2
Aug

အပျိုစင်ဘ၀ကို ဒေါ်လာနှင့် အလဲအလှယ်လုပ်နေရတဲ့ မိန်းကလေးတွေရဲ့ ဘဝ

ဖွံ့ဖြိုးတိုးတက်မှုမရှိသေးဘဲ ဆင်းရဲမွဲတေမှုဒဏ်ကို ခံနေရဆဲဖြစ်တဲ့ အရှေ့တောင်အာရှက ကမ္ဘောဒီးယားနိုင်ငံမှာ ခန္ဓာကိုယ်ကို အသပြာနဲ့ အလဲ အလှယ်လုပ်နေရတဲ့ ပြည့်တန်ဆာလုပ်ငန်းဟာလည်း တိုးပွားလျက်ရှိပါတယ်။ ကမ္ဘောဒီးယားရဲ့ အသွေးအသားရောင်းဝယ်မှု လုပ်ငန်းမှာ နောက်ဆုံးပေါ်လုပ်ငန်းတခုကတော့ အပျိုစင်ဘ၀ကို ဒေါ်လာ အသပြာနဲ့လဲလှယ်တဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုက လွတ်မြောက်အောင် ဖြတ်လမ်းနည်းနဲ့ ငွေရှာတဲ့ လုပ်ငန်းကို မိုးခါးရေသောက်သလို လုပ်နေကြတဲ့ ကမ္ဘောဒီးယား ဆင်းရဲသားမိသားစုတွေမှာ ဗန်နစ်အွီတို့ မိသားစုလည်းပါတယ်။ မစ္စက်ဗန်နက်အွီဟာ ဘိုင်စကယ်လေးတစင်းနဲ့ လက်သည်း၊ ခြေသည်းညှပ်တာ၊ ဆေးဆိုးတာတွေကို လိုက်ပြီးလုပ်ကိုင်ပေးနေတဲ့ အမျိုးသမီးတယောက် ဖြစ်ပါတယ်။ အသက် ၄၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ မစ္စက်အွီဟာ ဖနွမ်းပင်မြို့တော်မှာ တလမ်းဝင် တလမ်းထွက်နဲ့ စက်ဘီးလေးနင်းပြီး လုပ်ကိုင်စားသောက်နေရတယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက တောကနေ မြို့ကို ပြောင်းလာတုန်းကတော့ သူမရဲ့မိသားစုဟာ အစီစဉ်တခု ရှိခဲ့ပါတယ်။ မြို့တော်ဖနွမ်းပင်မှာ သင့်လျော်တဲ့ တနေရာရာမှာ ဆံပင်နဲ့ အလှပြင် ဆိုင်လေးတဆိုင်လောက်ဖွင့်ပြီး စီးပွားရှာကြမယ်လို့ စိတ်ကူးမိခဲ့ကြတယ်။ ဒါပေမဲ့လည်း သူမရဲ့မိသားစုဟာ ညစ်ပတ်တဲ့ အလုပ်အကိုင်တွေမှာပဲ ၀င်လုပ်ခဲ့ရတယ်။

“ကျွန်မနဲ့ ကျွန်မသမီး အတူတွဲပြီး အလုပ်လုပ်ချင်ပါတယ်။ အဲဒီလို လုပ်လို့ရတဲ့ နေရာလိုချင်တယ်” လို့ မစ္စက်အွီက ပြောတယ်။ ဒါပေမဲ့ လက်ထဲငွေအရင်းအနှီးမရှိတော့ နောက်ဆုံးမှာ မစ္စက်အွီဟာ အများနည်းတူ မိုးခါးရေသောက်ဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။ ဒါကတော့ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ သမီးအပျိုမလေး ချမ်နန်ကို ချမ်းသာတဲ့လူ တယောက်ဆီ ဒေါ်လာ ၉၀၀ နဲ့ “ခေတ္တငှားရမ်း” လိုက်ရပါတော့တယ်။ ၀ယ်သွားတဲ့သူက ကမ္ဘောဒီးယား ရဲအရာရှိကြီး တယောက် ဖြစ်ပါတယ်။ ရဲအရာရှိကြီးဟာ မစ္စက်အွီ မီးဖိုချောင်အလုပ်တွေ ၀င်လုပ်နေရတဲ့ ဘီယာဆိုင်ကို အမြဲတမ်းလာရောက်လေ့ရှိပြီး မစ္စက်အွီနဲ့တွေ့ဆုံလို့ အကူအညီ တောင်းခဲ့တဲ့အခါမှာ အခုလို သမီးရဲ့ အပျိုစင်ဘ၀ကို ရောင်းချ ခဲ့ရတော့တယ်။ ရဲအရာရှိကြီးက ချမ်နန်ကို ဖနွမ်းပင်မြို့ပြင်က ဟိုတယ်တခုမှာ ခြောက်ရက်နဲ့ ခြောက်ည ကြာအောင်ထားပြီး သူ့လိုဘကို ဖြည့်ဆည်းခဲ့တယ်။ ချမ်နန်ကို တရက်တကြိမ်လောက် သူ့အမေနဲ့ တွေ့ခွင့်ပေးတယ်။ သုံးရက်မြောက်နေ့မှာ ကလေးမလေးက အားအင်တွေကုန်ခန်းပြီး နေမကောင်းဖြစ်တော့ အဲဒီလူကပဲ ဆရာဝန်ခေါ်ပြီး ဆေးကုပေးတယ်။ ဒါမှ ခြောက်ရက်ပြည့်အောင် နေနိုင်မှာဖြစ်ပါတယ်။

မစ္စက်အွီကတော့ ကတိပေးထားတဲ့ ငွေကြေးအပြည့်အ၀ရခဲ့ပါ တယ်။ ဒါပေမဲ့ အလှပြင်ခန်းဖွင့်ဖို့ဆိုတဲ့ ရည်မှန်းချက်အိပ်မက်ကတော့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ရလာတဲ့ ဒေါ်လာ ၉၀၀ ဆိုတာ မနည်းပါဘူး။ သူတို့ရွာမှာ သုံးနှစ်လောက်အလုပ်လုပ်မှရတဲ့ ငွေပမာဏနဲ့ညီမျှ ပါတယ်။ သို့သော်လည်း မစ္စက်အွီဟာ ရလာတဲ့ ပိုက်ဆံနဲ့ နာမကျန်းဖြစ် နေတဲ့ ခင်ပွန်းသည်ရဲ့ ဆေးဖိုးဝါးခတွေ ရှင်းပေးရတယ်။ အသက်အရွယ် အိုမင်းနေတဲ့ မိဘတွေကိုလည်း ကန်တော့ရသေးတယ်။ ပြီးတော့ သမီးဖြစ်တဲ့ ချမ်နန် စိတ်ဓာတ်မကျအောင် ရွှေဆွဲကြိုးတကုံး ၀ယ်ပေးရတယ်။ ဘာမှမကျန်တော့ဘူး။ မစ္စက်အွီအတွက် မှားသွားပါပြီ။ နောက်ဆုံးမှာ သမီးရဲ့အပျိုစင် ဘ၀ပျက်သွားရတာပဲ အဖတ်တင်တော့တယ်။

တကယ်တော့ အစ္စက်အွီနဲ့ သမီးရဲ့ ဇာတ်လမ်းမျိုးတွေဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ လိင်ရောင်းဝယ်မှုလုပ်ငန်းတွေမှာ နောက်ဆုံးပေါ် ဇာတ်လမ်းတခုပဲ ဖြစ်ပါတယ်။ လိင်ကိစ္စ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ဆင်းရဲမွဲတေမှုနဲ့ ယောက်ျား၊ မိန်းမ အခွင့်အရေး ကွာဟမှုတွေကြောင့် ကမ္ဘောဒီးယားနိုင်ငံရဲ့ လိင်ကိစ်္စဈေးကွက်ကြီးဟာ စည်စည်ကားကားနဲ့ ကျယ်ပြန့်နေတယ်။ ဒီကိစ္စမှာ ဖောက်သည်ကြီးတွေကတော့ သြဇာတိက္ကမရှိတဲ့ ကမ္ဘောဒီးယားအရာရှိ ကြီးတွေ၊ စီးပွားရေး သမားတွေနဲ့ အခြားအာရှတိုက်သား လူကြီးလူကောင်း အမည်ခံထားတဲ့ ပုဂလ်တွေပဲဖြစ်ပါတယ်။ ဘာဥပဒေနဲ့မှလဲ မကန့်သတ်ဘူး။ ဘယ်ဥပဒေနဲ့မှလဲ အရေးယူမခံရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စမှာ ပတ်သက်နေကြတဲ့ သူတွေက လူဆိုးလူမိုက် ရာဇ၀တ်သားတွေ မဟုတ်ဘူး။ ကာယကံရှင်ရဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းနဲ့ သူငယ်ချင်းတွေဖြစ် နေလို့ပါပဲ။

တကယ်တော့ အမျိုးသမီးနဲ့ မိန်းကလေးတွေကို ရောင်းကုန်ပစ္စည်း တခုလို သဘောထားတာ ကမ္ဘောဒီးယား တနိုင်ငံတည်းမဟုတ်ဘူး။ ဒါပေမဲ့လည်း လူဦးရေ ၁၅ သန်းသာရှိတဲ့ ကမ္ဘောဒီးယားလိုနေရာမျိုးမှာ အပျိုစင် ဘ၀ကို ငွေကြေးနဲ့ အလဲအလှယ်လုပ်တဲ့ လုပ်ငန်း ကြီးထွားနေတာကတော့ ဒဏ္ဍာရီယဉ်ကျေးမှု အယူအဆကြောင့်လို့လည်း ပြောလို့ရပါတယ်။ “အထူးသဖြင့် အသက် ၅၀ ကျော်တဲ့ အာရှယောက်ျားသားတွေ အနေနဲ့ အပျိုစင်လေးတွေနဲ့ ပေါင်းသင်းရင် ပြန်လည်နုပျို သန်စွမ်းလာပြီး ကျန်းမာရွှင်လန်း စေနိုင်ပါတယ်လို့ ယုံကြည်နေကြတယ်” လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး အဖွဲ့က ချဟိပ်ကက်ပေါင်ကပြောတယ်။ ဒီလို အပျိုစင်လေးတွေနဲ့ ပေါင်း သင်းရင် နုပျိုတက်ကြွလာတယ်ဆိုတဲ့ အယူအဆကို တရုတ်ခေါင်းဆောင် ကြီး ဥက္ကဋ္ဌကြီးမော်၊ မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်အီဆွန်း၊ သားဖြစ်တဲ့ ကင်ဂျုံအီနဲ့ မြေးဖြစ်တဲ့ ကင်ဂျုံအန်းအပါအ၀င် အာရှတိုက်က သြဇာတိက္ကမကြီးမားတဲ့ ပုဂ်္ဂိုလ်တွေ လက်ခံကျင့်သုံးခဲ့ကြပါတယ်။

ကမ္ဘောဒီးယားရဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Licadho လီကာဒိုရဲ့ ခန့်မှန်းချက်အရ ကမ္ဘောဒီးယားမှာ အသက် ၁၃ နှစ်နဲ့ ၁၈ နှစ်ကြား အပျိုစင်မိန်းကလေးတွေ နှစ်စဉ်ထောင်နဲ့ချီပြီး အရောင်းအ၀ယ် လုပ်နေကြတယ်လို့ ဆိုပါတယ်။ မိဘတွေအနေနဲ့ကလည်း ကလေးသူငယ် အခွင့်အရေး စတာတွေကို ဂရုမစိုက်ဘူး။ ငွေရရင်ပြီးရောဆိုတဲ့စိတ်နဲ့ သူတို့ရင်သွေးတွေကို ကုန်ပစ်္စည်းလို သဘောထားနေကြတယ်လို့ ဆိုပါ တယ်။ ဖောက်သည်တွေထဲမှာ ကမေ်္ဘာဒီးယားက လူချမ်းသာတွေသာမကဘူး။ တရုတ်၊ စင်ကာပူနဲ့ထိုင်းနိုင်ငံက စီးပွားရေး သမားကြီးတွေကလည်း ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ တည်းခိုရင်းနဲ့ ပွဲစားတွေကတဆင့် ဒီလုပ်ငန်းမှာ ပါဝင်ပတ်သက်နေကြတယ်လို့ ဆိုပါတယ်။

ပွဲစားတွေကလည်း ဒီလုပ်ငန်းကို လျှို့ဝှက်ပြီး နေရာအပြောင်းအလဲနဲ့ ပြုလုပ်နေတာရယ်၊ ကာယကံရှင် မိသားစုတွေကိုယ်တိုင်က ပါဝင်ပတ်သက်နေတာကြောင့် ကမ္ဘောဒီးယားမှာ အခုလို လိင်အရောင်းအ၀ယ်လုပ်ငန်းကို လူကုန်ကူးမှု ဆိုတဲ့ အမည်နာမတပ်ပြီး အရေးယူလို့ မရဘဲဖြစ်နေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော် ဖနွမ်းပင်မှာလည်း ဥယျာဉ်ပန်းခြံတွေ၊ ညဘက်လမ်းဘေး ဘီယာဆိုင်တွေမှာ စကတ်အတိုလေးတွေနဲ့ အမျိုးသမီးတော်တော် များများကိုတွေ့နိုင်တယ်။ ဘီယာစားပွဲထိုးလုပ်တယ်။ ကာရာအိုကေသီချင်း ဆိုတယ်။ အလုပ်ချိန်ပြီးသွားတဲ့ အခါကျတော့ ဒီမိန်းကလေးအချို့ဟာ ခန္ဓာကိုယ်နဲ့ရင်းပြီး ငွေရှာတဲ့ အလုပ်ကိုလုပ်ကြတော့တယ်။ ဒါကတော့ ကမ္ဘောဒီးယားနိုင်ငံက မိန်းမပျိုကလေးတွေရဲ့ ဆင်းရဲမွဲတေမှုက လွတ်မြောက်အောင် ရုန်းကန်နေကြပုံ ဖြစ်ပါတယ်။

တင်ဝင်း
Ref : The Guardian

News Watch Journal - အပျိုစင်ဘ၀ကို ဒေါ်လာနှင့် အလဲအလှယ်လုပ်နေရတဲ့ မိန်းကလေးတွေရဲ့ ဘဝ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top