14
Jun

အဓမ္မ ပေါင်းသင်းခံရသူ ၂၅ ဦး ရှိဟု PWO ပြော

ချင်းမိုင် (မဇ္ဈိမ) ။       ။ တရုတ်နိုင်ငံဘက် ရွှေ့ပြောင်း လုပ်ကိုင်ရာမှ ရောင်းစားခံရကာ အဓမ္မ လက်ထပ်ပေါင်းသင်းခံရသည့်  ပလောင်အမျိုးသမီးငယ် ၂၅ ဦး ရှိသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် (တအောင်း) အမျိုးသမီးအစည်းအရုံး PWO က ပြောဆိုသည်။
 
လွန်ခဲ့သည့် ၆ နှစ်အတွင်း တရုတ်-မြန်မာနယ်စပ်ရှိ လူကုန်ကူးမှု ကိစ္စနှင့် ပတ်သက် ဆက်နွယ်သည့် ဖြစ်ရပ် ၇၂ ခု အချက်အလက်များ အခြေခံ၍  “သိမ်းပိုက် ခံဘဝများ” မြန်မာနိုင်ငံ ပလောင်ဒေသမှ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်း ဆိုသည့် အစီရင်ခံစာ တစောင်အား PWO က ထုတ်ပြန်ကာ ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့က နန့်ခမ်း၊ နန့်ဆမ်၊ မူဆယ် မြို့နယ်တဝိုက်မှ အချက်အလက် ကောက်ယူခဲ့သည်။
 
“ ၁၈ နှစ်နဲ့ ၂၅ နှစ်အရွယ်ကြား ၂၅ ဦးဆိုတာက ကျမတို့ အတိအကျ ကောက်ယူရတဲ့ စာရင်းဖြစ်တယ် ” ဟု PWO မှ အစီရင်ခံစာ ဖြစ်မြောက်ရေး တာဝန်ခံ လိုည်းမိုးခမ်းက ပြောသည်။
 
တရုတ်ပြည်တွင် ရောင်းစားခံရသူများမှာ ယူနန်ပြည်နယ်တွင် အဓိက ဖြစ်ပွားခဲ့ပြီး၊ တရုတ်-မြန်မာ နယ်စပ်အနီး ရွှေလီမြို့တွင် ၁၆.၄ ရာခိုင်နှုန်း၊ ကူမင်းမြို့တွင် ၁၁ ရာခိုင်နှုန်း၊ အချို့မှာ တရုတ်ပြည် အရှေ့ပိုင်း ဝေးလံခေါင်ဖျားသည့် ရှန်ဒေါင်ဒေသတွင် ဘဝပျောက်ဆုံးခဲ့ရသည်ဟု “သိမ်းပိုက်ခံဘဝများ” အစီရင်ခံစာတွင် ပါရှိသည်။
 
“သူတို့က နည်းအမျိုးမျိုးနဲ့ လွတ်မြောက်လာကြတယ်။ ညနေ နေဝင်တဲ့အချိန်မှာ ထွက်ပြေးတာရှိတယ်။ တချို့ကျတော့လည်း ကျမတို့ကို ဖုန်းဆက်သွယ်ပြီး တနေနေရာမှာ လာခေါ်ခိုင်းတာမျိုး ရှိတယ်။ ဈေးသွားရင်း လမ်းခုလပ်မှာ ထွက်ပြေးလာတာတို့ ရှိတယ်” ဟု လိုည်းမိုးခမ်းက ဆိုသည်။
 
သူက ဆက်ပြီး “လူအင်အားနဲ့ တအိမ်တက် တအိမ်ဆင်း ကောက်ယူခဲ့ခြင်းမျိုး မလုပ်နိုင်ဘူး။ ဒီအဖြစ်အပျက်တွေက sensitive ဖြစ်တယ်။ အလုပ်လုပ်ရင်းနဲ့ ကောက်တာဖြစ်တယ်။ ကျမတို့ရဲ့ ကွန်ယက်တွေထဲက ဥပမာ ကယ်တင်ခဲ့တဲ့သူ၊ အရောင်းအစား ခံရတာကနေ ကိုယ်က ကူညီလိုက်တဲ့ လူတွေကနေတဆင့် သိရတာမျိုး တချို့မိသားစုဝင်တွေက ပြောတဲ့ အချက်အလက်မှ ကောက်ယူ စုဆောင်းခြင်း ဖြစ်တယ်” ဟု ပြောသည်။

PWO သည် ၂ဝဝ၇ ခုနှစ်မှစ၍ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း၊ လူကုန်ကူးခံရခြင်းဆိုင်ရာ အမျိုးသမီးများကို ပညာပေးနိုင်မည့် နေရာဌာနတခုကို တရုတ်-မြန်မာနယ်စပ် ပလောင်ဒေသတနေရာ၌ ဖွင့်လှစ်ထားရာမှ အချက်အလက်များ စုဆောင်း ကောက်ယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

မဇ္ဈိမ - အဓမ္မ ပေါင်းသင်းခံရသူ ၂၅ ဦး ရှိဟု PWO ပြော

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top