ပိန်လှီနေပြီး
မွဲခြောက်ခြောက် အသားအရေရှိတဲ့ ကလေးငယ် ၇ ဦးဟာ စွတ်စို ထိုင်းမှိုင်း နေတဲ့
မြေသား လမ်းငယ်ဘေးမှာ မတ်တပ်ရပ်နေပြီး လမ်းမဘက်ကို ငေးမျှော်ရင်း
တစုံတခုကို စောင့်ဆိုင်းနေပါတယ်။
သူတို့လက်ထဲမှာ အ၀ါရောင် နှင်းဆီပန်းလေးတွေ ကိုင်ထားပြီး
သူတို့ရဲ့မျက်ဝန်းတွေက အရောင်တောက်ပခြင်းမရှိဘဲ မှေးမှိန်ဖျော့တော့ နေပါတယ်။သူတို့အားလုံးရဲ့
မျက်နှာမှာ သာမန် ကလေးငယ်လေးတွေလို တက်ကြွပျော်ရွှင်နေတဲ့ အရိပ်အရောင် မတွေ့ရဘဲ သိမ်ငယ်၊
အားငယ်နေတဲ့ အမူအရာတွေ အထင်သားတွေ့မြင်နေရတယ်။
ကလေးတွေက ဒဂုံမြို့သစ်တောင်ပိုင်း ၁၈ ဘီရပ်ကွက် ကမ္ဘောဇ ၂ လမ်း အမှတ် ၃၇၆ မှာ လာရောက် တည်းခို
နေထိုင်ကြတဲ့ သူတွေဖြစ်ပြီး
ခုခံအားကျဆင်းမှု ရောဂါဖြစ်ပွားစေတဲ့ HIVပိုးကူးစက်ခံထားရသူတွေပါ။
အဲဒီနေရာကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ် တာဝန်ခံ တဦးဖြစ်သူ မဖြူဖြူသင်း ဦးဆောင် စောင့်ရှောက်ထားတဲ့ HIV ဝေဒနာရှင်တွေ တည်းခိုနေထိုင် ဆေးဝါးကုသခံရာ ဂေဟာပါပဲ။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း
က တောင်ဒဂုံမှာရှိတဲ့ HIV ဂေဟာကို
လာရောက်
လည်ပတ်မှာဖြစ်တဲ့အတွက် ဝေဒနာရှင် ကလေးတွေက နှင်းဆီဝါတွေ
ကိုယ်စီကိုင်ပြီး ခရီးဦးကြိုပြုဖို့
ပြင်ဆင် နေကြတာပါ။
မနက် ၉ နာရီခွဲလောက်မှာတော့ မြက်တွေ၊ ရွှံ့ဗွက်တွေ
နေရာကွက်ကျား ရှိနေတဲ့ မြေသား
လမ်းငယ်ထဲကို အနက်ရောင် တောက်ပနေတဲ့ဇိမ်ခံကားတစီး တလိမ့်လိမ့်နဲ့ ၀င်ရောက် လာပါတယ်။ ကားဝင်လာတာနဲ့ ပြည်တွင်း ပြည်ပ သတင်းထောက်
တွေက ကင်မရာတွေ အသင့်ကိုယ်စီကိုင်လို့
လှုပ်လှုပ်ရှားရှား ဖြစ်သွား ကြတယ်။
ကားတံခါး ဖွင့်လိုက်တာနဲ့ မိုးပြာရောင်ရှပ်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီ
ဝတ် ဆင်ထားတဲ့ အထက်လွှတ်တော်
အမတ် ဂျွန်မက်ကိန်းကို အပြုံးမျက်နှာနဲ့တွေ့လိုက် ရတယ်။ ဗီယက်နမ် စစ်ပြန်တဦးဖြစ်တဲ့ ဂျွန်မက်ကိန်း ပုံစံက
ကိုယ်ယုံကြည်ရာ ဇွတ်တရွတ်လုပ်မယ့်
အရိပ် လက္ခဏာမျိုး တွေ့မြင်နေရပြီး အသက် ၇၅ နှစ် အရွယ် ဆိုပေမယ့် လူငယ်တဦးလို တက်ကြွ လန်းဆန်းပုံ ပေါက်နေပါတယ်။
ကလေးငယ် တဦးက အ၀ါရောင်နှင်းဆီ ပန်းကလေးကို သူ့ဆီ လှမ်းပေးလိုက်တယ်
ဆိုရင်ပဲ သူက အံ့သြတကြီး
မျက်နှာနဲ့ ခါးလေးကိုင်းလို့ ကလေးငယ်ပေးတဲ့ ပန်းကလေးကို လှမ်းယူ လိုက်တယ်။ ကလေးငယ်တွေ အားလုံးပေးတဲ့ ပန်းတွေကို
လေးလေးစားစား ပုံစံနဲ့
ဆုပ်ကိုင် ရင်း ၀မ်းသာပီတိ ဖြစ်နေတာကို သူ့မျက်နှာမှာ အထင်းသား
တွေ့နေရပါတယ်။
အဲဒီနောက် ခြံဝင်းထဲ ၀င်ရောက်ရင်း HIV ဂေဟာလို့ခေါ်တဲ့ ၀ါးထရံ နှစ်ထပ် အဆောက် အအုံနဲ့ သွပ်မိုးပျဉ်ကာ အိမ်ပု ကလေးတွေကို ကြည့်ရင်း
ပြုံးနေတဲ့ လွှတ်တော်အမတ်
ဂျွန်မက်ကိန်းမျက်နှာက ရုတ်တရက် တည်သွားတယ်။
ကမ္ဘာ့ နံပါတ်တစ်
စီးပွားရေး အင်းအားကြီးနိုင်ငံဖြစ်တဲ့၊ သိပ္ပံပညာထွန်းကားပြီး စစ်ရေးအရ ထိပ်တန်းရောက်နေတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာ
နေထိုင်တဲ့သူ့အဖို့ ဝေဒနာရှင်တွေ နေထိုင်နေတဲ့ စုတ်ချာလှတဲ့
HIV ဂေဟာက အထူးအဆန်း တခုလို ဖြစ်နေပုံပါပဲ။
အမေရိကန်အပါအ၀င် အနောက် နိုင်ငံကြီးတွေမှာ HIV/AIDS ဝေဒနာရှင်တွေကို စောင့် ရှောက် နေတဲ့ ဂေဟာတွေနဲ့
နှိုင်းယှဉ်ရင် တောင်ဒဂုံ HIV ဂေဟာက အတော် နုံချာ လှတယ်လို့ ဆိုရမှာပါ။
ဖိနှိပ်မှုတွေ၊ အတိုက်အခံတွေကြားက စေတနာ အရင်းခံ လုပ်ဆောင်နေကြတဲ့
ဒီဂေဟာ လေးက သေးငယ် လွန်းလှပေမယ့်
ပြုစု စောင့်ရှောက်သူတွေရဲ့ ကြီးမားတဲ့ မေတ္တာ တရား ကြောင့် မြန်မာနိုင်ငံ တ၀န်းက ဆင်းရဲနွမ်းပါးတဲ့၊ ဆေးကုသမှု ခံယူဖို့
ငွေကြေး မတတ် နိုင်တဲ့ ဝေဒနာရှင် မြောက်မြားစွာ အားကိုး
ခိုလှုံရာ နေရာတနေရာ ဖြစ်နေပါတယ်လို့
ဝေဒနာရှင်တဦးက ပြောပါတယ်။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဒီဂေဟာလေးကို
လာ ရောက်ခဲ့ဖူး သလို၊
ဦးကျော်သူလို လူမှုရေး လုပ်ငန်းမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ် တွေလည်း လာရောက်ကူညီ လှူဒါန်းမှုတွေ လုပ်ကြပါတယ်။
ဒီနေ့တော့ အမေရိကန်နိုင်ငံရေးမှာ အလွန်သြဇာကြီးပြီး ၂၀၀၈ ခုနှစ်
ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ
အိုးဘားမားနဲ့အပြိုင် သမ္မတလောင်းအဖြစ် ၀င်ရောက် အရွေးချယ်ခံခဲ့တဲ့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း
ကိုယ်တိုင်တောင်ဒဂုံ HIV ဂေဟာလေးကို
ရောက်ရှိလို့ လာခဲ့ပါပြီ။
ဂေဟာရဲ့ တာဝန်ခံ မဖြူဖြူသင်းအပါအ၀င် တာဝန်ရှိသူတွေကို သူ သိလိုသမျှ
မေးမြန်း စုံစမ်း၊ ဝေဒနာရှင်တွေကို
လိုက်လံ အားပေးနှုတ်ဆက်နေတဲ့ ဂျွန်မက်ကိန်းရဲ့ မျက်နှာမှာ ကြေကွဲဝမ်းနည်း စာနာနားလည်တဲ့ ခံစားချက်တွေ ထင်ထင် ရှားရှား
တွေ့မြင်နေရတယ်။
HIV ဂေဟာမှာ ရောက်ရှိနေတဲ့ ဝေဒနာရှင်တွေက မြန်မာနိုင်ငံ နေရာပေါင်းစုံက ဖြစ်သလို သူတို့ရဲ့ဘ၀တွေကလည်း
ဝမ်းနည်းဖွယ် အဖြစ်ဆိုးပေါင်းစုံနဲ့ပါ။
မိသားစု တစုလုံး HIV ပိုး ကူးစက်ခံရရင်း မိခင်ဆုံးပါးသွားလို့ မိဘမဲ့ဖြစ်သွားရတဲ့ ၁ နှစ်နဲ့ ၂ လ
အရွယ် မိုးသက်ပိုင် ဆိုတဲ့
ကလေးမျိုးတွေ၊ ဆင်းရဲမွဲတေမှုကြားမှာ ရုန်းကန်ရင်း ရောဂါ ကူးစက်ခံရတဲ့
လူငယ်၊ လူကြီး၊ အမျိုးသမီး၊ အမျိုးသား၊ အရွယ်ပေါင်းစုံတွေ ဒီဂေဟာမှာ ရှိနေပါတယ်။
နေရာကျဉ်းကျဉ်းလေးမှာ အရိုးပေါ် အရေတင်ပုံစံနဲ့ ဆေးပုလင်း
ချိတ်သွင်းထားရတဲ့ ဝေဒ နာရှင် လူနာတဦးကို လည်း တွေ့မြင် ရပါတယ်။
အဲဒီဂေဟာမှာ ဝေဒနာရှင် ၁၀၀ ဝန်းကျင်ဟာ ဝင်လိုက် ထွက်လိုက်နဲ့ လူလျော့သွား တယ်လို့
မရှိပါဘူး။ ဝေဒနာရှင်တွေအတွက် စားဝတ်နေရေး၊ ဆေးဝါး
အစရှိသဖြင့် လိုအပ်ချက်တွေ
အမြဲ ရှိနေသလို တခါတရံ အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကို ခံရ လေ့ရှိတဲ့ ဝေဒနာ ဂေဟာလို့ ပြောရင် မှားမယ် မထင်ပါဘူး။
တနာရီလောက် အကြာမှာတော့ အမေရိကန် အထက်လွှတ်တော် အမတ်
ဂျွန်မက်ကိန်း တယောက်
HIV ဂေဟာကနေ ပြန်လည် ထွက်ခွာသွားပါတော့တယ်။
ဂျွန်မက်ကိန်းကို နှင်းဆီပန်းပေး ကြိုဆိုခဲ့ကြတဲ့ ကလေးငယ်တွေက ဂျွန်မက်ကိန်း
လိုက်ပါ သွားတဲ့ အနက်ရောင်ကားကို
မျက်စိတဆုံး ငေးကြည့်ရင်း ကျန်ရစ် ခဲ့ကြပါတယ်။
အောင်သက်ဝိုင်း (03 June 2011 )
ဧရာဝတီ - အထက်လွှတ်တော်အမတ်နဲ့ ဝေဒနာဂေဟာ




