14
Sep

အပယ်ခံ ဘဝ

အိတ်ခ်ျအိုင်ဗွီ ရောဂါကူးစက်မှုသည် တစ်ကမ္ဘာလုံးတွင် အလွန် စိုးရိမ်နေကြရသော ရောဂါ တစ်မျိုး ဖြစ်ပါသည်။ ထို့ ကြောင့် အိတ်ခ်ျအိုင်ဗွီ ရောဂါ ကာကွယ် တားဆီး နိုင်ရေးမှာ ကမ္ဘာပေါ်ရှိ အစိုးရများ၏ အခန်းကဏ္ဍသည် အလွန်ပင် အရေးကြီးလှပါသည်။ သို့ သော် မြန်မာနိုင်ငံတွင် အစိုးရ၏ အာရုံစိုက်မှု နည်းပါး ခြင်းကြောင့်

အစိုးရ ဆေးရုံ များ၌ အိတ်ခ်ျအိုင်ဗွီ ရောဂါ ပြန့် ပွားမှုကို အားပေးသလို ဖြစ်နေပါသည်။ ယခု မွန်ပြည်နယ် ၊ မော်လမြိုင် မြို့  အမေရိကန် ဆေးရုံကြီး ၌ တက်ရောက် ဆေးကုသ ခဲ့သော ကရင် ပြည်နယ် ၊ ကြာအင်း ဆိပ်ကြီး မြို့ နယ် ၊ တဂေး ကျေးရွာမှ နော်သဒါး မလာသည် ဆေးရုံမှ သွင်းပေးလိုက်သော သွေးကြောင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်မှုကို ခံခဲ့ရပါသည်။ ဤသို့ ကူးစက် ခံရသဖြင့် သူမသည် ရောဂါကုသဖို့ ဆေးဝါးစရိတ် မတတ်နိုင်သဖြင့် ယခုအခါ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့ နယ်၊ ဘုရားသုံဆူနယ်စပ် မှာ ရှိသည့် ထိုင်းနိုင်ငံ ၊ စန်ခလ ဘူရီ  (Sangkhlaburi) နယ်စပ်ရှိ ဆရာမ ဖောလူးလု ဦးဆောင်သည့် (Safe House) သို့ အခု မေလပိုင်းမှာ ရောက်ရှိ လာခဲ့ သဖြင့် ဆွေ့ ဆုံ မေးမြန်း နိုင်ခဲ့ပါသည်။ သူမ ဘယ်လိုမျိုး အိတ်ခ်ျအိုင်ဗွီ ရောဂါရရှိခဲ့ပါသလဲ၊ ယခုလိုတွေ့ ဆုံ မေးမြန်းခဲ့ပါသည်။

ကျမနာမည်က နော်သဒါး မလာပါ။ အသက်က (၂၁) နှစ်ရှိပါပြီး။ ကရင်လူမျိုး ဖြစ်ပါတယ်။ အဖေနာမည်က စော်ညူးမလာ (အသက် ၄၈-နှစ်) နဲ့ အမေနာမည်က နော်ဃေးနီမူး (အသက် ၄၄-နှစ်) ပါ။ ကျမမှာ အစ်မ (အသက် ၂၆) နှစ် တစ်ယောက်နဲ့  အစ်ကို (အသက် ၂၃) နှစ် တစ်ယောက်ရှိပါတယ်။ အစ်မ အိမ်ထောင်ကျသွားပါပြီး။ အစ်ကိုက နို့ ဖိုး ဒုက္ခသည် စခန်းမှာ ကျောင်းတက်နေတယ်။ ကျမက အထွေးဆုံးပါ။ ကျမတို့ နေတာက ကရင်ပြည်နယ် ၊ ကြာအင်း ဆိပ်ကြီး မြို့ ရဲ့ အရှေ့ ဘက် (၃) မိုင် လောက် အကွာမှာ ရှိတဲ့ တဂေး ကျေးရွာမှာပါ။ ကျမတို့ ရွာက ဘုရားကျောင်း နှစ်ကျောင်းရှိတဲ့ ခရစ်ယာန် ကရင် တောရွာ ကလေးပါ။ အိမ်ခြေပေါင်း (၃၀၀) လောက် ရှိပါတယ်။ ကျမတို့ ရွာက ဇမိချောင်း ကမ်းပါး ပေါ်မှာ တည်ရှိပါတယ်။ တစ်ရွာလုံးကလည်း ချောင်းကို အမှီ သဟဲပြုပြီး နေထိုင်ကြပါတယ်။ ရွာကလူတွေ ကတော့ ခြံအလုပ်တွေ ၊ တောင်ယာအလုပ်တွေ ၊ လယ်အလုပ် တွေ ၊ ရော်ဘာခြစ်တဲ့ အလုပ်တွေပဲ လုပ်ကိုင်စား သောက်ကြပါတယ်။ ရွာရဲ့ဓလေ့အတိုင်း ခရစ်ယာန် ဘရားကျောင်းကို မှီပြီး စည်းလုံးညီညွတ် မှုတွေ ရှိကြတယ်လေ။

လွန်ခဲ့တဲ့ (၆) နှစ် (၂၀၀၅) လောက်တုန်းက ကျမ ချစ်သူ စော်မူးလိုဘလဲ (ခေါ်) တဒဲဒဲ (ယခု အသက် ၂၆- နှစ်) နဲ့  မင်္ဂလာဆောင်ခဲ့ပါတယ်။ သူ့ အိမ်နဲ့ ကျမအိမ်က သိပ်မဝေး ဘူးလေ။ ကျမတို့ က ငယ်ချစ်တွေဆိုတော့ အရမ်းချစ် ကြပါတယ်။ ကျမ မင်္ဂလာဆောင်ပြီး (၃) လလောက် အကြာမှာ ကိုယ်ဝန်ရပါတယ်။ ထူးထူး ဆန်းဆန်းပဲ ကျမ ကိုယ်ဝန်က တစ်လဆိုပေမယ့် (၆) လကိုယ်ဝန်လို ဗိုက်က တအားကြီးနေပါတယ်။ ကိုယ်ဝန်(၁) လခွဲ လောက်မှာ သွေးတွေ အရမ်းသွန်ပါတယ်။ ရွာက ကိုယ်ဝန်ဆောင် လက်သည် တွေက သွေးမသွန် အောင် ၊ ကလေး မပျက်စီး အောင် လုပ်ပေးခဲ့ပါတယ်။ အဲဒါနဲ့  သွေးသွန်တာ သက်သာ တယ်ဆိုပေမယ့် သွေးနည်း နည်း တော့ ဆင်းနေတုန်း ပါပဲ။ အဲဒီ နောက်တော့ ဗိုက်ဟာ သဘာဝ မဟုတ်တော့ဘဲ အရမ်းကို ကြီးလာတယ်။ ပြီးတော့ ၀မ်းထဲက ကလေးလည်း လှုပ်ရှားမှု မရှိဘူးလေ။

အဲဒါနဲ့ ကျမနဲ့  အမေက ကြာအင်း ဆိပ်ကြီး မြို့ ပေါ်က ဆေးခန်းကို သွားပါတယ်။ ဆေးခန်းမှာ သွားစစ်တော့ ကလေးက အသက်မရှူးဘူး လို့ ပြောပါတယ်။ ပြီးတော့ သူတို့ က အားဆေးထိုးပေးပြီး အိမ်ကို ပြန်ခိုင်းပါတယ်။  အားဆေးထိုးပြီး တစ်ပတ်လောက်ကျတော့ ဗိုက်ဟာ ပိုပြီး တင်းကားပြည့်ကျပ်လာပြီးတော့ အပေါ့လည်း သွားလို့ မရတော့ပါဘူး။ ထမင်းလည်း စားလို့ မရတော့ ပါဘူး။ ရွာကလူတွေက အပင်း (ဆေးခပ်တဲ့သဘော) ထိတယ်။ ဆေးထိတယ် ထင်ပြီး ကျမကို ကြောက်နေကြပါတယ်။ ဒါနဲ့  ကြာအင်း ဆိပ်ကြီး ဆေးရုံမှာ သွားပြ ပါတယ်။ ကျမ ဗိုက်က အဆမတန် ကြီးလာတော့ ဆရာမတွေက ဘာမှ မလုပ်တတ်လို့  မော်လမြိုင် အမေရိ ကန် ဆေးရုံကြီး ကို သွားပြဖို့ လမ်းညွန်ခဲ့ပြီး လက်မှတ် တစ်စောင် ရေးပေးလိုက်ပါတယ်။

မော်လမြိုင် အမေရိကန် ဆေးရုံကြီးကို ရောက်တော့ ဆရာမတွေက ပိုက်ဆံပါလားလို့  အရင်မေးပြီး ပါတယ်  ဆိုတော့မှ စမ်းသပ်ပေးပါတယ်။ ပြီးတော့ ကျမ ဆေးရုံတက်ရပါတယ်။ ဆေးရုံက ဆေးထိုးပေးတော့မှ ဗိုက်က ကြီးမလာပေမယ့် အရင်က အတိုင်းပဲ တင်းကားနေဆဲပါ။ အပေါ့ဆို လုံးဝသွားမရပါဘူး။ ဒါကို သူတို့ စမ်းသပ် ပြီးတော့ ဗိုက်မခွဲရဘူးလို့  ပြောပါတယ်။ ဒါပေမယ့် ဗိုက်ထဲက အရည်တွေ တော့ စက်နဲ့  စုတ်ထုတ်ရမယ်တဲ့။ ပြီးတော့ (Ultrasound) သွားရိုက်ရပါတယ်။ ဆရာမတွေကတော့ ဗိုက်မှာကလေး မရှိဘူး။ စဗျစ်သီးလို သွေးလုံး သေးသေး လေးတွေပဲ ရှိတယ်တဲ့။ စဗျစ်သီးသန္ဓေတဲ့။

ကျမတို့ ရွာမှာ စဗျစ်သီးသန္ဓေ ဖြစ်ဖူးတဲ့လူ မရှိဘူး။ ကျမ တစ်ယောက်ပဲ ပထမဦးဆုံးလေ။ အဲဒီရောဂါကို ကြား ပဲကြားဖူးတာ။ နောက်တစ်နေ့ မနက်မှာ ခွဲခန်းဝင်ရမယ်လို့  ပြောပါတယ်။ ပိုက်ဆံပေးနိုင်ရင် လူနာကို ကောင်း ကောင်း မွန်မွန် ခွဲစိတ်တယ်လို့  ဆရာမတွေက ပြောလို့  အမေက ခွဲစိတ်မဲ့ ဆရာဝန်ကို ပိုက်ဆံ နှစ်သောင်းခွဲ ကျပ် အရင်သွားပေးခဲ့ ရသလို ဆရာမ တွေကိုလည်း ကြက်သားဟင်း ကောင်းကောင်း နဲ့  ထမင်းတစ်ပွဲစီ ကျွေး ခိုင်းပါသေးတယ်။ အဲဒါက ခွဲစိတ်ခန်းဝင်ရမယ့် လူနာတွေ လုပ်ရတဲ့ အလုပ်ဘဲလို့ ဆေးရုံက လူနာတွေက ပြောပါတယ်။

ဆေးရုံတက်နေတဲ့ အချိန် ကိုယ့်ရောဂါ နဲ့ ကိုယ် စိတ်မချမ်းသာ ရတဲ့အထဲ ဆရာမ တွေကလည်း ဆူချင်ဆူ နေ သေးတယ်။ ကျမကို ဆေးလာထိုး ပေးတဲ့ ဆရာမ တစ်ယောက်ဆိုရင် သူဖောက် လိုက်တဲ့ ဆေးရည်က ကျမ မျက်စိ ထဲဝင်သွား တယ်လေ။ အဲဒါ သူက ပ၀ါ တစ်ထည် ကျမ မျက်နှာပေါ် ပစ်ချပေးပြီး ကိုယ့်ဟာ ကိုယ် သုတ် လို့ ပြောပါတယ်။ ကျမ တို့ နေတဲ့ အခန်းမှာ လည်း မှောင်ပြီး အနံ့ အသက် လည်း မကောင်းပါဘူး။ သန့် ရှင်း ရေး လုပ်တဲ့သူတွေလည်း သိပ်မတွေ့ ရဘူး။ သူတို့  သန့် ရှင်းရေး လာလုပ်ပေးတဲ့ အချိန် ဆိုရင် လူနာတွေကို အော်ချင် အော်လိုက် သေးတယ်။ သူတို့ ကို ကျမတို့ က လက်ဘက်သုတ်တွေ ၊ မုန့် တွေ ၀ယ်ကျွေးတော့ မှ သိပ်မအော်တော့ပါဘူး။ သူတို့ ဟာ သူတို့ စုဖွဲ့ ပြီးတော့ လက်ဘက်သုတ်တွေ စားကြ ၊ စကားတွေ ပြောကြ ၊ ရီနေကြတယ်လေ။ ဆေးရုံက အိမ်သာတွေဆိုရင်လည်း အနံ ဆိုးတာတောင် မကဘူး ၊ အိမ်သာ ခွက်မှာ လောက်တွေ ပြည့်နေ ပါတယ်။ လူကြီး ဧည့်သည်တွေ လာမယ့် အချိန်ကျမှ သန့် ရှင်းရေးကို ဂရုတစိုက် လုပ်ပေးတယ်လို့  ပြောပြခဲ့ပါတယ်။

ခွဲစိတ်ခန်းကို မနက်ပိုင်းမှာ စ၀င်ရပါတယ်။ ၀င်တဲ့ အချိန်မှာ ကျမကို ထုံဆေး ထိုးပေးပါတယ်။ ပြီးတော့ သားအိမ်ထဲက အရည်တွေစုတ် ထုတ်တဲ့ အသံတွေ ကြားနေရတယ် ၊ ပထမ တစ်ခေါက် စုတ်ထုပြီးတော့ ရပ်လိုက်တယ်။ ပြီးတော့ အရည်တွေ မကုန်သေးဘူး ဆိုပြီးတော့ နောက်တစ်ခေါက် ထပ်စုတ်ရတယ်။ အဲဒီ လိုစုတ်တဲ့အချိန်မှာ သွေးထွက်သွား တာများတယ် ဆိုပြီး သွေးလို သွားတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဆရာ မတွေက အပြင်က ရနိုင်တဲ့ သွေးကို အရင်ရှာကြည့်တဲ့။ ဒီတော့ ကျမ အမေက အပြင်က သွေးကို ရုတ်တရက် ဘယ်လိုမှ ရှာမရဘူး။   ပြီးတော့ အပြင်က သွေးကိုလည်း စိတ်မချဘူး။ ဒီကြားထဲ ဆွေမျိုးတွေလည်း ပါမလာ တော့ သွေးရှာရ ခက်နေတယ်။ အဲဒီ အခါ ကျတော့ ဆေးရုံက စိတ်ချရတဲ့ သွေးကို ပဲ ယူတော့ မယ်လို့  အမေက ပြောလိုက်ပါတယ်။ အဲဒီတော့မှ ဆရာမတွေက သူတို့ ဆီမှာ လာလှူထားတဲ့ သွေးရှိတယ် ။ ပြီးတော့ ရောဂါစစ်ပြီး သားသွေး တွေဖြစ်တယ်။ စိတ်ချရတယ်လို့  ပြော ပါတယ်။ သွေးက (၃) အိတ်လိုတယ်။ တစ်အိတ် ကို (၁၅၀၀၀) ကျပ်ပေး ရပါတယ်။ အဲဒီ ခွဲခန်းမှာပဲ သွေးသွင်း လိုက်ရပါတယ်။

ကျမရဲ့ ခြေထောက် နှစ်ဘက် စလုံးနဲ့  လက်နှစ်ဘက် စလုံးမှာ သွေးနှစ်အိတ်နဲ့  ဓါတ်ဆားရည်လို့  ထင်ရတဲ့ ပု လင်းအလုံးကြီး နှစ်လုံး သွင်းထားရပါတယ်။ ကျမ သွေးသွင်း တုန်းမှာ   သွေးဟာ   အေးစက်နေတယ်။ ပြီးတော့ သွေးအိတ်ဟာ အနီ တစ်ပိုင်း အဖြူ တစ်ပိုင်း ဖြစ်နေတယ်လေ။ သွေးသွင်း နေတုန်းမှာလည်း အဲဒီ သွေးအိတ် ထဲက သွေးတွေ သမအောင် ဆိုပြီး လှုပ်လှုပ်ပေး ရပါတယ်။ နေ့ လည် (၂) နာရီ ကျော်လောက်မှ ခွဲစိတ်ခန်းက ကျမ ထွက်ရပါတယ်။ ကျမကို ညအိပ်စောင့်တဲ့ ဆရာမ တွေကလည်း စိတ်အမြဲတမ်းတိုနေပါ တယ်။ ညဘက် ဆို သွင်းထားတဲ့   ဆေးဘူးကြီး ကုန်လို့ သူတို့ ကို သွားခေါ်ရင် လည်း အော်ထည့်ပါတယ်။ ပြီးမှ ဆေးလာလဲပေးတယ်။ နောက်ကျတော့ အမေက ဆရာမ တွေကို မုန့် တွေ ၊ ဟင်းတွေ ၊ထမင်းတွေ ၀ယ်ကျွေးတော့ တာဝန် ကျ ဆရာ မတွေက ကျမကို ကောင်းကောင်း ကြည့်လာတော့ တယ်။ ကျမ ဆေးရုံ တက်တာ (၁) လနီးပါး ကြပါ တယ်။ အဲဒီ တစ်ခေါက် ကျမဆေးရုံ တက်တာ (၁၀) သိန်းကျော် ကုန်ပါတယ်။ ဆေးရုံက ဆင်းပြီး တော့လည်း တစ်လ တစ်ခါ သွားပြရမယ်လို့  ဆရာ မတွေက ရက်ချိန်းပါတယ်။ ချိန်းတဲ့ ရက်အတိုင်းပဲ ကျမ ပုံမှန် သွားခဲ့ တယ်။ လမ်းစရိတ် ၊ စားစရိတ် ၊ ဆေးစရိတ် တွေနဲ့  ကျမတို့ မှာ အကြွေးတွေ တဖြည်းဖြည့်း တင်ခဲ့တယ်လေ။

ကျမ ခွဲစိတ်ခန်း ၀င်ပြီး (၂) နှစ်ပြည့်မှ ကလေးယူရမယ်လို့  ဆရာမ တွေက ပြောတယ်။ (၂) နှစ်ပြည့်ပြီးတော့ ကျမ ကိုယ်ဝန်ထပ်ဆောင်ပါတယ်။ သားလေး စော်အယ်လော်ချော (အခု အသက် ၃-နှစ်) ကို မွေးပါတယ်။ သားလေး အသက် (၁ နှစ်နဲ့  ၃ လ) မှာ ကျမ နို့ ဖြတ်ပြီး အမေ့ကို ကြည့်ခိုင်းပါတယ်။ ပြီးတော့ ကျမ ယော င်္ကျားနဲ့  အတူတူ ခြံမှာ အလုပ်ဝင် လုပ်ပါတယ်။ သီဟိုဋ္ဋ်စေ့ကောက်တယ် ၊ သံပုရာသီး အချိန် သံပုရာသီး ခူးတယ်။ ကွမ်းသီး အချိန် ကျမယောင်္ကျားက ကွမ်းပင် တက်ခူး ကျမက ကောက်ပါတယ်။ နောက်ပိုင်းတော့ ကျမ လုပ်နေကြ အလုပ်ကို လုပ်ရတာ မောလာသလို ဖြစ်လာတယ်။ ညနေပိုင်း အိမ်ပြန်ရောက် ရင် လုံးဝ ထမင်း မစားနိုင်ဘူး။ တရေးလောက်အိပ်ပြီးထ မှ ထမင်းစားရတယ်။ နောက်ပိုင်း ဒီ ၂၀၁၀ မိုးတွင်းပိုင်း လောက် ကျတော့ ချောင်းဆိုးလာတယ်။ အဖျားလည်း တက်လာတယ်။ အရမ်းကို ပိန်ချောင်ကျလာတယ်။

အဲဒီ လိုဖြစ်တော့ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့ က ဆေးရုံကို သွားပြပါတယ်။ သူတို့ ကဓါတ်မှန်တွေ ရိုက်ပါတယ်။ ပြီးတော့ အဆုတ်မကောင်းဘူး။ တီဘီဖြစ်တော့ မယ်လို့ ပြောပြီး တီဘီ ဆေးပေးပါတယ်။ ပြီးတော့ ရက်ချိန်းတွေ ထပ်ခါ ထပ်ခါ ပေးပါတယ်။ ခဏ ခဏ သွားပြရပါတယ်။ သူတို့ ပေးတဲ့ တီဘီ ဆေးကို သောက်ပေမယ့်လည်း မသက်သာ ဘူး။ တစ်လ   လောက်နေတော့ ကျမ အခြေအနေက အရမ်းကို ဆိုးလာတယ်။ အဲဒါ နဲ့ ရွာက လူတွေက ကြာအင်းဆိပ်ကြီးမှာ ဆက်ပြနေရင် ပိုက်ဆံပဲ ကုန်မယ်။ ရောဂါမပျောက် ပါဘူး။   မော်လ မြိုင်မြို့ ကို ပဲသွားကြပါလို့ ပြောတော့ ကျမနဲ့ အမေ မော်လမြိုင်မြို့ က ဇာနည်ဘွားဆေးခန်းမှာ  သွားပြီးပြပါ တယ်။ အဲဒီကိုရောက်တော့ သူတို့ သွေးစစ်ပေးတယ်။ သူတို့ သွေးစစ်ပြီးတော့ ကျမကို ဘာရောဂါလဲ လို့  မေးတော့ သူတို့ မပြောပါဘူး။ ကျမယောင်္ကျားနဲ့ ကလေးကို မှာခိုင်းပါတယ်။ ပြီးတော့ သွေးစစ်ခိုင်းတယ်။ ဆရာမ ကသူတို့ မှာ ဘာရောဂါမှ မရှိဘူးလို့ ပြောပါတယ်။ ကျမကိုကျတော့ သောက်ဆေးတွေ ပေးတယ်။ ကျမ ဆေးခန်းမှာ တစ်ပတ်ကျော်နေပြီးမှ ရွာကို ပြန်ရတယ်လေ။ ဒီတစ်ခေါက်ဆေးခန်း သွားတာ (၁၆) သိန်း လောက် ကုန်တော့ ပိုက်ဆံတွေ လိုက်ချီးရတယ်လေ။ အဲဒီအချိန်က စပြီး ရွာကလူတွေက ကျမက သွေးလည်း သွင်းထားဖူးတယ်။ ကလေးနဲ့ ယောင်္ကျားပါ သွေးစစ်ခိုင်းတယ်ဆိုတော့ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်မယ်လို့  သံသမယ စ၀င်ကြတယ်လေ။

ဇာနည်ဘွားဆေးခန်းက မော်လမြိုင်မြို့ မှာ နာမည်ကြီးတယ်။ အမေရိကန် ဆေးရုံကြီးမှာ သွားပြချင် စိတ် မရှိ တော့ဘူး။ ဇာနည်ဘွားမှာ ဆိုရင် ပိုပြီး ကောင်းမယ် ထင်လို့ အဲဒီကို သွားပြတာလေ။ ဆေးခန်းက နာမည် ကြီး တော့ ဈေးကြီးတယ်လေ။ ကျမရောဂါက အရမ်းဆိုးနေတဲ့အချိန် ဆိုတော့ ဆေးခန်း ကောင်းကောင်း မှာပဲ ပြချင်နေတယ်။

ကျမရွာကို ပြန်ရောက်တော့ ကျမ ယောင်္ကျားရဲ့ ကျမအပေါ် ဆက်ဆံပုံတွေ ဆက်ဆံရေးပြောင်းလာတယ်။ ကျ မကို သူတအားကြောက်လာတယ်။ ကျမနဲ့ အတူတူ မအိပ်ရဲ တော့ဘူး။ ရွာကလူတွေကလည်း နင့် မိန်းမ ကို နင်ဆက်ယူရင် သူ့ ကို ပြုစုရမယ်။ သူ့ အလုပ်ကိုဘဲ လုပ်ပေးရမယ်။ နင်ဆက်ပြီး နေနိုင်ရင်နေပေါ့လို့ ပြောလာ ကြပါတယ်။ အဲဒီတော့ သူက အိမ်ကနေ ထွက်သွားဖို့ လမ်းစ ရှာပါတယ်။ ထိုင်းနိုင်ငံ ကိုသွားပြီး အလုပ်သွား လုပ်မယ်ပေါ့။ ပြီးတော့ ၂၀၁၀ မိုးကုန်ပိုင်းလောက်မှာ သူထိုင်းနိုင်ငံကိုထွက်သွား လိုက်ပါတယ်။ အခုထိ သူ့ ဆီ ကဘာအကြောင်းမှ မကြားရတော့ပါဘူး။ သူကျမကို ဘယ်သူနိုင်တော့ပါ့မလဲ။ ကျမ သူများဆီက တဆင့်ကြား တာက သူ့ မှာရည်စား အသစ်တွေ ရှိနေပြီး ၊ မကြာခင် ယူတော့မယ်လို့ ကြားရပါတယ်။ သူ့ ကလေးကိုတောင် ပြန်မကြည့်တော့ဘူးလေ။

ကျမ အစ်မ အကြီးဆုံးရဲ့ ယောင်္ကျားဘက်က ဆိုရင် ကျမကို ကြောက်ကြတယ်လေ။ သူတို့ ကလေးတွေကို ကျမ ဆီ ပေးမလာကြဘူး။ ကျမတူတွေ ၊ တူမတွေကလည်း ကျမ ကလေးဆီ လာလည်ချင်တောင်မှ မလာရဲ ကြပါဘူး။ ကျမ အစ်တို့  ယောက္ခတွေကဆို ကျမတို့ နေတဲ့ ချောင်းရဲ့ အောက်ဘက်ခြမ်းမှာ နေကြတယ်လေ။ သူတို့ တွေက အဲဒီမှာ ရေမချိုးရဲ ကြတော့ဘူး။ ကျမတို့ ရဲ့ အပေါ်ဘက်ခြမ်းမှာ ရေသွားချိုးကြတယ်။ ကျမအစ်မ ကျမကို ကြောက်ပေမယ့် တစ်ခါတစ်လေ လာလည်ပါတယ်။ ရွာကလူတွေရဲ့ဆက်ဆံရေး ကလည်း အရင်လို မဟုတ်တော့ပါဘူး။ ကျမကို အခေါ်အပြော မရှိတော့ပါဘူး။ ကျမဆီလာလည်တာတွေလည်း မတွေ့ ရတော့ ပါဘူး။ အရေးတကြီး ကိစ္စရှိလို့  အမေတိုဆီ လာ ရင်လည်း ခဏလေးပဲ စကားပြောပြီး ပြန်သွားကြပါတယ်။ ကျမ ဘုရားကျောင်း သွားရင် လူတွေက ကျမကို ကြောက်ကြပါတယ်။ ကျမနားမှာ မထိုင်ရဲကြဘူး။ ခပ်ဝေးဝေးမှာ ထိုင် ကြပါတယ်။ ထိုင်ခုံမရှိလို့ လာထိုင်ရင်လည်း အဝေးကနေ ခပ်ခွာခွာ ထိုင်ကြပါတယ်။ အနားမကပ် ကြတော့ဘူး။ နောက်ပိုင်းမှာတော့ ဘုရားကျောင်းကို လူအလာနည်းပါးလာ ပါတယ်။ အဲဒါနဲ့  အမေက သမီး ဘုရား ကျောင်းမသွားနဲ့ တော့ ကြာရင် ဘုရားကျောင်းမှာ လူမရှိတော့ဘူး။ အိမ်မှာပဲ ကျမ်းစာဖတ်နေလို့ ပဲ အမေပြောတော့တယ်။

အဲဒီလိုရွာက လူတွေ ဆက်ဆံရေး ပြောင်းလာတော့ စိတ်ထဲမှာမကောင်းတော့ဘူးလေ ။ အခုတော့ ဘာမှ လုပ်လို့ မရတော့ဘူးလေ။ ရွာမှာလည်း ဒီရောဂါကို ကြားပဲကြားဖူး တာလေ။ မမြင်ဖူးဘူး ဆိုတော့ သူတို့  ကြောက်ကြမှာပေါ့။ တချို့ ဆိုရင် ကြားဖူးတယ်။ ဒီရောဂါရတဲ့ လူကို ရွာပြင်မှာပဲ သူတို့ ပေးနေတယ်လေ။

ရွာကို ပြန်ရောက်တော့ ဇာနည်ဘွားဆေးခန်းက ပေးလိုက်တဲ့ ဆေးတွေ သောက်ပေမယ့် မသက်သာဘူး။ ရွာက ဆေးခန်းမှာလည်း အမြဲတမ်း အားဆေးတွေ သွားထိုင်းနေရပေမယ့် မသက်သာတဲ့ အဆုံးတော ဆေးကို သောက်ဖို့ ဆုံးဖြတ်လိုက်တယ်လေ။ အဲဒါနဲ့  အဖေကရွာနဲ့  တစ်ရက်အကြာ အကွာမှာရှိတဲ့ (နို့ တောပလာ့) ဆိုတဲ့ တောင်ပေါ်ကကရင်တွေ ဆီမှာ သွားပြီး ဆေးသွား ယူရတယ်။ အဲဒီက ကရင်တွေက ဆေးပြုတ်သောက် ကြတယ်လေ။ သူတို့ တွေက တောနက်ထဲက သစ်ဥတွေ ၊ သစ်ဖုတွေကို ရှာပြီး ဆေးပြုတ်တယ်လေ။ ကျမ က ကိုယ်တိုင် မသွားနိုင် ဘူးလေ။ တောင်မြင်မြင့် တွေ အများကြီး ကို တက်ဆိုက်ဆင်လိုက် ဆိုတော့ အဖေပဲ သွား ယူပေးရတယ်။ ပြီးတော့ ရွာက ပြုတ်ပးတဲ့ ဆေးကိုလည်း သောက်ပါတယ်။ တခြားရွာတွေက   ပြုတ်ပေးတဲ့ ဆေး ကိုလည်း သောက်ပါတယ်။ ဒါပေမယ့် မသက်သာဘူး။

ကျမဆေးကုတဲ့ စရိတ်နဲ့  ပဲ အကျွေးတွေတင်တာ မနည်းဘူး။ ကျမယောင်္ကျား ထိုင်းနိုင်ငံကို ထွက်သွားတော့ ကျမ တို့  မိသားစုမှာ အလုပ်လုပ် နိုင်တာ အဖေတစ်ယောက်ပဲ ကျန်တော့တယ်။ အမေက ကျမကို ပြုစုရတယ် လေ။ ပြီး တော့ ကျမသားလေးကိုလည်း ထိန်းကျောင်းရသေးတယ်။ အိမ်အအလုပ်လည်း လုပ်ရတယ်လေ။ ရွာမှာ အမေ့အမျိုးတွေ အများကြီးပဲ ။ သုံးနိုင်စွဲနိုင်တဲ့ လူတွေပဲ ။ ဒါပေမယ့် ဘယ်သူမှ ဆေးကုသတဲ့ စရိတ်တွေ မထောက်ပံ့ကြဘူး။ ကျမတို့ မိသားစုကတော့ ရောဂါလိုက်ကုသက်သက်နဲ့ စုထားသမျှ ရွေတွေလည်း ကုန် ၊ခြံတွေလည်း ရောင်းရ ၊ ၀ယ်ထားတဲ့ ဆိုင်ကယ်တွေလည်း ရောင်းရတယ်လေ။ အသင်းတော်ကတော့ (၄၀၀၀၀) ကျပ်ထောက်ပံ့ပါတယ်။ အလှူငွေကိုချေးရင် အတိုးမပေးရတော့ အလှူငွေပဲ ချေးနေရတယ်လေ။

ဟိုးလွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်တုန်းကတော့ ကျမတို့ ရွာကို ဆရာတစ်ယောက်ရောက်လာတယ်လေ။ အဲဒီလူက ဒီဘုရားသုံးဆူနယ်စပ်မှာရှိတဲ့ သူလေ ။ သူက ပြောတယ် စန်ခလ ဘူရီက   ချောလို့ ဆေးရုံကို သွားပြ ပါလားတဲ့ ၊ အဲဒီမှာ ဆိုရင် အလကားကုပေးတယ် ။ ပြီးတော့ တိကျတယ်။ ဘာရောဂါလဲ ဆိုတာ အတိအကျ သိမယ်လို့  သူပြောတယ်။ ကျမကလည်း ရောဂါ အသည်း အသန်ဖြစ်နေပြီလေ။ ဆေးရုံကဆေးတွေ လည်း သောက်လို့ မတည့်၊ ပြုတ်ပေးတဲ့ ဆေးတွေနဲ့ လည်း မတည့်၊ လိုက်ပြီး ကုဖို့ လည်း အကြွေးက များနေပြီး ဆို တော့ အဲဒီ ဆရာ   ပြောပြတဲ့   နေရာကို လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျမ မလာခင် ယောက္ခမက ပိုက်ဆံ (၂) သောင်းပေးပါတယ်။ အဲဒါနဲ့  အမေနဲ့  ကျမ နှစ်ယောက်လှေတစ်စီးကို (နှစ်သိန်း ငါးသောင်း) ကျပ် နဲ့  စပယ် ရှယ် ဌားရပါတယ်။ ဘုရားသုံးဆူ မြို့ ကို ရောက်တော့ ဝေ့မလိုင်းရွာမှာ ရှိတဲ့ အသိအဘွားတစ်ယောက်နဲ့  အဆက်အသွယ်ရပြီးတော့ ဘုရားသုံဆူမြို့ ကနေ - ဝေ့မလိုင်းရွာ အထိကို အသိအဘွားက လူလွတ်ပြီး လာ ကြို ပေးပါတယ်။

ဝေ့မလိုင်းရွာရောက်တော့ အသိအဘွားက ဆေးရုံတင်ပေးပါတယ်။ ပိုက်ဆံ မကုန်ဘူး ထင်ရပေမယ့် အများကြီး ကုန်သေးတယ်။ နောက်တော့ အဘွားက ဆရာမ ဖောလူးလုနဲ့  ဆက်သွယ်ပေး ပါတယ်။ ဆရာမ ဖောလူးလုက ကျမကို သူ့ ရဲ့ စခန်းမှာနေဖို့ လက်ခံလိုက်တယ်လေ။ အခု ကျမဒီကိုရောက်တာ ဒီဇူလိုင်လ ဆိုရင် (၂) လကျော် ပြီး။ အမေက ကျမနဲ့  တစ်လခွဲနေပြီး   ပြန်သွားပါတယ်။ အမေက မပြန်ချင်ပေမယ့် ကျမက သားလေးကို သနားတယ်လေ။ ကျမတို့ ဒီကို မလာခင်မှာ သားလေးကို သူများအိမ်မှာ သွားထားရပါတယ်။ အမေရွာကို ပြန် သွားတော့ ကမဒီ အိတ်ခ်ျအိုင်ဗွီရောဂါ ရှိမှန်း တိကျသါားတဲ့အခါ ရွာကလူတွေက ကျမကို အရင်က ထက် ရွံ့ မုန်းလာကြပါတယ်။ ကြောက်လာကြပါတယ်။ ရွာ မှာကျမ မရှိတာတောင်မှ ကျမ ရေသွား ချိုးခဲ့တဲ့ ချောင်းမှာ ငါးသွားမဖမ်းရဲကြ တော့ပါဘူး။ ရောဂါကူးမှာ ကြောက်လို့ တဲ့။ အမေက ကျမကို ဖုန်း နဲ့ ဆက်ပြီး ပြောပါတယ်။ အဲဒီမှာပဲ နေလိုက်တော့ ဒီ ကို မပြန်လာနဲ့ တော့တဲ့။ ကျမ အရမ်းကို စိတ်ဓါတ်ကျသွားပါတယ်။

ကျမနေမကောင်းဖြစ်တဲ့အချိန် တစ်လျှောက်လုံး ကျမကို ကြည့်ရှု စောင့်ရှောက်တာ အမေ တစ်ယောက်တည်း ပဲရှိပါတယ်။ အမေသာ မရှိရင် ကျမသေတာ ကြာလှပါပြီး ။ ဒီရောဂါကို ကျမရတာ စိတ်ကို ကောင်းအောင် ထား ချင်တောင်မှ ထားလို့ မရခဲ့ပါဘူး။ မဟုတ်တာတွေ လုပ်တဲ့ လူတစ်ချို့ တောင် ဒီရောဂါမရဘဲနဲ့  ကျမလို တောမှာ အေးအေး ဆေးဆေး နေတဲ့ သူက အခု ဒီရောဂါကို ရတာ အလွန်စိတ်မကောင်းခဲ့ပါဘူး။ မိသားစုနဲ့ လည်း ခွဲနေ ရတယ်။ ယောင်္ကျားလည်း ပစ်သွားခဲ့ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါက် လာခဲ့ပါ တယ်။ တကယ်လို့  ကိုယ်က မဟုတ်တာတွေလုပ်ပြီး ဒီရောဂါ ရရင်တော့ ရပါစေတော့ စိတ်ကျေနပ်ပါတယ်။ အခု တော့ မော်လမြိုင်က အမေရိကန် ဆေးရုံကြောင့် ရခဲ့လို့  ကျမ မကျေနပ်ပါဘူး။ ဒါကြောင့် ဒီအကြောင်း စာရေးတဲ့အခါ ကျမပုံကို ထည့်ပါ။ ---“ကျမပုံကို အဲဒီဆရာမတွေ မြင်မှ ဆရာမတွေက အော်--ဒီတစ်ယောက် ဟာ အရင်က ငါတို့ သွေးသါင်းပေးခဲ့ဖူးတယ်ဆိုတာသူတို့ ကိုယ်သူတို့  သိမယ်” အခုတော့ ကျမ ကျန်းမာရေး အရမ်းကို ဆိုးဝါးနေပါပြီး ပတ်ဝန်းကျင်မှာလည်း ကျမ အားကိုးနေရတဲ့ အမေလည်း မရှိတော့ပါဘူး။ အော်ကျမဟာ အားကိုးရာမဲ့ပြီး အပယ်ခံရတဲ့ ဘ၀နဲ့  သေဆုံးရမှာပါလား…..။    

ရွှေဟင်္သာ - အပယ်ခံ ဘဝ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top