မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင်
လူကုန်ကူးမှုဖြစ်ရပ်များ နှစ်စဉ်တိုးနေပြီး ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များတွင်
အဓမ္မထိမ်းမြားလက်ထပ်ရန် အလို့ငှာ လူကုန်ကူးခံရမှု အများဆုံးဖြစ်နေကြောင်း ၂၀၀၉ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာတွင်
ဖော်ပြထားချက်များအရ သိရသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေး ကဲ့သို့သော လူနေထူထပ်သည့် ဒေသများတွင် နေထိုင်သူအများစု လူကုန်ကူးခံနေကြရသည်
ဟုလည်း သိရှိရသည်။
''ရှမ်းပြည်နယ်မြောက်ပိုင်းက
မူဆယ်လို နယ်စပ်မြို့တွေမှာ လူကုန်ကူးမှုတွေက သိသိသာသာကို တက်လာတာ တွေ့ရတယ်။ အရင်က မူဆယ်မှာ
မူးယစ်နဲ့ပတ်သက်တဲ့အမှုတွေက အများဆုံးပေါ့။ အခုဆိုရင်တော့ မူးယစ်အမှုတွေက ဒုတိယနေရာရောက်သွားပြီ။
ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု အမျိုးအစားတွေကို ကြည့်မယ်ဆိုရင်လည်း အဓမ္မထိမ်းမြားဖို့ လူကုန်ကူးခံရမှုက အများဆုံးလိုဖြစ်နေတာ
တွေ့ရတယ်''ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ကရင်အမျိုး
သမီးဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ နော်စူစန်နာလှလှစိုးက
ပြောကြားခဲ့သည်။
၂၀၀၉
ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးမှု အမျိုးအစားများတွင် အဓမ္မထိမ်းမြားရန် လူကုန်ကူးမှု
၁၀၄ မှုဖြင့် အများဆုံးဖြစ်ပေါ်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၇ ရာခိုင်နှုန်းရှိ ခဲ့ကြောင်းသိရသည်။
ပြည်တန်ဆာ အဖြစ်ခိုင်းစေရန် လူကုန်ကူးခံရမှုမှာ ၂၅ မှုရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့်
၂၅ ရာခိုင်နှုန်း၊ လုပ်အားခေါင်းပုံ ဖြတ်ရန်
လူကုန်ကူးမှုမှာ ၁၆ မှု ၁၀ ရာခိုင်နှုန်းနှင့် ကလေးသူငယ်များအား လူကုန်ကူးမှုမှာ ၁၀ မှု
ခြောက်ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
၂၀၀၆
ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများကို
လေ့လာကြည့်ပါက ၂၀၀၆ ခုနှစ်တွင် ၅၂ မှု၊ ၂၀၀၇ ခုနှစ်တွင် ၁၂၇ မှု၊ ၂၀၀၈ ခုနှစ်တွင် ၁၃၄
မှု၊ ၂၀၀၉ ခုနှစ်တွင် ၁၅၅ မှုအထိ မြင့်တက်လာကြောင်း တွေ့ရမည်ဖြစ်ပါသည်။
''အဓမ္မထိမ်းမြားဖို့အတွက်
လူကုန်ကူးမှုဖြစ်စဉ်တွေက ကျွန်တော် တို့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား၊
လာအိုတို့လို နိုင်ငံတွေမှာလည်း ဖြစ်ပွားနေတာကို တွေ့ရတယ်။ သတို့သမီးဈေးကွက် လို့ပြောရင်လည်း
ရမယ်ထင်တယ်။ ဘယ်အထိ လူကုန်ကူးခံရသူတွေ ရောက်ရှိသွားသလဲဆိုရင် တရုတ်၊ ကိုရီးယား၊ ဂျပန်အထိ ရောက်သွား တာတွေ့ရတယ်။
တရုတ်နိုင်ငံအနေ နဲ့ကျတော့ ဒါသူတို့ရဲ့ ယဉ်ကျေးမှု အရကို ပွဲစားနဲ့ ဖူးစာရှင်ရှာတာဟာ
တရားဝင်လိုဖြစ်နေတယ်။ ဒီအပေါ်မှာ လူကုန်ကူးမှုဖြစ်စဉ်တွေက တည်မီနေတာ လေ့လာတွေ့ရှိ ရပါတယ်။ ဒီနေရာမှာ အမှန်တကယ်ပဲ ဖူးစာရှင် နဲ့တွေ့ရှိသွားတာလည်း
ရှိပါတယ်။ လက်ဆင့်ကမ်း ရောင်းစားခံရတာမျိုး၊ အိမ်အကူအပျော်ထားတဲ့ အဆင့်မျိုးတွေ ဖြစ်သွားတာတွေလည်းတွေ့
ရပါတယ်။ ဒီကနေ့ အခြေနေမှာတော့ စောစောကပြောခဲ့တဲ့ နိုင်ငံတွေမှာ ဖူးစာရှင်ရှာတဲ့ကုမ္ပဏီတွေကို
တော်တော်လေးစိစစ်မှုတွေ လုပ်နေသလို ချောင်းကိုပစ်လို့ မြစ်ကိုရှာချင်နေကြ သူအတွက်လည်း သူတို့ရဲ့ဖူးစာရှင် နိုင်ငံတွေရဲ့ ဘာသာစကား၊ ဓလေ့စရိုက်တွေနဲ့
သူတို့ရဲ့အိမ်သူသက်ထား တစ်ယောက်လို ဆောင်ရွက်နိုင်အောင်သင်ကြားပေးတဲ့
အစီအမံတွေ နဲ့ဆောင်ရွက်နေတာလည်း ရှိပါ တယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံကြီးမှာ
သတို့သမီးလိုအပ်ချက်က ကြီးများလွန်းနေတဲ့အတွက် ဒီအပေါ်မှာ တည်မီလာမယ့် ကိစ္စတွေကို ချိန်ချိန်ဆဆနဲ့
ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်''ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပြည်ပလုပ်သားရေးရာများကို
လေ့လာနေသူ စာရေးဆရာ ၀င်းနိုင်ထွန်းက မှတ်ချက်ပြုပြောကြားသည်။
ယင်းအပြင်
၂၀၀၉ ခုနှစ်က လူကုန်ကူးခံရသူများ၏ မူလဇာတိဒေသများကို ရာခိုင်နှုန်းအလိုက် လေ့လာကြည့်ပါက
ရန်ကုန်တိုင်းမှ လူကုန်ကူးခံရသူ ပမာဏမှာ တစ်နိုင်ငံလုံး လူကုန်ကူးခံရသူ ပမာဏ၏ ၂၅ ရာခိုင်နှုန်း၊
မန္တလေးတိုင်းမှ လူကုန်ကူးခံရသူပမာဏမှာ တစ်နိုင်ငံလုံး ပမာဏ၏ ၁၇ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ
၁၃ ရာခိုင်နှုန်း၊ ပဲခူးတိုင်းက ၁၂ ရာခိုင်နှုန်း၊ ကချင် ပြည်နယ်က ၁၁ ရာခိုင်နှုန်း၊ မွန်ပြည်နယ်က
၇ ရာခိုင်နှုန်း၊ မကွေးတိုင်းက ၆ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်က ၄ ရာခိုင်နှုန်း၊ ဧရာဝတီက
၂ ရာခိုင်နှုန်း အထိ အသီးသီးရှိနေရာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းသည် လူကုန်ကူးခံရသူ
အများဆုံး နေထိုင်ရာမူလ ဒေသများ ဖြစ်နေကြောင်း တွေ့ရမည် ဖြစ်ပါသည်။
''လူကုန်ကူးမှု
ဖြစ်စဉ်တွေကိုကြည့်ရင် ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးတွေမှာ နေထိုင်သူတွေတောင်
အသိအမြင်တွေရှိကြရဲ့နဲ့ ပြည်ပမှာ အလုပ်သွားလုပ်ရာက ပွဲစား၊ အေးဂျင့်တွေရဲ့ လိမ်လည်တာကို
ခံရပြီး လူကုန်ကူးခံရတဲ့အနေအထားတွေ ဖြစ်သွားတာကို
တွေ့ရတယ်'' ဟု ပြည်ပလုပ်သားရေးရာ လေ့လာ နေသူတစ်ဦးက သုံးသပ်ခဲ့ပါသည်။
လူကုန်ကူးမှုအများဆုံး
ဖြစ်ပွားလေ့ရှိသည့် တိုင်းဒေသကြီးများတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများကို ရာခိုင်နှုန်းဖြင့် လေ့လာကြည့်ပါက ရှမ်းပြည်နယ်မြောက်ပိုင်းတွင်
၈၀ ရာခိုင်နှုန်း၊ မန္တလေးတိုင်းတွင် ၂၅ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်တွင် ၁၁ ရာခိုင်နှုန်း၊
ရန်ကုန်တိုင်းတွင် ၁၂ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းတို့တွင် ရှစ် ရာခိုင်နှုန်းတို့
အသီးသီးရှိကြောင်း သိရသည်။




