NGO အဖွဲ့တချို့ရဲ့လုပ်ရပ်တချို့ကို လုံးထွားတင်ပြချင်နေတာကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့.. လုံးထွားကိုယ်တိုင်က NGO အဖွဲ့ အစည်းများမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးလို့ပါ။ NGO အဖွဲ့အစည်းများအကြောင်း မတင်ပြမီမှာ NGO ဆိုတာ ဘာလဲလို့ မသိသေးသူတွေ သိအောင် လူတတ်ကြီးလုပ်ပြီး အရင် ပြောပါရစေ။ NGO ရဲ့အရှည်က Non Governmental Organization ပါ။ ဗမာလိုတော့ အစိုးရမဟုတ်သောအဖွဲ့အစည်းလို့ ဘာသာပြန်ကြပါ တယ်။ အစိုးရမဟုတ်သောအဖွဲ့အစည်းဆိုတဲ့အတိုင်း NGO အဖွဲ့များဟာ အစိုးရက ဖွဲ့စည်းထားခြင်းမဟုတ်ပါ။
အစိုးရရဲ့ ထောက်ပံ့ ငွေနဲ့ လုပ်ငန်းလည်ပတ်နေခြင်းလည်း မဟုတ်ပါ။ လုပ်တဲ့အလုပ်တွေကလည်း လူမှုရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေး လုပ်ငန်း၊ ထောက်ပံ့ရေး လုပ်ငန်းတွေလုပ်ကြပါတယ်။ NGO အဖွဲ့ဆိုရာမှာ ပြည်တွင်း အန်ဂျီအိုတွေရှိသလို၊ ပြည်ပက လာလုပ်တဲ့ အန်ဂျီအိုတွေလည်း ရှိပါတယ်။ ပြည်တွင်းအန်ဂျီအို ဆိုတာကတော့ အများမြင်သာအောင် ပြောရရင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအသင်း ဆိုတာမျိုးတွေ ပါ။ Local NGO တစ်နည်း… LNGO လို့ ခေါ်ကြပါတယ်။လုံးထွားယခုတင်ပြချင်တာကတော့ ပြည်ပက လာလုပ်တဲ့ NGO အဖွဲ့များအကြောင်းပါ။ အဲဒီ NGO တွေကိုတော့ International NGO တစ်နည်းအားဖြင့်.. INGO လို့ ခေါ်ပါတယ်။
INGO များဟာ နိုင်ငံခြားက လှူဒါန်းတဲ့ (သို့မဟုတ်) ထောက်ပံ့တဲ့ ရံပုံငွေများနဲ့ လည်ပတ်ပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်ဖို့ကို မြန်မာအစိုးရနဲ့ နားလည်မှုစာချွန်လွှာ (Memorandum of Understanding) MoU ချုပ်ဆိုပြီး လုပ်ကိုင်ရပါတယ်။
ဆိုခဲ့တဲ့အတိုင်း… INGOအဖွဲ့များရဲ့ လည်ပတ်ဖို့ ရံပုံငွေဟာ နိုင်ငံခြားက ရတာပါ။ နိုင်ငံခြားက အလှူရှင်သူဋ္ဌေးကြီးတွေရဲ့ တစ် ယောက်ချင်းအလှူငွေ (သို့မဟုတ်) အဖွဲ့အစည်း များရဲ့အလှူငွေများနဲ့ လည်ပတ်ပါတယ်။ INGO အဖွဲ့တွေ ဘာတွေလုပ်သလဲ။ တချို့အဖွဲ့တွေက ထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ပါတယ်။ (အသေးစားချေးငွေထုတ်ချေးခြင်း၊ နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝ ဘေးဒဏ်ခံရ သူများအား ထောက်ပံ့ခြင်း) တချို့အဖွဲ့တွေက ပညာရေးလုပ်ငန်းတွေ လုပ်ပါတယ်။ (ဆင်းရဲ့ချို့တဲ့သော မိသားစုများထဲက ကလေးများကို ကျောင်းထားပေးခြင်း၊ ကျောင်းအဆောက် အဦးများ ဆောက်လုပ်လှူဒါန်းခြင်း) တချို့အဖွဲ့တွေက လူမှုရေးလုပ်ငန်းတွေ လုပ်ပါတယ်။
(ကြက်ခြေနီကဲ့သို့အဖွဲ့မျိုး၊ အကျဉ်းသားများအား မိသားစုများနှင့် ဆက်သွယ်ပေးခြင်း) အများဆုံးလုပ်တဲ့လုပ်ငန်းကတော့…. ကျန်းမာရေးလုပ်ငန်းတွေဖြစ်ပါတယ်။ ဒီနေရာမှာ တချို့အဖွဲ့အစည်းများက… လုပ်ငန်းတစ်မျိုးတည်း မဟုတ်ပဲ၊ လုပ်ငန်းပေါင်းများစွာကို သူ့ကဏ္ဍနဲ့သူ ခွဲခြားလုပ်ကိုင်ကြ တာတွေလည်း ရှိပါတယ်။ (ဥပမာ)- World Visionအဖွဲ့ဆိုရင် ပညာရေး၊ ထောက်ပံ့ရေး၊ ကျန်းမာရေးလုပ်ငန်းများ အစုံလုပ်ပါ တယ်။
INGO အဖွဲ့များရဲ့သဘောသဘာဝကို ယခုလောက်သာ ယေဘူယျသဘော တင်ပြပြီး လုံးထွား အဓိက ပြောချင်တဲ့ အကြောင်းအ ရာကို ဆက်ပါရစေ။ အထက်မှာ တင်ပြခဲ့သလို.. INGO အဖွဲ့များရဲ့ ရံပုံငွေဟာ နိုင်ငံခြားက အလှူရှင်များရဲ့ အလှူငွေများဖြစ်ပါတယ်။ တခြားနိုင်ငံက စေတနာရှင်များက မြန်မာနိုင်ငံမှာ လူမှုရေး၊ ကျန်းမာရေးတွေလုပ်ဖို့ တကူး တကလာရောက်ကြတယ်၊ အလှူငွေ တွေ ပေးကြတယ်။ သူတို့လုပ်ချင်တဲ့လုပ်ငန်းများကို အကောင်အထည်ဖော်ပေးသူများ ကတော့… မြန်မာနိုင်ငံသားများသာဖြစ်ပါတယ်။
အဲဒီတော့… နိုင်ငံခြားအလှူရှင်တွေရဲ့ကျေးဇူးကြောင့် မြန်မာပြည်သူပြည်သားတွေ အမျိုးမျိုးသော အထောက်အပံ့ရသလို လုံးထွားတို့ မြန်မာနိုင်ငံသားတွေလည်း NGO အဖွဲ့များမှာ အလုပ်အကိုင်တွေ ရကြတာပေါ့နော်။
နိုင်ငံခြားက စေတနာရှင် အလှူရှင်ကြီးများကို ကျေးဇူးတင်စရာပါပဲ။ ဟုတ်ကဲ့… လုံးထွားတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကရော… မိမိကိုပေးလာတဲ့ ငွေကြေးနဲ့ လုပ်ပိုင်ခွင့်ကို စေတနာပါပါ၊ စံနစ်တကျ နဲ့ ပြည်သူလူထုအကျိုးရှိအောင် ဆောင်ရွက်ပေးကြပါရဲ့လား။ ဆန်းစစ်ကြည့်ကြပါစို့။
NGO အဖွဲ့များမှာ လုံးထွား တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အချိန်က အဖွဲ့ရံပုံငွေတွေကို အလွဲသုံးစားလုပ်ခြင်း၊ အဖွဲ့ပိုင်ပစ္စည်းများကို မိမိ ပိုင်ပစ္စည်းကဲ့သို့ အလွဲသုံးခြင်းတွေကြောင့် အရေးယူရတာမျိုးတွေကို ကြုံဖူးပါတယ်။ INGO အဖွဲ့တစ်ခုမှာဆိုရင် လူထုကြားဝေငှဖို့ ပေးထားတဲ့ ကွန်ဒုံးများကို ပုံးလိုက်ရောင်းစားတဲ့အတွက် အပြစ်ပေးအရေးယူတာမျိုး၊ လူထုအတွင်း အခမဲ့ဖြန့်ဝေဖို့ထားတဲ့ ဆေးဝါး များကို ငွေကြေးနဲ့ရောင်းစားလို့ အရေးယူရတာမျိုး၊ ဟောပြောပွဲပြုလုပ်ရာမှာ တက်ရောက်လာသူများကိုဝေငှဖို့လက်ဆောင်ပစ္စည်း များကို လျှော့ဝေပြီး ပိုငွေကို ကိုယ်ကျိုးသုံးစွဲပစ်တာမျိုး… အမျိုးမျိုးပဲ ကြုံတွေ့ကြားသိခဲ့ရပါတယ်။
တကယ်တော့… နိုင်ငံရပ်ခြားက အလှူရှင်တွေ က မြန်မာနိုင်ငံသားများ အကျိုး အတွက် ပေးလှူထားတဲ့ ငွေကြေးနဲ့ပစ္စည်းများကို… ဗုဒ္ဓဘာသာထွန်း ကားတဲ့ မြန်မာနိုင်ငံက နိုင်ငံသားတွေက ဒီလို အလွဲသုံးစားပြုလုပ်ပစ်တာ ဟာ တွေးကြည့်ရင် ရှက်စရာအလွန် ကောင်းလှပါတယ်။ ဒါတွေကို… လုံးထွား စာတစ်စောင်ပေတစ်ဖွဲ့ ရေးပြချင်နေတာ ကြာပါပြီ။ ဘယ်နေရာမှာ ရေးရမှန်းမသိ။ ဘယ်ကိုပို့ရမှန်းမသိလို့ ရင် ထဲမှာပဲ မြိုသိပ်ထားခဲ့တာပါ။ ခုတော့… လုံးထွားရဲ့ ရေးချင်စိတ်ကို မျိုးမျိုးဆိုတဲ့ INGO ၀န်ထမ်းတစ်ယောက်က သူ့အကြောင်းကို ရင်ဖွင့်ရင်း ဆွပေးလိုက်လို့ ရေးဖြစ်လိုက်ပါပြီ။
မျိုးမျိုးဆိုတာ လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက လုံးထွားနဲ့ရင်းနှီးခဲ့တဲ့ Gay (မိန်းမလျာ) တစ်ယောက်ပါ။ မျိုးမျိုးက မိတ်ကပ် ဆံပင် အလှပြင်လုပ်ငန်းလုပ်တဲ့ အလှဖန်တီးရှင် တစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး အလှပြင်လုပ်ငန်း လုပ်ကိုင်အောင်မြင်နေ သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကောလင်းမြို့ဇာတိဖြစ်တာကြောင့် သူ့ရဲ့ လုပ်ငန်းနာမည်ကို ကောလင်း-မျိုးမျိုး လို့ ခံယူ ထားပါတယ်။ မျိုးမျိုးဟာ INGOအဖွဲ့တစ်ခုမှာ Peer Educator အဖြစ် တာဝန်ထမ်းဆောင်နေ သူဖြစ်ပါတယ်။ မျိုးမျိုး တာဝန် ထမ်းဆောင်တဲ့ အဖွဲ့ အမည်ကတော့ Lights အဖွဲ့ဖြစ်ပါတယ်။ဒီနေရာမှာ.. မသိသေးသူများအတွက် အထက်အပိုဒ်မှာဖော်ပြခဲ့တဲ့ အသုံးအနှုန်းများနဲ့ လုပ်ငန်းသဘောသဘာဝများကို နည်းနည်း ရှင်းပြမှ သဘောပေါက်နိုင်မှာဖြစ်ပါတယ်။
INGO အဖွဲ့များက လုပ်ငန်းအမျိုးမျိုး ဆောင်ရွက်တဲ့နေရာမှာ ဦးတည်အုပ်စု (Target Group) ရယ်လို့ ထားရှိဆောင်ရွက်လေ့ရှိပါ တယ်။ ဥပမာ- သားဆက်ခြားလုပ်ငန်းအတွက် ဦးတည်အုပ်စုက အိမ်ထောင်ရှိ အမျိုးသမီးများဖြစ်ပြီး၊ ဆယ်ကျော်သက် ကျန်းမာ ရေးစောင့်ရှောက်မှုအတွက် ဦးတည်အုပ်စုကတော့ အသက်၁၂နှစ်မှ ၁၉နှစ်အတွင်း လူငယ်များလို့ သတ်မှတ်ထားခြင်းမျိုးဖြစ်ပါ တယ်။
INGO များဟာ မိမိဦးတည်ချက်ထားတဲ့ အုပ်စုများဆီကို အတွင်းကျကျသွားရောက်ပြီး ပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီလို ဦးတည် အုပ်စုများအတွင်းကို သွားရောက်စေတဲ့အခါ ၀င်ထွက်ရ လွယ်ကူအောင်၊ ရင်းနှီးမှုအ လွယ် တကူရရှိအောင် သဘောသဘာဝချင်းတူညီတဲ့ လူတန်းစားများကို စေလွှတ်ပြီး စည်းရုံးစေလေ့ရှိပါတယ်။
ဥပမာ- ကာလသားရောဂါကုသရေးအတွက် ပြည့်တန်ဆာအိမ်များကိုသွားရောက်ပြီး ပြည့်တန်ဆာများကို စည်းရုံးဖို့လိုတဲ့အခါမှာ တကယ့်ပြည့်တန်ဆာတစ်ဦးကို အလုပ်ခန့်အပ်၊ လိုအပ်တဲ့သင်တန်းေ တွပေးပြီး ပညာပေးသူအဖြစ် တာဝန်ပေးကာ ပြည့်တန်ဆာ အချင်းချင်း စည်းရုံးခိုင်းတာမျိုးပါပဲ။ လုပ်ငန်းလွယ်ကူထိရောက်အောင် လုပ်တဲ့နည်းပါ။ ဒါကြောင့်- INGO များမှာ ပြည့်တန်ဆာတွေ၊ မိန်းမလျာတွေ၊ ပြည်တန်ဆာခေါင်းတွေ ရာထူးအမည်အမျိုးမျိုးနဲ့ အလုပ်အကိုင်များ ရရှိနေ တာဖြစ်ပါတယ်။
အဲဒီလို လူမျိုးကို Peer Educator လို့ ခေါ်ပါတယ်။ Peer ဆိုတာ `လုပ်ငန်းသဘောသဘာဝ တူညီသူအချင်းချင်း´လို့ အဓိပ္ပါယ်ရပါ တယ်။ မျိုးမျိုး တာဝန်ထမ်းဆောင်တဲ့ Lights အဖွဲ့ဟာ HIV/AIDS ကာကွယ်ရေးနဲ့ ပပျောက်ရေး လုပ်ငန်းကို လုပ်ဆောင်နေတဲ့ အဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။ Lights အဖွဲ့ရဲ့ ဦးတည် အုပ်စု ကတော့ Gay မိန်းမလျာ(လိင်တူဆက်ဆံသူများ)ဖြစ်ပါတယ်။ Lights အဖွဲ့ဟာ လိင်တူဆက်ဆံသူများကို HIV ပိုး မကူးစက်အောင် ပညာပေးခြင်းနဲ့ ကာကွယ်စောင့်ရှောက်မှုပေးတဲ့အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။
အထက်မှာ ဆိုခဲ့သလို ဦးတည်အုပ်စုဖြစ်တဲ့ မိန်းမလျာများကို စည်းရုံးလှုံ့ဆော်ရမှာမို့ Lights အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ Peer Educator (အတိုကောက် PE) များဟာ အားလုံး မိန်းမလျာများချည်းဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Project Manager ၊ လက်ထောက် Project Manager များကိုလည်း မိန်းမလျာများကိုပဲ တာဝန်ပေးထားပါတယ်။ မျိုးမျိုးဟာ Lights အဖွဲ့မှာ PEတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပါတယ်။ မျိုးမျိုးကဲ့သို့ PE များ (၉)ယောက် တာဝန်ထမ်းဆောင်နေ ကြပါတယ်။
Lights အဖွဲ့က PE များရဲ့ တာဝန်ဝတ္တရားများကတော့… ဘ၀တူ မိန်းမလျာများအား လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးသုံးရန် ပညာ ပေးခြင်း၊ စံနစ်တကျကွန်ဒုံးသုံးနည်းအား သင်ကြားပြသပေးခြင်း၊ ကွန်ဒုံးနှင့်ဂျယ်များ ဖြန့်ဝေပေးခြင်း၊ HIV ပိုးရှိ/မရှိ သွေးစစ်ရာတွင် ကူညီပို့ဆောင်ပေးခြင်း၊ အခါအားလျော်စွာ ကျင်းပသည့် သင်တန်းနှင့်ပျော်ပွဲရွှင်ပွဲများတွင် ဘ၀တူမိန်းမလျာများတက်ရောက်ရန် ဖိတ်ကြားပေးခြင်းနှင့်အဖွဲ့ရုံးသို့အရောက် ခေါ်ဆောင်ပေးခြင်း… စသည်တို့ပဲဖြစ်ပါတယ်။
Lights အဖွဲ့က PE များဟာ မိမိတို့နေထိုင်ရာ အပိုင်းအလိုက် တာဝန်ယူရပါတယ်။ မိမိတာဝန် ရှိတဲ့အပိုင်းထဲက မိန်းမလျာများစာရင်း လိင်တူဆက်ဆံသူများစာရင်းတို့ကို ပြုစုထားရပါတယ်။ မိမိအပိုင်းက စာရင်းဝင်သူများကို အချိန်မှန် သွားရောက်တွေ့ဆုံရပါတယ်။ ကွန်ဒုံးတွေ ဂျယ်တွေ ဝေရပါတယ်။ သွေးစစ်ခံဖို့ စည်းရုံးရပါတယ်။
INGO အဖွဲ့များရဲ့ထုံးစံအရ.. ပစ္စည်းများကို အခမဲ့ဝေငှပေးရုံမကပါ ဘူး။ သွေးစစ်ခံဖို့လာရောက် ရင် သွေးစစ်မယ့်နေရာဋ္ဌာနအထိ သွားရောက်နိုင်ဖို့အတွက် လမ်းစရိတ်ကိုလည်း ထုတ်ပေး ပါသေးတယ်။ သွေးစစ်ခံသူတစ်ဦးကို ၃၀၀၀/ကျပ် ထုတ်ပေးတာပါ။
မျိုးမျိုးတို့ PE များဟာ ရပ်ကွက်ထဲမှာ အဲဒီလို သွားလာလှုပ်ရှားစည်းရုံးရတာမို့ ၀န်ထမ်း များကဲ့သို့ အဖွဲ့ရုံးကို ရုံးတက်သလို နေ့စဉ် သွားရောက်နေဖို့မလိုပါဘူး၊ PE များဟာ မိမိရဲ့ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလည်း ရှိကြတာမို့ ရုံးကို နေ့စဉ်လည်း မတက်ရောက်နိုင်ပါဘူး။ PE တစ်ယောက်ဟာ တစ်ပတ်(ရုံးဖွင့်ရက် ငါးရက်)မှာ သုံးရက်တော့ Lights အဖွဲ့အတွက် အချိန်ပေးရပါ တယ်။ တစ်ရက်က မန္တလေးပြည်သူ့ဆေးရုံကြီး ၀င်းအတွင်းမှာရှိတဲ့ NAP (National AIDS Program) ရုံးကို သွားရောက်ရပါတယ်။ အဲဒါ ကတော့… အိပ်ခ်ျအိုင်ဗီပိုးရှိမရှိ သွေးစစ်ရာမှာ NAP ရုံးကသာ စစ်ပေးနိုင်တဲ့အတွက် မိမိချိန်းဆိုထားသောသူများ သွေးစစ်ရန် လာရောက်တဲ့အခါ ကူညီပေးနိုင်ရန် NAP ရုံးမှ စောင့်ဆိုင်းကူညီပေးဖို့ဖြစ်ပါတယ်။ နံနက်၉နာရီခွဲမှ နေ့လည်၁၂နာရီလောက်အထိ NAPရုံးမှာ နေပေးရပါတယ်။
နောက်တစ်ရက်ကိုတော့ Lights အဖွဲ့ရုံးမှာ ရုံးတက်ပေးရပါတယ်။ ဒါလည်း ၉နာရီခွဲမှ ၁၂နာရီလောက်အထိပဲ ဖြစ်ပါတယ်။ အဲဒီ၂ရက်ကို PE (၉)ယောက်အား တစ်ပတ်လျှင် ၂ရက်နှုန်းနဲ့ အလှည့်ကျ သတ်မှတ်ပေး ထားပါတယ်။ အပတ်စဉ် သောကြာနေ့တိုင်းကိုတော့ အဖွဲ့ရုံးမှာ PE အားလုံးဆုံပြီး ရုံးတက်ရပါ တယ်။ သောကြာနေ့တိုင်း လိုအပ်ချက်များနဲ့ ရှေ့ လုပ်ငန်းစဉ်များအတွက် အစည်းအဝေး လုပ်ကြတာမို့ အဖွဲ့ဝင်အားလုံး သောကြာနေ့မှာ အဖွဲ့ရုံးမှာ စုစည်းရုံးတက်ရခြင်းဖြစ်ပါတယ်။ ဒါလည်း နေ့လည် ၁၂နာရီလောက် အထိပါပဲ၊ အစည်းအဝေးပြီးတာနဲ့ ပြန်နိုင်ပါတယ်။
အထက်ပါအတိုင်း သတ်မှတ်ထားတဲ့ တာဝန်ဝတ္တရားများနဲ့ ရုံးစည်းကမ်းများကို အတိ အကျလိုက်နာပါရဲ့လား၊ အလုပ်တာဝန်တွေ ကိုရော တိတိကျကျလုပ်ကြပါရဲ့လားဆိုတာ ကိုတော့…မျိုးမျိုးရဲ့ရင်ဖွင့်စကားများကို ဆက်ဖတ်ကြည့်ရင် သဘောပေါက်နိုင်ပါတယ်။ တစ်နေ့မှာ… မျိုးမျိုးက လုံးထွားကို ဖုန်းဆက်ခေါ်လို့ အလှပြင်ဆိုင်ဖွင့်ထားတဲ့ မျိုးမျိုး အိမ်ကိုရောက်သွားခဲ့ပါတယ်။တွေ့တွေ့ချင်း မျိုးမျိုးက ပြောပါတယ်။
`သူ Lights အဖွဲ့ကနေ ထွက်လိုက်ရပြီတဲ့၊ သူ့ကို အလုပ်ထုတ်ပစ်လိုက်ပြီတဲ့၊ သူ့ကို အလုပ်ထုတ်လိုက်သူကတော့ Lights အဖွဲ့ရဲ့ Project Manager ကိုမျိုးသန်း- ပါတဲ့´ မျိုးမျိုးက မျက်ရည်လေးတစမ်းစမ်းနဲ့ အဲဒီလိုပြောတော့ လုံးထွားလည်း စိတ်မကောင်းဖြစ်သွားရပါတယ်။`ဘယ်လိုဖြစ်ရတာလဲ မျိုးမျိုးရယ်´...`တို့ကို အလုပ်ချိန်မမှန်လို့ အစည်းအဝေးပွဲ ပုံမှန်မတက်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖြုတ်ပစ်လိုက် တာပဲ သူငယ်ချင်းရယ်´...`ဖြစ်ပုံကို ပြောပါဦး၊ မျိုးကရော… သူစွပ်စွဲသလို တာဝန်ဝတ္တရား မကျေပွန်လို့လား´....`တို့မှာ အလှပြင်ဆိုင်ကိုယ်ပိုင်လုပ်ငန်းကလည်း ရှိနေသေးတာ သူငယ်ချင်းအသိပဲ၊ အခုရာသီ က ၀ါကျွတ်ပြီဆိုတော့ မင်္ဂလာ ဆောင်ရာသီလေ၊ ဘွဲ့တွေလည်းပေးနေပြီဆိုတော့…
မင်္ဂလာေ ဆာင်မိတ်ကပ်၊ ဘွဲ့မိတ်ကပ်တွေနဲ့ မအားရဘူးသူငယ်ချင်း၊ ဒါပေ မယ့်… တို့ တာဝန်ကို လုံးဝပျက်ကွက်တာ မဟုတ်ပါဘူး၊ ရုံးနောက်ကျတာလောက်ပဲရှိပါတယ်၊ ဒါကိုလည်း နားလည်အောင်ပြောပြ ထားရက်နဲ့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုအရ တို့ကို ဖြုတ်ပစ်လိုက်တာပဲ သူငယ်ချင်း´....
`ပုဂ္ဂိုလ်ရေးမုန်းတီးလို့ ဖြုတ်တာလို့ ဘာလို့ပြောနိုင်ရတာလဲ၊ မျိုးဖက်ကလည်း အလုပ်ချိန်ပုံမှန် မရောက်နိုင်ဘူးဆိုတာ မျိုးကိုယ်တိုင် ၀န်ခံထားပြီလေ၊ သူ့ဖက်ကလည်း ခိုင်လုံတဲ့အကြောင်းပြ ချက်ရှိလို့ ဖြုတ်တာဖြစ်မှာပေါ့´....`သူငယ်ချင်းရယ်… ရုံးနောက်ကျတာ တို့တစ်ယောက်တည်း မဟုတ်ပါဘူး၊ တခြားလူတွေ လည်း နောက်ကျကြတာပါပဲ၊ တချို့ဆို လုံးဝမလာပဲ ပျက်ကွက်တာတွေတောင် ရှိပါတယ်၊ တခြားလူတွေကိုတော့ ဘာမှအရေးမယူပဲ တို့တစ်ယောက်တည်းကို ကွက်ပြီး ထွက်ခိုင်းတယ် ဆိုတော့.. ပုဂ္ဂိုလ်ရေးမုန်းတီးမှုပဲ မဟုတ်ဘူးလား သူငယ်ချင်း´....
`ထားပါတော့၊ ဒါပေမယ့်… ၀န်ထမ်းအခွင့်အရေးဆိုတာ ရှိသေးတယ်လေ မျိုးရဲ့၊ သူထွက် ခိုင်းတိုင်း ထွက်ရမှာလား၊ ကိုယ့်ဖက်က အကြောင်းပြစရာရှိရင် အကြောင်းပြပေါ့၊ ခုနပြောသလို တခြားသူတွေလည်း ပျက်ကွက်တယ်ဆိုတာကို နမူနာပြပြီး ထုချေပေါ့၊ သူ ထွက်ခိုင်းတိုင်း ထွက်စရာလား´
`သူက အပိုင်ချည်တာ သူငယ်ချင်း၊ တို့ပြောပြမယ်၊ တို့အဖွဲ့ကို ရံပုံငွေထုတ်ပေးနေတာက ရန်ကုန်က Alliance (အလိုင်းယင့်စ်) ဆိုတဲ့ အဖွဲ့ပဲ၊ Alliance က ဒီလ(ဇန်န၀ါရီလ)ထဲမှာ Lights အဖွဲ့အတွက် ရံပုံငွေအသစ် ထုတ်ပေးဖို့ရှိတယ်၊ အဲဒီအတွက် ရန်ကုန် ကို အစည်းအဝေးတက်ဖို့ ကိုမျိုးသန်းကိုခေါ်တယ်၊ ရံပုံငွေအသစ်ရဖို့ Project Manager တစ်ယောက် အနေနဲ့ ကိုမျိုးသန်းက MoU မှာ လက်မှတ်ထိုးရမယ်လေ၊ အဲဒီမှာ… Alliance က လူကြီးတွေကို သူက ဘယ်လိုတင်ပြသလဲဆိုတော့.. ဒီအဖွဲ့ထဲမှာ မျိုးမျိုးဆက် ရှိနေရင် MoU မှာ သူ လက်မှတ်မထိုးနိုင်ဘူးတဲ့။ မျိုးမျိုးကို အလုပ်ထုတ်ခွင့်ပေးဖို့ သူကတောင်းဆိုတယ်တဲ့´...`ဆိုးလှချည်လား၊ ဘယ်လိုအညှိုးမျိုးများရှိလို့လဲ မျိုးရယ်´...
`သက်သက်ရန်ညှိုးထားတာပါ၊ ရန်ညှိုးထားတာကလည်း အကြောင်းရှိတယ်သူငယ်ချင်း၊ သူ လုပ်တဲ့လုပ်ရပ်တွေကို တို့က အမြဲတမ်းဝေဖန်တယ်လေ၊ တို့အဖွဲ့မှာ Nutrition ပေးတဲ့ လုပ်ငန်း တစ်ခုရှိတယ်သူငယ်ချင်း၊ ရောဂါရှိသူတွေကို အဟာရထောက်ပံ့မှုပေးတာပဲ၊ ကိုမျိုးသန်းက Nutrition ပေးတဲ့နေရာမှာ သူကြည်ဖြူတဲ့လူ၊ သူ့ကို ဖားတဲ့သူတွေကိုပဲ ပေးတယ်၊ တကယ် သေလုမတတ် နာမကျန်းဖြစ်နေပေမယ့် အဲဒီလူကို သူမကြည်ဖြူရင်မပေးဘူး၊ သူ့ကို လက်ဆောင်ပစ္စည်းပေးတဲ့လူ၊ထမင်းဖိတ်ကျွေးတဲ့လူမျိုးကို တော့ ရောဂါ အခြေအနေ ကောင်းနေ လည်း ထောက်ပံ့ပေးလိုက်တာပဲ၊ သေကောင်ပေါင်းလဲဖြစ်ပြီး တကယ်အဟာရလိုနေတဲ့ လူတစ်ယောက်ဟာ သူမတည့်တဲ့လူဖြစ်ရင် ဘာကြီးပဲဖြစ်နေနေ မပေးတော့ဘူး၊ ဒါတွေကို အမြင်မတော်တော့ တို့က ၀င်ပြော တယ်လေ၊ နောက်ပြီး… သူလုပ်ခဲ့တဲ့ ဆိုးဆိုး ၀ါးဝါးဖြစ်ရပ်တစ်ခုရှိသေးတယ်….
လမ်း၈၀နဲ့၈၁လမ်းကြား၊ လမ်း၃၀နဲ့၃၁လမ်းကြားမှာ တရုတ်မိသားစုတစ်စုရှိတယ်၊ မိသားစုဝင်တစ်ယောက်ဟာ အေအိုင်ဒီအက်စ် ရောဂါရပြီး သေကောင်းပေါင်းလဲဖြစ်တဲ့ အချိန်မှာ ကိုမျိုးသန်းကို အန်ဂျီအိုက ပရောဂျက်မန်နေဂျာတစ်ယောက်ဆိုပြီး အထင်တကြီးနဲ့အကူအညီလာတောင်းတယ်၊ အေအိုင်ဒီအက်စ်ကုနိုင်တဲ့ဆရာဝန် တစ်ယောက်နဲ့ ချိတ်ပေးပါပေါ့၊
အဲဒီတော့ ကိုမျိုးသန်းက ဘယ်လိုလုပ်တယ် ထင်သလဲ၊ မူးယစ်ဆေးဝါးသုံးဖူးပြီး ကိုယ့်ဘာသာ ဆေးထိုးအပ်နဲ့ဆေးထိုးနေကျလူတစ်ယောက်၊ ဆေးသမားတစ်ယောက်ကို ခေါ်သွား တယ်၊ အဲဒီဆေးသမားကို ဆရာဝန်ဟန်ဆောင်ခိုင်းတယ်၊ တရုတ်ကို အဲဒီ ဆရာဝန် ဟန်ဆောင်ထားတဲ့လူက ဆလိုင်းချိတ်ပေးတယ်၊ အဲဒီလိုလုပ်တဲ့တလျောက်လုံးလည်း ဘေးမှာ ကိုမျိုးသန်းရှိနေတယ်၊ တို့ လည်း ဘာမှန်းမသိပဲ လိုက်သွားမိလို့ တို့ရှေ့မှာ မျက်ဝါးထင်ထင်မြင်လိုက်ပြီး သိလိုက်တာပေါ့၊ ဆလိုင်းချိတ်ပြီး မကြာခင် အဲဒီ လူနာဟာ သေသွားတယ် သူငယ်ချင်း၊ လူနာမိသားစုကတော့ ဆလိုင်း ချိတ်ပေး ဆေးထိုးပေးတဲ့လူဟာ ဆရာဝန်အယောင်ဆောင် တစ်ယောက်ဆိုတာကို လူနာသေတဲ့အထိ မသိလိုက်ပါဘူး၊ အဲဒီ မိသားစု ခုထိ ရှိပါသေးတယ်၊ တို့ သက်သေ သက္ကာယနဲ့ ပြနိုင်ပါ တယ်´
`ဘုရား… ဘုရား… ဆိုးဝါးလှချည်လား၊ ဒါ ရာဇ၀တ်မှုပဲ၊ သူ့ကိုရော အယောင်ဆောင်ပေး တဲ့လူကိုပါ ထောင်တန်းချပစ်လို့ရအောင် ဆိုးဝါးတဲ့ ပြစ်မှုပဲ´...`ဟုတ်တယ်လေ၊ တို့က သူ့ရဲ့အဲဒီလုပ်ရပ်တွေအကုန်လုံးကို မလုပ်သင့်ကြောင်း ဝေဖန်တယ်၊ မလုပ်ဖို့လည်း တားမြစ်တယ်၊ အဲဒါ ကြောင့် တို့ကို မုန်းတီးနေတာပဲ…..
တို့ကို အလုပ်ထွက်အောင် အပိုင်ချည်ပုံကို ဆက်ပြောဦးမယ်၊ ရန်ကုန် Alliance မှာ အဲဒီလိုပြောလာခဲ့တော့… ဒီက PE တွေက ရံပုံငွေဆက်မရမှာကို စိုးရိမ်ကြတာပေါ့၊ အဲဒီတော့… ပီအီးတွေကလည်း မျိုးမျိုးရယ်… နင်ထွက်ပေးလိုက်ပါ၊ ဒီကရတဲ့လခလေးက လည်း နင့်အတွက်ဘာမှမဖြစ်လောက်ပါဘူး၊နင့်မှာ ဗြူတီပါလာကြီးတစ်ခုလုံး အောင်မြင်နေတာပဲ ဆိုပြီး… ထွက်ဖို့ ၀ိုင်းတိုက်တွန်း ကြတယ်သူငယ်ချင်း´
`ဟယ်…´...`သူတို့ကတော့…. သူတို့အလုပ် ထိခိုက်မှာစိုးလို့ ပြောတာပါ၊ ရံပုံငွေဆက်မရရင် အဖွဲ့ပျက်သွားမှာလေ၊ ပြီးတော့… မိတ်ကပ် ဦးတင်ထွေးကလည်း တို့ကိုခေါ်ပြီး ညှိနှိုင်းတယ်´...Lights အဖွဲ့တွင် နာယကလူကြီးများလည်း ထားရှိပါသည်။ နာယကများမှာလည်း သက်ကြီးမိန်းမလျာကြီးများဖြစ်ပြီး အများရိုသေ လေးစားသူများကို ထားရှိခြင်း ဖြစ်သည်။ မန္တလေးမှ နာမည်ကြီးမိတ်ကပ်ဆရာ တင်ထွေးမှာ Lights အဖွဲ့၏ နာယကလူကြီး တစ်ဦးဖြစ်နေပါသည်။
`ဦးတင်ထွေးက တို့ကို အများအကျိုးငဲ့ပြီး ထွက်ပေးဖို့ ချော့မော့ပြောတယ်လေ။ မထွက်ပဲနေလို့ ရံပုံငွေဆက်မရဘူးဆိုရင် ကျန်တဲ့ပီအီးတွေ နစ်နာလိမ့်မယ်တဲ့၊ မျိုးမျိုးအတွက် Lights က ရတဲ့လစာဟာ ဘာမှမပြောပလောက်ပါဘူးတဲ့၊ ကျန်တဲ့ ပီအီးတွေ ကတော့ ဒီလစာလေးကိုပဲ အားကိုပြီး စားနေရတာတဲ့၊ အများကို ညှာတာပြီး ထွက်ပေးလိုက်ပါသမီးရယ်၊ ကိုယ့်ကိုမလိုလားတဲ့သူ အောက်မှာလည်း လုပ်မနေပါနဲ့တော့ဆိုပြီး… ပြောလို့ လူကြီးစကားကို နားထောင်တဲ့အနေနဲ့ ထွက်လိုက်တာပါ သူငယ်ချင်း´
`ဒါဆိုလည်း ပြီးတာပဲလေ၊ ဟုတ်လည်း ဟုတ်ပါတယ်မျိုးရယ်၊ မျိုးအတွက် ဘာမှနစ်နာ မသွားပါဘူး၊ တာဝန်တစ်ခုတောင် ပေါ့သွား သေးတယ်မဟုတ်လား´...`မှန်ပါတယ်၊ ဒါပေမယ့်… တို့ မခံချင်ဘူး၊ တို့ကို စွပ်စွဲတဲ့ပြစ်ချက်တွေက တခြား ပီအီးတွေလည်း ဖြစ်နေကြတာပဲ၊ တို့တစ်ယောက်တည်းကို ကွက်ပြီး အပြစ်ရှာ ထွက်ခိုင်းတာကို သိပ်ခံပြင်း နေမိတယ် သူငယ်ချင်းရာ´
(မျိုးမျိုးက Lights အဖွဲ့မှ ပီအီးအချို့၏လုပ်ရပ်များကို နာမည်နှင့်တကွပြောပြပါသည်၊ မိမိအထောက်အကူပေးနေသည့်သူများ စာရင်းတွင် အမှန်တကယ်မရှိသည့်လူများအမည်ကို ထည့်သွင်းထားခြင်း၊ လက်မှတ်များကို အတုထိုးထားခြင်း၊ ကွန်ဒုံးများကို မဝေငှပဲ ဝေငှသည်ဟု စာရင်းပြကာ ရောင်းစားခြင်း၊ သွေးစစ်သူများအတွက် လမ်းစရိတ် ၃၀၀၀/-ပေးသည်ကို ကာယကံရှင်အား အသိမပေးပဲ ပီအီးက ထုတ်ယူခြင်း… စသည်ဖြင့် ပီအီး တစ်ယောက်ချင်းနာမည်နှင့်တကွ ပြောပြသည်များကို ဤစာတွင် ရှည်လျား မည်စိုး၍ မဖော်ပြတော့ပါ)
`အဲဒီတော့… မျိုးက ဘာလုပ်ချင်လို့လဲ´... `ပရောဂျက်မန်နေဂျာ ကိုမျိုးသန်းကိုယ်တိုင်လည်း အပြစ်ကင်းတာမှ မဟုတ်တာ၊ သူလုပ်နေ တာတွေကမှ အဖွဲ့ကို သစ္စာဖောက် နေတဲ့လုပ်ရပ်တွေပါ၊ အဖွဲ့ရဲ့ ရံပုံငွေတွေကို သူ ဘယ်လို အလွဲသုံးစားလုပ်နေတယ်ဆိုတာကို လူကြီးတွေသိစေချင်တယ်၊ သူငယ်ချင်း ကတော့… ပေါက်ရောက်တဲ့လူမို့ သူငယ်ချင်းကို အကူအညီတောင်းချင်လို့ပါ´..... `တို့က မပေါက်ရောက်ပါဘူး မျိုးရယ်… မျိုးထက်စာရင် နည်းနည်းပိုသိတာလောက်ပဲရှိ ပါတယ်´
`ကိုမျိုးသန်းလုပ်ရပ်တွေကို သက်ဆိုင်ရာလူကြီးတွေ သိစေချင်တယ်၊ သိအောင် ကူညီပေးပါသူငယ်ချင်း´.... မျိုးမျိုးက မန္တလေးမြို့၊ Lights အဖွဲ့မှ Project Manager ကိုမျိုးသန်း၏ ဖောက်ပြန်သောလုပ်ရပ်အချို့ကို အောက်ပါအတိုင်း ပြောပြ ခဲ့ပါသည်။
Lights အဖွဲ့တွင် HIV ပိုး ရှိ/မရှိ သွေးစစ်လိုသူများအား အကူအညီပေးသော လုပ်ငန်း တစ်ခုရှိသည်။ VCCT ဟု ခေါ်သည်။ အရှည် မှာ… Voluntary Counseling & Confidential Testing ဖြစ်သည်။ သွေးစစ်လိုသူသည် မိမိဆန္ဒအလျောက် သွေးစစ်လိုခြင်းဖြစ်ရ မည်။ နှစ်သိမ့်ဆွေးနွေးမှုကို ခံယူရမည်၊ သွေးအဖြေကို ကာယကံရှင်မှအပ မည်သူမျှမသိအောင် လျှို့ဝှက်ပေးထားမည်… ဆိုသည့် သွေးစစ်ခြင်း လုပ်ငန်းဖြစ်သည်။
Lights အဖွဲ့၌ သွေးစစ်ပေးနိုင်သော ဓာတ်ခွဲခန်းကျွမ်းကျင်သူ မရှိပါ။ မခန့်ထားပါ။ ထို့ကြောင့်- သွေးစစ်လိုသူအား သွေးဖောက်စစ် ဆေးနိုင်သည့် နေရာဋ္ဌာနသို့ ပို့ဆောင်ပေး ရပါသည်။ သွေးအဖြေကို မည်သူမျှမသိအောင်လျှို့ဝှက်ပေးထားရမည်ဖြစ် ၍ သွေးစစ်သူကိုခေါ်ဆောင် လာသော ပီအီးကိုယ်တိုင်လည်း မသိ နိုင်ပါ။ ပရောဂျက်မန်နေဂျာ ကိုမျိုးသန်းက သွေးအဖြေရရှိလျှင် သွေးစစ်သူကို ရုံးခန်းထဲခေါ်၍ သွေးအဖြေကို ပြောပြပါသည်။ သွေးဖောက်သည့်ဋ္ဌာနတွင် သွေးဖောက်ယူရာ၌လည်း သွေးစစ်သူ၏အမည်ကို
ပေးစရာမလိုပါ။
သွေးစစ်ဋ္ဌာနက ကုတ်နံပါတ်ကိုသာ သတ်မှတ်ပေးပါသည်။ သွေးအဖြေကိုလည်း သွေးစစ်ဋ္ဌာနမှ ကုတ်နံပါတ်ဖြင့်သာပြန်ကြားပေးသဖြင့်… သွေးစစ် ဋ္ဌာနအနေဖြင့်လည်း မည်သူ၏သွေး အဖြေ ဖြစ်ကြောင်း မသိနိုင်ပါ။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သွေးစစ်ခံယူသူအား လမ်းစရိတ် ၃၀၀၀/ကျပ် ထုတ်ပေးပါသည်။
ကိုမျိုးသန်းမှ Alliance အဖွဲ့သို့ အစီရင်ခံစာတင်ရာတွင်လည်း သွေးစစ်ခံသူများအမည်ကို တင်ပြစရာမလိုပါ။ သွေးစစ်ခံသူများ၏ ကုတ်နံပါတ်ကိုသာ တင်ပြရပါသည်။ အစီရင်ခံစာတင် ရာတွင် သွေးအဖြေစာရွက်များကို ပူးတွဲတင်ပြရပါသည်။ အစီရင်ခံစာတွင် သွေးစစ်ခံသူဦးရေနှင့် ထုတ်ပေးသောလမ်းစရိတ်စာရင်းများ ပါဝင်ပါသည်။
အထက်ပါအတိုင်း သတ်မှတ်ထားသော လုပ်ငန်းစဉ်တွင် လုပ်ပိုင်ခွင့်အားလုံး Project Manager ကိုမျိုးသန်းလက်ထဲ၌ ရှိနေပါ သည်။ ဖော်ပြပါလုပ်ပိုင်ခွင့်များကို အသုံးပြု၍ ကိုမျိုးသန်း မည်သို့ အကြံအဖန်လုပ်ပါသလဲ။ ဆက်ဖတ်ကြည့်ပါ၊ စိတ်ဝင်စားစရာကောင်းပါ သည်။
- ကိုမျိုးသန်းက လမ်းစရိတ်၃၀၀၀/-ကျပ်ကို ထုတ်ယူနိုင်ရန် သူကိုယ်တိုင် သွေးဖောက်စစ်ဆေးခံလိုက်ပါသည်။
- နာမည်ကိုပေးစရာမလိုပဲ ကုတ်နံပါတ်နှင့်သာ စစ်ဆေးရသည်ဖြစ်၍ သူကိုယ်တိုင် ငွေ၃၀၀၀/-ထုတ်ယူလိုက်ကြောင်းကို မည်သူမျှ မသိရှိနိုင်တော့ပါ။
- သွေးစစ်ခြင်းကိုမူ အမှန်တကယ် သွေးဖောက်ပြီး စစ်ဆေးမှုခံယူရမည်ဖြစ်၍ သွေးအဖောက်ခံပြီး အစစ်ခံလိုက်ပါသည်။
- မန္တလေးတွင် သွေးဖောက်စစ်ဆေးမှုပြုလုပ်ပေးသောနေရာဋ္ဌာန (၆)ခုရှိပါသည်။ 1- NAP, 2- PSI, 3- Marie Stopes International (မာရီစတုပ်စ်အင်တာနေရှင် နယ်)မှ ရုံး (၄)ရုံး ဖွင့်လှစ်ထားသဖြင့် ၄-နေရာ။ စုစုပေါင်း (၆)နေရာဖြစ်ပါသည်။
- ကိုမျိုးသန်းသည် သွေးစစ်ပေးနိုင်သော နေရာများသို့ တစ်လလျှင် (၁)ကြိမ်သွားရောက်ကာ သွေးစစ်ခံပါသည်။ လူတစ်ဦး တည်းက အကြိမ်ကြိမ်လာ စစ်သော်လည်း ကိစ္စမရှိပါ။ `မနေ့ညက သူငယ်နဲ့သွားလိုက်တာ ကွန်ဒုံးမသုံးမိလို့´ (သို့မဟုတ်) `ကွန်ဒုံး သုံးနေရင်း ပေါက်သွားလို့´ဟု အကြောင်းပြလိုက်လျှင် စစ်ပေးပါသည်။ အရှက်မရှိဖို့ပဲ လိုပါသည်။
- ကိုမျိုးသန်းက သူ့သွေးဖြင့် အစစ်ခံလာသော သွေးအဖြေများကို လူတစ်ဦးစီအနေနှင့် စာရင်းပြပါသည်။
- သွေးစစ်ဋ္ဌာနတစ်ခုတွင် တစ်လ ၁-ကြိမ်သွေးစစ်ရာ တစ်လမှာ လူ(၆)ယောက် သွေးစစ်သကဲ့သို့ စာရင်းပြလိုက်ပါသည်။
- ထို(၆)ယောက်အတွက် လမ်းစရိတ် ၁၈၀၀၀/ကျပ်(တစ်သောင်းရှစ်ထောင်)ကို ကိုမျိုးသန်းက ထုတ်ယူလိုက်ပါသည်။
- Alliance သို့ အစီရင်ခံစာတင်ရာတွင်လည်း လူနာမည်ပြစရာမလို၊ ကုတ်နံပါတ်နှင့် သွေးအဖြေစာရွက်ကိုသာ တင်ရသည့် အတွက် ဘာပြဿနာမှ မပေါ်ပါ။
- မန္တလေး Lights အဖွဲ့မှ Project Manager ကိုမျိုးသန်းသည် အထက်ပါနည်းအတိုင်း အဖွဲ့ရံပုံငွေများကို အကြံအဖန် လုပ်ပြီး ကိုယ်ကျိုးအတွက် ထုတ်သုံးနေပါသည်။
`ကဲ- အဲဒါပဲ သူငယ်ချင်း´..... `ဟင်-လုပ်ပုံလုပ်နည်းကတော့ ပိုင်လိုက်တာကွာ၊ အဲဒီတော့…မျိုးတို့လို PEတွေကရော အဲဒီလို သွေးဖောက်အစစ်ခံပြီး လမ်းစရိတ် လိမ်ထုတ်တာမျိုး မလုပ်ကြဘူးလား´..... `လုပ်ကြတာပေါ့၊ အဲဒီလိုလုပ်တဲ့ ပီအီးတွေတွေ့ရင် တို့က ဖော်ထုတ်တယ်လေ၊ ကိုမျိုးသန်းကို တိုင်တယ်လေ၊ ဒါပေမယ့်.. သူ ကိုယ်တိုင် ဒါမျိုးလုပ်နေတာ ဆိုတော့ အရေးမယူဘူး၊ တို့ပဲ အမုန်းခံရတာပေါ့´
`ဒါဖြင့်… သူတို့လုပ်ရပ်ကို ဘယ်သူကမှ မသိနိုင်တော့ဘူးလားကွာ´.... `တစ်ယောက်တော့ရှိတယ်လေ၊ ငွေစာရင်းကိုင်ပေါ့၊ ကျော်ကြီးတဲ့။ ကျော်ကြီးက ငွေထုတ်ပေးရတာကိုး၊ ဒါပေမယ့်.. ကျော်ကြီးက သူ့လူ၊ ကျော်ကြီးကို လမ်းစရိတ် ၃၀၀၀/-ရတဲ့အထဲက ၅၀၀/- မုန့်ဖိုး ပေးလိုက်တော့… ကျော်ကြီးကလည်း နှုတ်ပိတ်ရေငုံ လုပ်နေတာပေါ့´...`ဘုရား… ဘုရား…´
`သူငယ်ချင်းရေ… ကိုမျိုးသန်း ပရောဂျက်မန်နေဂျာ မဖြစ်ခင်က အခြားတစ်ယောက် ပရောဂျက်မန်နေဂျာအဖြစ် ရှိခဲ့ဖူးတယ်၊ အရင်ပရောဂျက်မန်နေဂျာဟာ အဖြူတ်ခံလိုက်ရတာ၊ အဲဒီလူ ပြုတ်သွားပုံက ဒီလို၊ လူနာတစ်ယောက်အတွက် ရသင့်တဲ့ ထောက်ပံ့ ငွေကို လူနာကို မပေးပဲ ထုတ်သုံးတာ Alliance က လူကြီးတွေ သိသွားလို့ ဖြုတ်ပစ်လိုက်တာ၊ သူအလွဲသုံးစား လုပ်တဲ့ငွေက မများ ပါဘူး၊ ၈၀၀၀/-ထဲပါ၊ ငွေရှစ်ထောင်နဲ့တောင် အလုပ်ကဖြုတ်ပစ်သေးတာ… ကိုမျိုးသန်း အခုလုပ်နေတဲ့လုပ်ရပ်တွေကို လူကြီးတွေ သိစေချင်ပါတယ်´
`ဒါဖြင့်… လူကြီးတွေကလည်း ဒါကို မသိသေးလို့ အရေးမယူတာ ဖြစ်ပါလိမ့်မယ်ကွာ´.... `နောက်ပြီး… ဒါ့ထက်ပိုဆိုးတာတစ်ခုရှိသေးတယ်၊ ရုံးချိန်အတွင်းမှာ ရုံးထဲမှာ သူငယ်လေးတွေ ခေါ်လာပြီး (ခေါ်ကံ) တဲ့ ကိစ္စပဲ´
ကိုမျိုးသန်းသည် Lights ရုံးခန်းကို သူပိုင်အိမ်အဖြစ်သဘောထားကာ အချိန်မရွေး သူငယ်လေးများကို ခေါ်လာတတ်သည်။ ရုံး တက်ချိန်လည်း မရှောင်၊ ခေါ်လာပြီး စတိုခန်း ထဲတွင် သူငယ်နှင့် နှစ်ပါးသွားတတ်သေးသည်တဲ့။ တစ်ခါတရံ… သူငယ်က အပြင်မှာ(ရုံးခန်းထဲမှာ လူတွေရှိနေလို့ မလုပ်ရဲပါ)ဆိုလျှင် သူတို့ ကို အောက်ဆင်းပေးဖို့ နှင်ထုတ်ခံရသေး တယ်တဲ့။
`တို့တွေမှာ သူ… သူငယ်နဲ့ နှစ်ပါးသွားနေရင် အောက်က ကွမ်းယာဆိုင်မှာ သွားထိုင်နေရတာ ခဏ ခဏပဲ။ စနေ၊ တနင်္ဂနွေဆို ပြောမနေနဲ့တော့။ Lights အဖွဲ့ရုံးခန်းဟာ ကိုမျိုးသန်းနဲ့ သူ့သူငယ်လေးတွေအတွက် မိတ်လိုက်ရာဋ္ဌာနကြီးကို ဖြစ်လို့´ မျိုးမျိုးက သူ့ခံစားချက်တွေအားလုံးကို ရင်ဖွင့်လိုက်ပါသည်။
`ဒါတွေကို သက်ဆိုင်ရာ လူကြီးတွေသိအောင် လုပ်ပေးပါ သူငယ်ချင်းရာ၊ တို့ကိုတော့ ဘာမဟုတ်တဲ့ ရုံးချိန်နောက်ကျတာလေး ကို အပြစ်ကြီးတစ်ခုလိုစွပ်စွဲပြီး ထွက်ခိုင်းတယ်၊ သူကတော့… ဒါ့ထက်မက ကြီးလေးတဲ့ လုပ်ရပ်တွေနဲ့ ကျူးလွန်နေတယ်၊ ဒါကို လူကြီးတွေ သိစေချင်တာပါ၊ ကူညီပါသူငယ်ချင်း´ မျိုးမျိုးက အထင်တကြီး အကူအညီတောင်းခံသော်လည်း လုံးထွားအနေဖြင့် ထိထိရောက်ရောက် ကူညီဖို့ နည်းလမ်းမရှိပါ။
မျိုးမျိုး၏ခံစားချက်များကို အများသိရှိဖတ်ရှုစေနိုင်ဖို့ ဘလော့တစ်ခု အဖြစ် ရေးတင်ပေးဖို့ပဲ တတ်နိုင်ပါသည်။ သက်ဆိုင်ရာလူကြီးတွေ ဖတ်မိ မဖတ်မိကတော့… မျိုးမျိုးကံပေါ့။ လုံးထွားအနေဖြင့်… မျိုးမျိုးအလုပ်ထုတ်ခံရခြင်းအပေါ် မည်သည့်ခံစားချက်မျှ မဖြစ်ပေါ်မိပါ။ မျိုးမျိုး၏မခံချင်စိတ်များသည် သူ၏ ပုဂ္ဂလိကခံစားချက်များသာဖြစ်ပါသည်။
လုံးထွား တစ်ခုပဲ စိတ်မကောင်းဖြစ်မိပါသည်။ အထက်မှာဆိုခဲ့သလို… INGOအဖွဲ့များ၏ ရံပုံငွေများမှာ နိုင်ငံခြားမှ စေတနာရှင် အလှူရှင်များ၏အလှူငွေများဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ထွန်းကားသော လုံးထွားတို့မြန်မာနိုင်ငံမှ မြန်မာပြည်သားများက နိုင်ငံရပ်ခြား က ရလာတဲ့ အလှူငွေတွေကို မတော်မတည့်နည်းဖြင့် ကိုယ်ကျိုးသုံးစွဲပစ်ခြင်းကိုတော့… အလှူရှင်စေတနာ့ ရှင် များကို လုံးထွား ကြားထဲက မျက်နှာပူမိပါတော့သည်။
(မျိုးမျိုး တင်ပြသောအချက်များကို ရေလည်စွာ သိရှိလိုပါက ဖုန်းနံပါတ်- 09-43059584 သို့ ဖုန်းဆက်မေးမြန်းနိုင်ပါသည်)
မျှဝေခံစားတင်ပြသူ - လုံးထွားထွား




