အမျိုးသမီးတွေဟာ
အမျိုးသားတွေထက် နိမ့်ကျတယ်ဆိုတဲ့ အယူအဆဟာ ကမ္ဘာ့ဥပဒေသ ကြီးအဖြစ် ရှေးကတည်းက တည်ရှိနေခဲ့ပါတယ်။
မဓါတ်နဲ့ ဖိုဓါတ် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အပြန်အလှန် အမှီသဟဲ ပြုနေရတာ ထင်ရှားနေပါလျက်
လိင်မတူလို့ ခွဲခြားဆက်ဆံခံရမှုဟာ တည်ရှိနေမြဲ ဖြစ်ပါတယ်။ ၂၁ ရာစုထဲ ရောက်လာခဲ့သည့်တိုင်အောင်
အရှေ့တိုင်းဟာ အနောက်တိုင်းမှာထက် ရိုးရာ ယုံကြည်မှုတွေ ဓလေ့ထုံးရိုးရာ အစွဲအလန်းတွေ
များပြား ပြင်းထန်တဲ့နည်းတူ အမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူ အခွင့်အရေးရရှိမှု
နည်းပါးပါတယ်။
လိင်ပိုင်းဆိုင်ရာ
ကွဲပြားမှုကြောင့် ခွဲခြား ဆက်ဆံခံရရုံမက အကြမ်းဖက် နှိပ်စက်ခံရမှုတွေ ဆုံးဖြတ်ချက် ချနိုင်တဲ့
ဦးဆောင်သူ ဘဝကို စတေးပစ်ရတာတွေ လူမှောင်ခို ကူးခံရတာတွေ လိင်ပိုင်း ဆိုင်ရာ စော်ကား
ခံရတာတွေ ရှိနေတယ်။
ဒါ့
အပြင် ကိုယ်ပိုင် အခွင့်အရေး နည်းပါးတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်သည် ဘဝမှာလည်း လင်ယောက်ျားရဲ့
လက်ဝေခံ ဘဝနဲ့ပဲ သူတို့ ဘဝကို ကျေနပ်လိုက်ကြရပါတယ်။ ဒီ အဖြစ်အပျက် တွေဟာ လူမှုရေး ရှူ့ထောင့်ကကြည့်ရင်
သိပ်ပြီး မထူးဆန်းလှတဲ့ အစဉ်အလာတွေလို့ သဘောထား ကြပေမဲ့ ကျန်းမာရေး ရှူ့ထောင့်မှာတော့
ဒါဟာ အင်မတန် အရေးပါတဲ့ အချက်ပါ။
ကမ္ဘာတစ်ဝန်းမှာ
လတ်တလော နှစ်တွေအတွင်း အိတ်ခ်ျအိုင်ဗွီဖြင့် နေထိုင်သူ အမျိုးသမီး အရေအတွက်ဟာ ပုံမှန်မြင့်တက်နေပါတယ်။
၁၉၉၇ -၂၀၀၂ ငါးနှစ်တာ ကာလအတွင်းမှာတင် အိတ်ခ်ျအိုင်ဗွီ
နဲ့ နေထိုင်သူ အမျိုးသမီး အရေအတွက်ဟာ ၄၁% ကနေ ၅၀ ရာခိုင်နှုန်း အထိ မြင့်တက်လာပါတယ်။
ဒီလို ဖြစ်ရပ်ဟာ ဆန့်ကျင်ဖက် လိင်ချင်း ဖိုမ ဆက်ဆံရေးကြောင့် ကူးစက်မှု အဖြစ်များတဲ့
ဒေသတွေမှာ အများဆုံး ဖြစ်ပါတယ်။ အထူးသဖြင့် ကာရစ်ဘီယန် ဒေသနဲ့ သဲကန္တာရ တစ်ပိုင်းဖြစ်တဲ့
အာဖရိကလို ဒေသမျိုးတွေပါ။ မူးယစ်ဆေး ထိုးသူတွေ ရွှေ့ပြောင်းနေထိုင်သူတွေ အကျဉ်းသားတွေကြောင့်
အိတ်ခ်ျအိုင်ဗွီ အဖြစ်များတဲ့ နိုင်ငံတွေမှာလည်း အမျိုးသမီးတွေ ရောဂါ ကူးစက်ခံရမှုဟာ
သိသိသာသာ ရှိနေပါတယ်။
သဲကန္တာရ
တစ်ပိုင်းဖြစ်တဲ့ အာဖရိကမှာ အမျိုးသမီးတွေ ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး အိတ်ခ်ျအိုင်နဲ့
နေထိုင်ပြီး အရွယ်ရောက်ပြီးသူ ၅၇% ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ကူးစက်ခံ
လူငယ်ထုထဲက ၇၅% ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ မိန်းကလေးတွေ ဖြစ်ပါတယ်။
အာဖရိက
မိန်းမပျိုလေးတွေမှာ သူတို့နဲ့ အသက်တော်တော်ကွာတဲ့ အမျိုးသား အဖေါ်တွေ ရှိပါတယ်။ အဲဒီ
အမျိုးသားကြီးတွေဟာ လူငယ်တွေထက်စာရင် အိတ်ခ်ျအိုင်ဗွီ ရှိနိုင်ခြေ ပိုများတယ်လို့ ယူဆပါတယ်။
အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံခံရမှုတွေကြောင့် အာဖရိက အမျိုးသမီးတွေဟာ သူတို့ အဖေါ်တွေကို
ကွန်ဒုံးသုံးဖို့ ပြောရမှာ များစွာ အခက်အခဲရှိပါတယ်။ ဒါထက်မက အမျိုးသားတွေ လိင်ဆက်ဆံတဲ့အခါမှာ
ထင်တိုင်း ပြုကျင့်ကြပါတယ်။ သူတို့ စိတ်တိုင်းကျ ပျော်ပါးမှုကို ရယူလေ့ ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုတွေကြောင့် ကိုယ်ခန္ဓာရှိ အသားမျှင် တစ်ရှူးတွေ ထိခိုက် ပွန်းပဲ့ မိကုန်ပြီး
အိတ်ခ်ျအိုင်ဗွီ ကူးစက်ဖို့ကို အားပေး ကူညီရာရောက်ပါတယ်။
တစ်နိုင်ငံလုံး
အတိုင်းအတာ အနေနဲ့ အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်းမြင့်ပြီး အမျိုးသမီးတွေအတွက် လူမှုရေး
အဆင့်အတန်း နိမ့်ကျတဲ့ နေရာတွေမှာ လိင်အကြမ်းဖက်မှုကြောင့် ကူးစက်ခံရတဲ့ အန္တရာယ်ဟာ မြင်မားလျက်
ရှိပါတယ်။
တောင်အာဖရိက
Soweto က မီးမဖွားမှီ ဆေးခန်းလာပြကြတဲ့ အမျိုးသမီး ၁၃၆၆ ယောက်ကို လေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့ကြပါတယ်။
အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရတဲ့ အမျိုးသမီးတွေထဲမှာ ရုပ်ခန္ဓာ နှိပ်စက်ခံရတဲ့၊ လိင်ပိုင်းဆိုင်ရာ
အစော်ကားခံရတဲ့ ဒါမှမဟုတ် လိင်ဆက်ဆံဖေါ် အမျိုးသားတွေရဲ့ လွှမ်းမိုး အနိုင်ယူခြင်းခံရတဲ့
အမျိုးသမီးတွေဟာ ကူးစက်ခံရတဲ့ ရာခိုင်နှုန်း တော်တော်များများ ပါဝင်နေတာ တွေ့ရပါတယ်။
တစ်ဆက်တည်းဆိုသလို တွေ့ရတာက ရက်ရက်စက်စက် အကြမ်းဖက် ဆက်ဆံတတ်တဲ့ အမျိုးသားတွေဟာ အကြမ်းဖက်
မဆက်ဆံတတ်တဲ့ အမျိုးသားတွေထက် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီးသား ပိုဖြစ်နိုင်တယ်ဆိုတာပါပဲ။
အလားတူ
အဖြစ်မျိုးတွေဟာ အရှေ့နဲ့ အရှေ့တောင်အာရှက အမျိုးသမီး တွေကိုလည်း ခြိမ်းခြောက် နေပါတယ်။
ဒါပေမဲ့ နိုင်ငံ အများစုက အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရမှုအတွက် မူးယစ်ဆေးထိုးသူတွေနဲ့
အခြား အုပ်စုတွေ အပေါ်မှာသာ အာရုံစိုက်နေတဲ့အတွက် အမျိုးသမီးတွေ ကူးစက်ခံရမှုကို သိသိသာသာ
မမြင်နိုင်ဖြစ်နေတယ်။ အရှေ့တောင် အာရှမှာ အမျိုးသမီးတွေရဲ့ စီးပွားရေး အခြေအနေနဲ့ လူမှုရေး
အဆင့်အတန်း နိမ့်ကျမှုတွေဟာ အခြေအနေကို ပိုပြီးဆိုးရွား လေးလံ စေပါတယ်။ သူတို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့
အနေအထားနဲ့ သူတို့ဘဝ မလုံခြုံမှုတွေဟာ အရှေ့တောင်အာရှ အိတ်ခ်ျအိုင်ဗွီ ကူးစက်မှုအတွက်
ပတ်သက် ဆက်စပ်နေပါတယ်။
အမျိုးသီးတွေဟာ
မသဘာဝဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်ခံရမှု နည်းပါးပြီး အိတ်ခ်ျအိုင်ဗွီ ပျံ့နှံ့မှု
ကာကွယ်မှုတွေနဲ့ ပတ်သက်လို့လည်း လျစ်လျှူရှူ့တတ်ကြပါတယ်။ လူမှုရေး ယဉ်ကျေးမှု စည်းမျဉ်း
တွေက အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး နည်းလမ်းတွေ( ဥပမာ အားဖြင့် သူတို့ခင်ပွန်း တွေနဲ့
ဆက်ဆံ တဲ့အခါ ကွန်ဒုံးသုံးဖို့ စည်းရုံးတဲ့ အခါတွေမှာ) အခက်အခဲ အတားအဆီး ဖြစ်စေပါတယ်။
ခြုံငုံ
ကြည့်မယ်ဆိုရင် လူ့အသိုင်းအဝိုင်းရဲ့ ခေါက်ရိုးကျိုးနေတဲ့ ထုံးစံတွေထဲမှာ အမျိုးသမီးနဲ့
အမျိုးသားတွေကို တန်းတူ အခွင့်အရေး မပေးမှုတွေက အိတ်ခ်ျအိုင်ဗွီ ပြန့်နှံ့မှုအတွက် အဓိက
ပြဿနာ ဖြစ်နေပါတယ်။
ယောက်ျားကောင်း
မောင်းမ တစ်ထောင်လို့ ဆိုကြပေမဲ့ မိန်းမကောင်း ပန်းပန် တစ်ပွင့်လို့ ဆိုတတ်ကြ ပါတယ်။
အမျိုးသားတွေမှာ လိင်ကိစ္စကအစ လွတ်လပ်ခွင့်တွေရှိပေမဲ့ အမျိုးသမီးတွေ အတွက်တော့ အရာရာမှာ
ကန့်သတ် ချုပ်ချယ်မှုတွေ များပြားလှပါတယ်။ အမျိုးသမီးတွေဟာ သူတို့ကိုယ်သူတို့ ထိန်းသိမ်းစောင့်ရှောက်ပါလျက်နဲ့
သူတို့ ခင်ပွန်းတွေကြောင့် အရှက်တကွဲ အကျိုးနည်းနဲ့ ဘဝဆုံးရတဲ့ အဖြစ်တွေဟာ ရင်နာစရာကောင်းလှပါတယ်။
ဒါကြောင့်
အိတ်ခ်ျအိုင်ဗွီ တာဆီးကာကွယ်ရေးအတွက် နှိုးဆော် သူတွေက တစ်ဦးချင်းစီအနေနဲ့ မိမိရဲ့
အပြုအမူကို ဆင်ခြင်ပါ။ မဆင်ခြင်နိုင်ရင်လည်း ရောဂါပိုးကူးစက်ခြင်း မခံရအောင် စနစ်တကျ
အကာအကွယ်ယူကြပါလို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူတည်း တစ်ယောက်
မဆင်ခြင်မှုကြောင့် အပြစ်မရှိသူတွေ သေတွင်းထဲ ဆွဲသွင်းခံရတယ်ဆိုတာကို သတိပြု ကြစေချင်ပါတယ်။
“အေးမြချမ်း - ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြထားခြင်း ဖြစ်ပါသည်။ အခက်အခဲ အမျိုးမျိုးကြောင့် စာရေးသူထံမှ ခွင့်ပြုချက်ရယူခြင်း မရှိပဲ ကူးယူဖေါ်ပြသည်ကို နားလည် ပေးစေလိုပါသည်။




