ကျမ
ဒီခုခံအား ကျဆင်းမှု ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဘာအခက်အခဲတွေ ရှိသလဲ
လို့ တချို့က မေးကြပါတယ်။ အစစ အရာရာ အခက်အခဲတွေချည်း ပြည့်နှက်နေတာပါပဲလို့ ဖြေမိပါတယ်။
စတင်
ပညာပေးဖို့၊ လူတွေကို ချဉ်းကပ်ဖို့ကနေစပြီး သူတို့ ဆေးဝါး သောက်သုံးနိုင်ဖို့၊ မှန်ကန်တဲ့
ဆေးကုသမှု ခံယူဖို့၊ သူတို့ရဲ့ လူမှုဘ၀ကို ဆက်လက်
သယ်ဆောင်နိုင်ဖို့ အစရှိတာတွေကို ကျမနဲ့ ကျမကို ကူညီနေတဲ့ လူငယ် အနည်းငယ်လောက်ပဲ စဉ်းစား
လုပ်ပေးနေကြရတာ ဆိုတော့ ဘယ်လောက်များ ခက်ခဲမလဲဆိုတာ သိသာ နိုင်ပါတယ်။
အမြဲတစေ
မဖြစ်မနေ ထုတ်ဖော် ပြောဆိုနေရတာလည်း ရန်ပုံငွေ ပြဿနာပဲ ဖြစ်ပါတယ်။ အလှူငွေ မရလေ လုပ်ရတာ
ခက်ခဲလေပေါ့။ မိတ်ဆွေတချို့ဆီက အကူအညီတချို့တော့ ရပါတယ်။ ခုဆို ကျမ ဒဂုံမြို့သစ်ဘက်က
စည်ပင်မြေ ငှားပြီး လူနာ ပြန်လည် ဖွံ့ဖြိုးရေး လုပ်ပေးထားတယ်။ အသိမိတ်ဆွေတွေ လုပ်ကိုင်နေတဲ့
နတ်ဆက် ပစ္စည်းလုပ်တဲ့ ဘော်ကြယ်ထိုး၊ စက်ချုပ် အစရှိတာတွေလည်း လုပ်ပေးပါတယ်။ ဒီရက်ပိုင်းလေးမှာပဲ
လူနာ ၄ ဦး အတွက် အလှူရှင် ၁ ယောက်ဆီက အလှူခံပြီးတော့ ပလာတာ ကြော်တဲ့ဆိုင်လေး ဖွင့်ထားပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် လူနာတွေ အများကြီးအတွက် ကျမ မလုပ်ပေးနိုင်သေးတာကလည်း အခက်အခဲတခုပါ။
ဒီအခါမှာကျတော့
အခက်ခဲဆုံးလို့ ခေါ်နိုင်တဲ့ ကိုယ်ကျင့်တရား၊ အမူအကျင့်တွေ မပြောင်းနိုင်တဲ့သူတချို့ကို
တွေ့လာတော့တာပါပဲ။
တခြား
လူငယ်လေးတွေ ဆိုးပေတေပြီး နဂိုမူလ အကျင့်တိုင်း ပြန်လည် သောက်စားလာတာတွေလည်း တွေ့ရပါ
တယ်။ ဒါပေမယ့်လည်း ဒါဟာ ခံသာသေးတယ် ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က သောက်စား
ပြီးတော့ သူတို့ဘာသာ ဒုက္ခရောက်တာပါ။ နောက်ဆက်တွဲအနေနဲ့ကတော့ အဲ့ဒီလို ဖြစ်သလို နေလိုက်ကြတဲ့
လူနာတွေကို ပြန်ကုတော့ ငွေကုန်ကြေးကျ ပိုများ၊ လူပင်ပန်း စိတ်ပင်ပန်းတော့ ပိုဖြစ်ရတာပေါ့။
ဒါပေမယ့် ဒီ အခြေ အနေကိုတောင် ခံသာတယ်လို့ ပြောနေတယ်ဆိုတော့ ဒီအခြေနေထက် ဆိုးတာတွေရှိနေလို့
ပြောတာပါ။
ကျမလူနာ
အများစုဟာ များသောအားဖြင့် နယ်ဘက် တောသူတောင်သား ယာဉ်မောင်းသူတွေ၊ ကားနောက် လိုက် စပယ်ယာတွေအပြင်
အခြား မသိ နားမလည်သူတွေ များပါတယ်။ လူနာတွေထဲမှာ ပြည့်တန်ဆာ မိန်းကလေး ၅ ယောက် ပါလာပါတယ်။
သူတို့ ၅ ယောက်ဟာ မတူညီတဲ့ အခြေနေက လာတယ်ဆိုပေမယ့် ကိုယ်ခန္ဓာ ရင်းနှီး လုပ်ကိုင်စားကြတာချင်းတော့
တူပါတယ်။
သူတို့ထဲက
တယောက်ကတော့ ကျမ အမြင် ပြောရရင် သူက ယောကျာ်း မရှိရင် မနေနိုင်တဲ့သူပါ။ သူက ငွေရှာဖွေ
ပြီးတော့ သူနှစ်သက်တဲ့ ယောက်ကျားတွေနဲ့ ပြန်ပြီး ပျော်ပါးတာပါ။ သူငွေရှာတာလည်း လူနဲ့ရင်းပြီး
ရှာတယ်၊ ပြန်လည် ပျော်ပါးတာလည်း လူနဲ့ရင်းပြီး ပျော်ပါး ဆိုတော့ ကူးစက်မှုဟာ ဘယ်လောက်တောင်
များနေပြီလဲ ဆိုတာ ကြောက်စရာကောင်းလို့ မတွေးချင်လောက်အောင် ဖြစ်ရပါတယ်။ ကျမလည်း ကြုံတိုင်း
ဆုံးမ၊ ကျမအိမ်မှာပါ ခေါ်ထားပြီး ပြုပြင်ပေမယ့် အမြဲပဲ ထွက်ပြေး၊ အရင်လိုပဲ လမ်းပေါ်နေ၊
လမ်းပေါ်စား အကျင့် မပျောက်ပါဘူး။ ဒီကလေးမ အကြောင်းကိုတော့
နောင်မှပဲ ဆောင်းပါးတစောင် ရေးပါဦးမယ်။
နောက်တယောက်ကျတော့
စားသောက်ဆိုင်မှာ သီချင်း ဆိုတာပါ။ သူကျတော့ တမျိုး ဖြစ်ပြန်ရော။ ကျမကို အမြဲ ပြောနေတာတော့
သီချင်းပဲ ဆိုတာပါတဲ့။ ဒါပေမယ့်လည်း မထင်မှတ်တဲ့ တနေ့မှာ ကျမကလည်း အိမ်မှာ မရှိချိန်
သူရောက်လာပါတယ်။ သူ စစ်တွေကို သွားတော့မယ် ဆိုတဲ့အကြောင်း ရန်ကုန်မှာ လုပ်ကိုင်စားရတာ
မချောင် လည်တော့ကြောင်း၊ အရင်က သူ့ကို ထောက်ပံ့ပေးနေတဲ့လူက မထောက်ပံ့တော့လို့ ရောဂါ
ကူးအောင် ဒီတိုင်း လိင်ဆက်ဆံလိုက်တယ် ဆိုတဲ့ အကြောင်း ကျမအိမ်ကို လာတက်ပြောတာပါ။ ကျမမိသားစုဆို
အရမ်းပဲ စိတ်ဆိုး ကြပါတယ်။
ကျမမိသားစုနဲ့
လူနာတွေက တကယ့် မိသားစု အရင်းချာလို ဖြစ်နေတာပါ။ လူနာတိုင်း အိမ်မှာ ထမင်း မစားဘူး
တဲ့ လူ မရှိသလောက် နည်းပါတယ်။ ဒါကြောင့် မိသားစုကို ခင်မင်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်တာ ဖြစ်နိုင်ပါတယ်။
ဘယ်လိုအခြေအနေကြောင့်ပဲ ဖြစ်ပါစေ ရောဂါ ကူးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တယ် ဆိုတာ ကတော့
လူသားတယောက် အနေနဲ့ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စပါပဲ။
နောက်တယောက်ကတော့
အနှိပ်ခန်းမှာ လုပ်တာပါ။ အရမ်းကို ချောမော လှပပါတယ်။ အသားအရည်ကလည်း တအားလှ၊ လူကလည်း
ချောမောပြီး ခုခံကျရောဂါ ရှိနေတယ်လို့ ထင်ရက်စရာ မရှိဘူး ဖြစ်နေတာပါ။ သူကတော့ တမင်
ကြံရွယ်တယ် မဆိုနိုင်ပေမယ့် အနှိပ်ခန်း လာတဲ့ သူဌေးတယောက်ကို သူ့ဘ၀ ရှေ့ရေးအတွက် ချဉ်းကပ်ရ
တယ် လို့ ပြောပါတယ်။ ဒီသူဌေးကလည်း သူ့ကို မပြောမဆိုနဲ့ ကာရာအိုကေခန်း ခေါ်သွားပြီး အကာအကွယ်မပါ
လိင်ဆက်ဆံကြတယ် ဆိုပါတယ်။ သူက တမင် မကြံရွှယ်ပေမယ့်လည်း သူ့အနေနဲ့ တားဆီး ကာကွယ်သင့်ပါ
တယ်။ သူထုတ်ပြောပြတာ ဒီတယောက်တည်းမို့သာ ဒီတယောက်အကြောင်းကို သိရတာပါ။ အခြားလည်း ဘယ်လောက်
များမလဲ ဆိုတဲ့ အတွေးတွေ ၀င်လာလိုက်တိုင်း ကျမ အိပ်မပျော် ဖြစ်နေတာပါ။ တခါခါ လန့်နိုး
တာတွေတောင် ဖြစ်ပါတယ်။
ကျမ
တကယ့်ကို စိတ်မကောင်းခြင်း များစွာဖြစ်ရပါတယ်။ ဒီလို လူနာတချို့ရဲ့ အမူအကျင့်ဆိုးကို
ပြုပြင်ဖို့၊ သူတို့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြုပြင်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ
ကျမမှာ စိတ်သောကလည်း ဖြစ်နေရ ပါတယ်။ ။
ဖြူဖြူသင်း
ဧရာဝတီ -
အမူအကျင့် မပြောင်းလဲကြသူများ




