရဲတွေရဲ့ အပြုမမူဟာ ရပ်တန့်သွားခဲ့ပါပြီလို့ သူက ပြောပါတယ်။

အခုတော့
ဘို ဟာ ဂိုဂိုဘားတွေကို ဖျော်ဖြေရေားစည်းမျဉ်းအောက်မှာ တရားဝင် ဖျော်ဖြေရေး လုပ်ငန်း
ဖြစ်ဖို့ မှတ်ပုံတင်ခွင့်ပေးဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေပါတယ်။ ဒါဟာ လိင်လုပ်သားတွေရဲ့
အခွင့်အရေးနဲ့ လူမှုဘဝ လုံခြုံရေး အတွက် အကျိုးရှိစေမှာဖြစ်တယ်။ ထို့အတူ အခြား လုပ်ငန်းတွေက
လုပ်သားတွေလို ဘတ် ၃၀ (သက်သာ) ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေဖို့လည်း ပါဝင်ပါတယ်။

ဂိုဂို
ဘားတွေဟာ အစိုးရရဲ့ ဖျော်ဖြေ မှုဌာနကို သတ်မှတ်တဲ့ အချက်တွေနဲ့ ကိုက်ညီနေတာပဲ။ ဥပမာ
အနေနဲ့ပြောရရင် သတ်မှတ်ထားတဲ့ လစာရယ် အလုပ်ခွင်မှာ ဆင့်သတ်မှတ်ထားတာရယ် ရှိတယ်။ ပြီးတော့
တိကျတဲ့ အလုပ်ချိန်ရှိတယ်။ ဒီဘားတွေ ဘာကြောင့် တရားဝင် ဖျော်ဖြေရေး အလုပ်ခွင် အဖြစ်မှတ်ပုံတင်ခွင့်
မရှိရမှာလဲလို့ သူက မေးခွန်းထုတ်ပါတယ်။

အခြားသော
လိင်လုပ်သားတွေနဲ့ အတူတူပါပဲ ဘို ဟာ လိင်လုပ်သားတွေ သူတို့ကိုယ်သူတို့ တရားဝင် မှတ်ပုံတင်တာကို
ဆန့်ကျင်ပါတယ်။ ဒီလို မှတ်ပုံတင်လိုက်ခြင်းအားဖြင့် သူတို့ဟာ သူတို့ရဲ့ အသက်မွေး ဝမ်းကျောင်း
အလုပ်ကိုပြောင်းခဲ့စေဦးတော့ ကျန်တဲ့ ဘဝတလျောက်လုံးမှာ အရိပ်မည်း ကနောက်ကလိုက်ပြီး
ခြောက်လှန့်နေဦးမှာပါ။

ဒါပေမဲ့
လိင်လုပ်သားတွေရဲ့ အလုပ်သမား အခွင့်အရေးရရှိဖို့ ဆောင်းဆိုချက်ကတော့ မပြည့်ဝသေးပါဘူး။
အကြောင်းကတော့ လူ့ အသိုင်းအဝိုင်က သူတို့ရဲ့ လိုအပ်ချက်တွေ သူတို့ရဲ့ စကားသံတွေကို
အရေးယူ ဂရုစိုက်တာတွေ မရှိသေးလို့ပါပဲလို့ ပြောပါတယ်။

လိင်လုပ်သားတွေနဲ့
ပတ်သက်တဲ့ အစည်းအဝေးတိုင်းမှာ ကျမဟာ ကျမရဲ့ ထင်မြင်ချက်တွေကို ပြောဖို့ မမြဲတမ်းရှေ့က
ရှိခဲ့ပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ကျမကို ပြောခွင့်မပေးကြပါဘူး။ ကျမတို့ဟာ အမြဲတမ်း
အကြည့်ရှန်းတာ ခံကြရတာပါပဲ။

လိင်လုပ်သားတွေဟာ
မကြာခဏ မေ့လျော့ ကျော်လွှားတာ ခံကြရရုံတင်မကပါဘူး။ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အသုံးချတာလည်း
ခံကြရပါတယ်။ အခြား လုပ်ငန်းခွင်တွေက လုပ်သားတွေနဲ့ မတူတာကတော့ သူတို့ဟာ တစ်လကို လေးရက်
အားလပ်ရက်ရကြပေမဲ့ လိင်လုပ်သားတွေက တစ်လကို နှစ်ရက်ပဲ အားလပ်ရက်ရကြတယ်။ ဒါ့အပြင် ဒီအားလပ်ရက်
၂ ရက်ဟာလည်း ဖေါက်သည် ကျတဲ့ သောကြာနေ့နဲ့ စနေနေ့တွေမှာ မဟုတ်ပြန်ပါဘူး။ ထို့အတူ အခါကြီး
ရက်ကြီး ပွဲတော်ရက်တွေမှာလည်း  အနားမရကြပါဘူး။
ည ၈ နာရီ ကျော်ပြီးမှ အလုပ်ထဲ ရောက်လာရင်လည်း အလုပ်လုပ်ခွင့် မပြုပြန်ဘူး။ ဒါတင်မက
ဖေါက်သည် ၆ ယောက်ကနေ ၈ ယောက် ထက်လျော့ပြီး လိုက်ရရင်လည်း လစာ အဖြတ်ခံရပါတယ်။

ဘာမှာ
အလုပ်လုပ်တာ အတော်ကြာပြီးတဲ့အခါ ဘို ဟာ မားမားစံ ဆိုတဲ့ အဆင့်ကို တိုးမြှင့်ပေးတာ ခံရတယ်။
မားမားစံဆိုတာ နောက်ပေါက် ဂိုဂို  ကချေသည်လေးတွေကို
ထိန်းသိမ်း စောင့်ရှောက်ပေး ရပြီး ဆိုင်ရဲ့ စည်းကမ်းတွေကိုလိုက်နာကြအောင် ကြပ်မှတ်ပေးရေတာပါပဲ။
ဘို ဟာ မားမားစံ ဖြစ်လာတဲ့အခါ ဂိုဂို အကတွေ မကရတော့သလို ဖေါာက်သည်နဲ့ လိုက်ရတဲ့ အလုပ်တွေကိုလည်း
မလုပ်ရတော့ပါဘူး။ ဆိုလိုတာကတော့ သူ့ရဲ့ ဝင်ငွေ အရနည်းလာပါတယ်။

ဒါနဲ့နောက်ဆုံးတော့
ဘိုဟာ ဆိုင်ကနေ ထွက်ခဲ့ပြီး သူ့ဘာသာ ပင်တိုင် တကိုယ်တော် လိုက်ပြီါ် ချွန်ပူရီ ခရိုင်က
စီရာချာ ဆိပ်ကမ်းနဲ့ ဆီချမ်း ကျွန်းက နိုင်ငံခြား သင်္ဘောသားတွေဆီမှာ ဝန်ဆောင်မှု ပေးပါတယ်။
ခုတော့သူဟာ ပိုက်ဆံရဖို့ ဖေါက်သည်တွေ သူ့အနား ကပ်လာတာကို စောင့်စရာမလို တော့ပါဘူး။
အဲဒီအစား သင်္ဘော ကမ်းကပ်ကျောက်ချတဲ့အခါ လိင်လုပ်သားတွေဟာ လှေငယ်လေးတွေနဲ့ သင်္ဘောရှိရာကို
ချဉ်းကပ်ပြီး ကမ်းလှမ်းကြပါတယ်။ သူတို့အပြောအရဆိုရင် လူ ၂၀ ၊ ၃၀ လောက်ပါတဲ့ သင်္ဘော တစ်စီးမှာ
လိင်လုပ်သား ၁၀ ယောက်လောက် အလုပ်ဖြစ်ကြတယ်။ အဲဒီ ကုန်တင် သင်္ဘောတွေဟာ ဂရိသို့မဟုတ် တူရကီက
လာကြတာများပြီး ကမ်းက ပြန်မခွာခင် တစ်နီးပါး နေလေ့ရှိကြတယ်။

ဒီတစ်လုံးမှာ
သူဟာ သင်္ဘောပေါ်အိပ် သင်္ဘောပေါ်စားပဲ။ စီရာချာမှာ သူ့စားဝတ်နေရေးအတွက် လှုပ်ရှားရတဲ့အပြင်
လိင်လုပ်သားတွေ အန္တရာယ် မရှိတဲ့ လိင်ဆက်ဆံမှု ပြုလုပ်ကြဖို့ လှုံ့ဆော်ပေးတယ်။ အနီး အနား
ပတ်ဝန်းကျင်က ရွာသူရွာသားတွေက သူ့အလုပ်နဲ့ ပတ်သက်လို့ ပိုပြီး နားလည်မှုရှိအောင် စေ့ဆောင်ပေးတယ်။

ဘို
ပြောတာကတော့ သင်္ဘောပေါ် တက်လာတဲ့ လိင်လုပ်သားတွေဟာ ထိုင်းနိုင်ငံ အနှံ့အပြားက လာကြတာဖြစ်ပြီး
အများစုက သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ သူတို့ရဲ့
ဘတ် ၃၀ ကျန်းမာရေး စောင့်ရှောက်မှု ကဒ် ကို သုံးပြီး ကွန်ဒုံး အခမဲ့ရနိုင်တယ်ဆိုတာတော့
မသိကြဘူး။

သင်္ဘောပေါ်
ရောက်လာတဲ့ လိင် လုပ်သားတွေဟာ ကွန်ဒုံးကို ဈေးတင်တတ်ကြပြီး နင်မှာ မရှိရင် ငါ့မှာရှိတာ
မျှသုံး ဆိုတာမျိုးတွေလည်း မရှိကြဘူးလို့ သူကပြောပါတယ်။ ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဒ်
ရှိရင် ကွန်ဒုံး အထုပ်ရေ ၁၀၀ ပါတဲ့ အထုပ်ကြီးရနိုင်တယ်လေ။ ဒါဆိုရင် သင်္ဘေပေါ်မှာ တစ်လတာ
သုံးပါလေ။

သင်္ဘော
ကမ်းက ခွာပြီးတဲ့နောက် သူဟာ ဘန်ကောက်က သူ့သမီးလေးတွေဆီ ပြန်လာပြီး Empower ရဲ့ လုပ်ငန်းတွေကို
ဆက်လုပ်ပေးတယ်။ အချိန်ရောက်လာပြီ ဆိုရင်တော့ သူဟာ သင်္ဘောကပ်ရာ ကျွန်းကိုပြန်သွားတယ်။

ဒီအဖြစ်ဟာ
ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ သံသရာကြီးပဲလို့ ထင်ရပေမဲ့ ဘို ကတော့ တစ်သက်တာလုံး ဒီအလုပ်ပဲ
လုပ်သွားဖို့ အစီအစဉ်မရှိဘူးလို့ ပြေပါတယ်။ ခန္ဓာကိုယ်မှာ အရေးအကြောင်းတွေ ပေါ်လာပြီ
ဆိုရင် ဖေါက်သည်တွေက် ဆက်ဆံချင်ကြတော့မှာ မဟုတ်ဘူး။ သူက သဘာဝကျကျ ပြောပြပါတယ်။ ဒီအလုပ်လုပ်ရမယ်ဆိုတာ
အခုထိ သူမသိသေးပါဘူး။

Empower
မှာ အလုပ်လုပ်တာဟာ သူနဲ့ အသက်မွေးဝမ်းကျောင်း တူသူတွေအတွက် သူတတ်စွမ်းသရွေ့ ကူညီ ဆောင်ရွက်ပေးတာသာဖြစ်ပြီး
အဲဒီကနေ ရတဲ့ ဝင်ငွေကတော့ သူ့ဘဝ ရပ်တည်ဖို့ မလုံလောက်ပါဘူး။ သူမျှော်လင့်တာကတော့ သူ့အသက်
၁၉နှစ်မှာ ကြုံရသလို မိန်းကလေးငယ်တွေ မကြုံစေချင်ဘူးလေ။ ဒါ့အပြင် သူတို့ အသက်ကြီးလာတဲ့အခါ
သူတို့ အနာဂတ်တွေ ဘယ်လိုရှိမလဲဆိုတာ တွေးပူပါတယ်။ အကယ်၍များ အစိုးရက အမျိုးသမီးတွေကို
အရည်အချင်း ပြည့်ဝအောင်နဲ့ လိင်လုပ်ငန်းရဲ့ ပြင်ပထွက်လာနိုင်အောင် အလေးအနက် ဆောင်ရွက်မှုတွေ
ရှိလာမယ်ဆိုရင် ဒါမှမဟုတ် ဒီလုပ်ငန်းကို ပထမ ဦးစားပေးအနေနဲ့ လုပ်ဖို့ တားဆီး ကာကွယ်ပေးလာမယ်ဆိုရင်တော့
(အတိုင်းထက် အလွန်ပေါ့လေ)။

အကယ်၍များ
အစိုးရက အမျိုးသမီးတွေကို လိင်လုပ်ငန်း မလုပ်စေချင်ဘူးဆိုရင် သူတို့အတွက် အမှန်တကယ်ဖြစ်နိုင်တဲ့
လက်တွေ့ဆန်တဲ့ ရွေးချယ်စရာလမ်းတွေ ကမ်းလှမ်းပေးရမယ်။ ဒါမှသာ သူတို့ဟာ သူတို့ မိသားစုတွေကို
ဆက်ပြီး ထောက်ပံ့ပေးနိုင်မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

အရေးကြီးဆုံးလို့
သူပြောလာတာကတော့ အစိုးရနဲ့ သူ့အသိုက်အဝန်းဟာ ကျမတို့ လိုအပ်ချက်တွေနဲ့ ကျမတို့ အသံကို
နားထောင်ရပါမယ်။ လေ့လာရပါတယ်တဲ့။ ဒါမှ မဟုတ်လို့ရှိရင် လိင်လုပ်သားတွေကို ကူညီဖို့
ဦးတည်ထားတဲ့ အကောင်းဆုံးသော ရယ်ရွယ်ချက်တွေတောင်မှ ဘာမှ အောင်အောင်မြင်မြင် ဖြစ်လာမှာ
မဟုတ်ဘူးလို့ ပြောသွားပါတယ်။

“အေးမြချမ်း - ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ အခက်အခဲ အမျိုးမျိုးကြောင့် စာရေးသူထံမှ ခွင့်ပြုချက်ရယူခြင်း မရှိပဲ ကူးယူဖေါ်ပြသည်ကို နားလည် ပေးစေလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top