ကျမတို့ တိုင်းပြည်ကို HIV/AIDS ရောဂါ တိတ်တဆိတ် ဝင်ရောက်လာတာဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပါတယ်။
စတင် ဖြစ်ပွားစဉ်ကတော့ နိုင်ငံခြား သဘောင်္သား တယောက်က စဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၉ဝ နောက်ပိုင်းမှာ သဘောင်္သားရောဂါ ဆိုပြီး ခေါ်ကြပါတယ်။
အဲ့ဒီက တဆင့် ၁၉၉၄-၉၅ လောက် ရောက်တော့ ဒီရောဂါဟာ လိင်တူ ဆက်ဆံသူတွေ
အဖြစ်များလာပါတယ်။ အဲ့ဒီအချိန်ကျတော့ ဒီရောဂါကို အခြောက်ရောဂါ ဆိုပြီး ထပ်မံ ကင်ပွန်းတပ်ပါတယ်။
ကျောင်းမှာ ဒီရောဂါအကြောင်း သင်နေရပေမယ့် သင်တဲ့ဆရာကလည်း အလေးနက်မရှိ၊
အပွင့်လင်းဆုံး ပြောရမယ်ဆိုရင် ကျမတို့ကိုယ်တိုင်လည်း စိတ်မဝင်စားခဲ့ပါဘူး။ ၁၉၉၆
ကျမကျောင်းပြီးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုရောက်တော့လည်း တခြားသော
လူမှုရေး လုပ်ငန်းတွေကိုသာ လုပ်ဖြစ်ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်လို့
သိပ်မသိခဲ့ပါဘူး။
လူငယ်ထုကြားထဲမှာတော့ လေးလုံးရောဂါ၊ လေးလုံးရောဂါ ဆိုပြီးတော့
အတော်လေးတော့ အပြောများလာပါတယ်။ အစိုးရကလည်း ကုရာနတ္ထိဆေးမရှိဆိုတဲ့
ဆိုင်းဘုတ်ကြီးတွေကို လမ်းဆုံလမ်းခွတွေမှာ လိုက်တင်ပါတယ်။ ပြည်သူလူထုကလည်း
အတော်လေး အထိတ်တလန့် ဖြစ်ကုန်ပါတယ်။
အခြေအနေတွေကတော့ အတော်ဆိုးဝါးလာပြီ ဖြစ်ပါတယ်။
မူးယစ်ဆေးသုံး လူငယ်များ၊ ပြည့်တန်ဆာများ အားလုံးကို သွေးစစ်ပေးမယ့်
အစီအစဉ်မျိုးလည်း အစိုးရမှာ ရှိပုံမပေါ်ပါဘူး။ သူ့အုပ်ချုပ်ရေးယန္တရား ခိုင်မြဲရေး
တခုသာ ကြည့်ပြီးတော့ ကျန်းမာရေးကိစ္စကို လှည့်တောင် မကြည့်သလို ဖြစ်နေပါတယ်။
ဒီလို ဖြစ်သလိုသွားနေရင်းနဲ့ လူအတော်များများကလည်း
သေကုန်ပါတယ်။ ကျမတို့ ပတ်ဝန်းကျင် အနီးနားက လူငယ်တွေ၊ လူလတ်တွေ ပိန်လှီပြီး
သေကုန်တာမျိုးပါ။ မေးကြည့်လိုက်ရင် တီဘီကျွမ်းတယ်၊ ငှက်ဖျားပိုး ခေါင်း ထဲရောက်တယ်
ပြောပါတယ်၊ ဒါကတော့ ကျမ ပတ်ဝန်းကျင် ကွက်ကွက်ကလေးက အခြေအနေပါ။ တတိုင်း
ပြည်လုံးအခြေနေက ဘယ်လောက်ဆိုးဝါးနေပြီလဲ ဆိုတာတော့ သိပ်ပြောစရာ မလိုတော့ဘူး
ထင်ပါတယ်။
ဒီလိုအခြေနေဆိုး ကြားထဲမှာပဲ ၂ဝဝ၂ ခု မေလခြောက်ရက်နေ့မှာ
နေအိမ်အကျယ်ချုပ် ခံထားရတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ပြန်လည်လွတ်မြောက်လာပါတယ်။
စစ်အစိုးရကလည်း သမိုင်းစာမျက်နှာသစ်
ဖွင့်လှစ်လိုက်ပြီဆိုတဲ့ စကားလုံးလှလှလေး သုံးပြီးကမ္ဘာကို ရုတ်တရက်
ဖမ်းစားလိုက်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ အခြေခံပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိ တာတွေကတော့
ဘယ်ခေတ်ကနဲ့မှ နှိုင်းမရအောင် ဆိုးဝါး ဆုတ်ယုတ်နေတာပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်အမြော်အမြင်ရှိတဲ့
ခေါင်းဆောင်ပါ။ “HIV ပိုးကို ထိန်းချုပ်ခြင်းသည် ကျမ တို့အနာဂတ်ကို
ထိန်းသိမ်းခြင်းပင်ဖြစ်သည်” လို့ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၈ တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာ
ကျင်းပပြုလုပ်တဲ့ ခုခံအား ကျဆင်းမှုဆိုင်ရာ ညီလာခံကြီးအတွက်
ပေးပို့တဲ့မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။
အာဏာပိုင်တွေက ကျန်းမာရေးလုပ်ငန်းတွေကို ဦးစားမပေးပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည် အတွက် ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို စတင်
လုပ်ဆောင်ပါတယ်။ အဲ့ဒီထဲမှာမှ ကျမတို့ လူငယ် ၁၉ ဦး စိစစ် ရွေးချယ်ပြီး UNDP
ရုံးမှာ HIV ကာကွယ်တားဆီးရေးနဲ့ ပြုစုစောင့်ရှောက်ရေး သင်တန်း
တက်ရောက်ဖို့ ပို့လွှတ် တာလည်း တခုပါဝင်ပါတယ်။
သင်တန်းကာလ ပြီးချိန်မှာတော့ ကျမတို့ လူငယ် ၁၉ ဦးစလုံး
တက်ကြွစွာပါဝင် ဆောင်ရွက် ကြပါတယ်။ အဖွဲ့ချုပ် ရုံးမှာလုပ်တဲ့ ပညာပေး
ဟောပြောပွဲတခု အမေရိကန်ပြည်ထောင်စုက ရောဂါဝေဒနာ ခံစားနေရသူတယောက်၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ကျမ အတူတူ ဟောပြော ကြပါတယ်။ အဲ့ဒီအချိန်ကစပြီး ဒီရောဂါ
စွဲကပ်ခံနေရ သူတွေနဲ့ ကျမတို့ အဖွဲ့ချုပ်ဝင်တွေ ကြားမှာ လုံးထွေးပြီး
လုပ်ကိုင်နေတာ ဒီနေ့ထက်တိုင်ပဲ ဖြစ်ပါတယ်။
ဒီအလုပ်ကိုလုပ်လို့ တခြား NGO တွေလို ငွေကြေး မရပါဘူး။ ဒီလောက်ကြီးကျယ်တဲ့ အလုပ်ကို လုပ်ကိုင်နေရ
ပေမယ့် ရန်ပုံငွေလည်း ခုထက်ထိမရှိပါဘူး။ အလျဉ်းသင့်သလို လုပ်ကိုင် ဆောင်ရွက်နေတာပါ။
ဒီတော့ ကျမတို့ အဖွဲ့လုပ်ကိုင်နေတာကိုကြည့်ရင် စည်းစနစ်တကျမရှိ ဆိုသလိုဖြစ်နေမှာပါ။
တဘက်မှာ အာဏာပိုင်တွေကလည်း အစဉ်တစိုက် ဒုက္ခပေးဖို့
စောင့်ကြည့်နေပါတယ်။ ဒီအကြောင်းချက်တွေကို တော်ရုံ လွတ်လပ်တဲ့နိုင်ငံက လူတွေ
နားလည်မယ် မထင်ပါဘူး။ လူငယ်တွေဟာ ငွေကြေး တပြားတချပ်မှ မရ တာ ကြာလာတော့
သိပ်မလုပ်နိုင်တော့ပါဘူး။ ၂ဝဝ၃ ခုနှစ် နောက်ပိုင်းကျတော့ ကျမရယ်၊ အစ်မလို
ခင်မင်ရတဲ့ မခင်ထားရီရယ် မိန်းမသား နှစ်ဦးတည်း လုပ်ကိုင် ဆောင်ရွက်ရပါတော့တယ်။
ကျမတို့မှာ စတင်လုပ်ကိုင်စဉ်ကတည်းက ငွေကြေး ရန်ပုံငွေကလည်း
မရှိ။ မိန်းမသား နှစ်ဦးတည်းလည်း ဖြစ်ပြန် ဆိုတော့ အစစ အရာရာဟာ စိတ်မချစရာနဲ့
စိုးရိမ် ပူပန်စရာ ဖြစ်နေတာပါ။ မှတ်မှတ်ရရ ကျမတို့ကို စတင်လာရောက် ဆက်သွယ်တဲ့
လူနာဟာ အာဏာပိုင်တွေဘက်က ရဲဝန်ထမ်းတဦး ဖြစ်နေတာပါ။ သူ့ကို စတင်ပြီး ကူညီ
ဆောင်ရွက်ပေးခဲ့တာ ခုဆို လူနာ ၂ဝဝဝ ကျော်သွားပါပြီ။
ကံမကောင်း အကြောင်းမလှလို့ အသက်ဆုံးရှုံးခဲ့ရတဲ့
လူနာတွေကလည်း အများကြီးပါပဲ။ နောက်ပိုင်းမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့
လူနာတွေအကြောင်း ရေးသားပါဦးမယ်။
နည်းမှန်လမ်းမှန်နဲ့ ကျမတို့ဆီရောက်ရှိလာတဲ့
လူအတော်များများကိုတော့ အေအာဗွီဆေး အကူအညီ၊ ကျမတို့ရဲ့ အားပေးမှုတို့နဲ့ အသက်ဆက်ပေးနိုင်ခဲ့ပါတယ်။
ဒီရောဂါ တိုက်ဖျက်ရေးအတွက် ခုချိန်မှာ ကျမ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ
တိုက်ဖျက်နေပါတယ်။ အကယ်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတော့
လမ်းညွန်၊ ဦးဆောင်မှုပေးမယ်ဆိုရင် ဒီရောဂါ တိုက်ဖျက်ရေး ပိုမိုအားကောင်းလာမှာ
မုချပါ။
ဒီရောဂါ အမြစ်ပြတ်ဆေး မပေါ်သေးသရွေ့ ကျမကတော့ HIV/Aids
ကာကွယ်တားဆီးရေး၊ လူနာတွေကို ပြုစု စောင့်ရှောက်ရေးတွေ
ဆောင်ရွက်ပေးနေမှာ ဖြစ်ပြီးတော့ ပြည်သူအားလုံးလည်း ကျန်းမာရေး သတိရှိရှိနဲ့
ဒီရောဂါ ဆိုးကြီး တိုက်ဖျက်ရေးမှာ အဖွဲ့တဖွဲ့နဲ့ ပူးပေါင်းလို့ဖြစ်စေ၊
တဦးချင်းဖြစ်စေ ပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။
အစောပိုင်းမှာ အထက်က တင်ပြခဲ့သလို ကျမတို့မှာ
နည်းလမ်းလည်းမသိ ဆေးဝါးလည်းမသိ ယောင်ဝါးဝါး လျှောက်လှမ်းရတာပါ။ ဒီတော့ လူနာတွေအိမ်တွေကို
လိုက်ပြီး ပြုစုကုသပေးတာ အဝတ်လျှော်၊ ကြမ်းတိုက်၊ ထမင်းဟင်းချက်ပြုတ်
ကျွေးမွေးတာတွေကို လိုက်လုပ်ပေးရုံက လွဲပြီး တခြားသော ဆေးဝါးကိစ္စတွေ မလုပ်ကိုင်
နိုင်ဘူး ဖြစ်နေလေတော့ အစောပိုင်းလူနာတွေဟာ စိတ်ပိုင်းဆိုင်ရာ မြင့်တက်လာပေမယ့်
ကိုယ်ခန္ဓာက မလိုက် နိုင်ဖြစ်ပြီး သေဆုံးကုန်ပါတယ်။
စလုပ်ကိုင်စဉ် အခက်အခဲ တခုကတော့ ကာယကံရှင်ကလက်ခံပါရဲ့
မိသားစုက လက်မခံဘဲ ကျမတို့ကို ဆဲဆို မောင်းထုတ်တာမျိုး လုပ်ပါတယ်။
တချို့ကျတော့လည်း မိသားစုကသိပြီး စိုးရိမ်၊ ကာယကံရှင်က လက်မခံတာ မျိုးတွေ
အများကြီး ကြုံတွေ့ရပါတယ်။
ဒီရောဂါဟာ အကျင့်ပျက်လို့ဖြစ်တာ၊
စာရိတ္တချွတ်ယွင်းလို့ဖြစ်တာ ဆိုပြီး တလွဲအယူတွေ ရှိနေတာပါ။ အစိုးရက လည်း
ကုရာနတ္ထိဆေးမရှိလို့ ပြောလိုပြော၊ ဘေးပတ်ဝန်းကျင်ကလည်း ဒီရောဂါဖြစ်ရင် ခြောက်လပဲ
ခံတော့မယ်၊ သေမယ်၊ ဆေးရုံတင်လို့လည်း မဖြစ်ဘူး၊ ဆေးရုံက ဆေးထိုးသတ်တယ်
ဆိုတာလိုမျိုး သတင်းမှားတွေကလည်း အများကြီး ထွက်နေတာပါ။
ဒီလိုကောလာဟလတွေကြောင့် လူတွေ အတော်များများက သူတို့မှာ
ဒီရောဂါလက္ခဏာရှိကြောင်း ပြနေစေဦး တော့ ဒီရောဂါဖြစ်နေတာ မဟုတ်ပါဘူး ဆိုပြီး
ခါးခါးသီးသီး ငြင်းဆန်တော့ပါပဲ။ ဒီတော့ ဆင့်ပွားကူးစက်တာတွေ၊ အရက်သေစာ
သောက်စားပြီး နေချင်သလို နေလိုက်တာမျိုးတွေ အများကြီး ဖြစ်ကုန်တာပါ။
ကနဦး အစတုန်းက ကုရာနတ္ထိဆေးမရှိလို့ အစိုးရက ပြောမယ်ဆိုလည်း
ပြောစရာပါ၊ ကျမတို့နိုင်ငံမှာ အေအာဗီ ဆိုတာ ကြားတောင် မကြားဘူးသေးလို့ပါ။ ရောဂါသည်
အများစုက ရောဂါအဆင့်လွန်ပြီးတော့မှ ဝေဘာဂီ ကူးစက်ဆေးရုံရောက်၊ ရောက်ပြန်တော့လည်း
ပိုးသတ်ဆေးကအစ ဆေးနဲ့ဆေးပစ္စည်းမျိုးစုံ ဝယ်ယူရလေတော့ လူနာ အများစုက အသက်
ဆုံးရှုံးရပါတယ်။
အခုကျတော့ အေအာဗီဆေးက အရင်ကထက်စာရင် အများကြီးသက်သာတဲ့
ဈေးတွေနဲ့ ဝယ်သောက်လို့ ရလာပါပြီ။ ဒါပေမယ့် ပျောက်စေဆရာတွေ၊
တိုင်းရင်းဆေးယောင်ယောင် ဘီးဇပ်ရွက်လို အရွက်တွေနဲ့ ဒီရောဂါပျောက်တယ်၊ ဒီရောဂါဟာ
တနေ့ ခွေးတကောင်စားရင် ပျောက်တယ် ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေကိုတော့ တိုက်
ဖျက်ရဦးမှာပါ။
မဖြူဖြူသင်းသည် ပြီးခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှစတင်၍
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး
လုပ်ငန်းစဉ်များတွင် ဦးဆောင် လုပ်ကိုင်နေသူ တဦး ဖြစ်သည်။




