5
Aug

အမျိုးသမီးသုံး ကွန်ဒုံ အသုံးပြုပုံ



ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ
ဆေးပညာရှင်များ အဖွဲ့က ဦးစီးပြီး အမျိုးသမီးသုံး ကွန်ဒုံနဲ့ ပတ်သက်တဲ့ ပထမဆုံး
ပညာပေး သင်တန်းတစ်ခုကို ထိုင်မြန်မာ နယ်စပ် တစ်နေရာမှာ (၃) ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။
ထိုသင်တန်းကို သင်တန်းသား အယောက် (၃၀) တက်ရောက်ခဲ့ပါတယ်။

 

သင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ ထိုင်းမြန်မာ နယ်စပ်
တလျောက်က ကျန်းမာရေး ၀န်ထမ်းတွေ လူမှု အဖွဲ့အစည်း တွေထဲမှာ ရှိတဲ့ ကျန်းမာရေး
ဝန်ထမ်းတွေကို တစ်စုတစ်စည်းတည်း စုစည်းပြီး အမျိုးသမီးသုံး ကွန်ဒုံကို
မှန်မှန်ကန်ကန် လွယ်လွယ်ကူကူ အသုံးပြုတတ်ဖို့နဲ့ သူ့ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို
သိစေဖို့ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီး ကွန်ဒုံကို သားဆက်ခြားရေးနဲ့ HIV
ပိုးကူးစက်ခြင်းကနေ ကာကွယ်ရေးအတွက် သုံးစွဲကြဖို့ ဦးတည်တာ ဖြစ်ပါတယ်။

 

ယင်းသင်တန်းမှာ အမျိုးသမီးသုံး ကွန်ဒုံကို
သုံးစွဲဖို့ ဖြန့်ဝေရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဓိက ကတော့ ယင်းကွန်ဒုံကို ဖြန့်ဝေရာမှာ မြန်မာ လူမျိုးတွေရဲ့ အရှက်၊ အကြောက်
ကြီးမှုကြောင့် အဟန့်အတား ဖြစ်ရသလို ဈေးနှုန်းကလည်း အမျိုးသား ကွန်ဒုံထက်
မြင့်နေတယ်လို့ ပြောကြပါတယ်။ အဲဒီအပြင် ယင်းကွန်ဒုံနဲ့ ပတ်သက်လို့ အယူအဆ
အမျိုးမျိုး ရှိတာကိုလည်း သင်တန်းသား၊ သင်တန်းသူတွေက ဘက်စုံကနေ
ဆွေးနွေးခဲ့ကြပါတယ်။

 

သင်တန်းသူ (၁) ။               
သူတို့ပထမ ထင်ထားကြတာ ဒီအမျိုးသမီးသုံး ကွန်ဒုံဟာ ကွင်းတွေပါတဲ့အတွက် ကြောက်ကြတယ်။
နောက်တစ်ခုက အသံမြည်တယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ ကျမတို့က ဒါကို ကောင်းကျိုးအနေနဲ့
ပြန်ပြောရမယ်ဆိုရင် ဒီကွင်းက မိန်းမကိုယ်ထဲကို သွင်းတဲ့အခါမှာ အလွယ်တကူ
ဝင်အောင်ရယ် နောက် သံဝါသ ပြုတဲ့အခါမှာ ဒီကွင်း မပါခဲ့ရင် အမျိုးသားရဲ့ လိင်တံက
အမျိုးသမီး ထည့်ထားတဲ့ ကွန်ဒုံကို ပြန်ပြီး ဆွဲထုတ်သလို မဖြစ်အောင်လို့ ကွင်းကို
သားအိမ်ဝမှာ ကပ်ပေးထားတယ် ဆိုတဲ့အကြောင်းကို ကျမတို့ သိရပါတယ်။

 

သင်တန်းသား (၁)။              
အမျိုးသားသုံးကွန်ဒုံနဲ့ အမျိုးသမီးသုံးကွန်ဒုံက ထုတ်လုပ်ပုံချင်း မတူဘူးဗျ။
အမျိုးသားသုံး ကွန်ဒုံက ရောဘာနဲ့လုပ်ထားတယ်။ အမျိုးသမီးသုံးကျတော့ ပလပ်စတစ် နဲ့
လုပ်ထားတာပါ။ သူက အမျိုးသားသုံး ကွန်ဒုံထက် ပိုပြီးတော့ ခိုင်ခန့်မှုရှိတယ်။
သုံးတဲ့လူတွေအတွက် သက်တောင့်သက်သာ ရှိတယ်။ ခံစားမှုကို ပိုပြီးတော့
ကောင်းမွန်တယ်လို့ ထင်ပါတယ်။

 

သင်တန်းသား (၂)။              
ကျတော်တို့ သင်တန်းမှာ အမျိုးသမီးသုံးကွန်ဒုံ ဘယ်လို အသုံးပြုရမလဲ လူထုကြားထဲမှာ
ဘယ်လို ဖြန့်ဝေပေးရမလဲ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိရပါတယ်။

 

သင်တန်းသူ (၂)။                
ကျမတို့ ဒီသင်တန်းတက်ရလို့ အသိပညာတွေတင် မကပါဘူး ကျမတို့လူထုထဲမှာ ဒီကွန်ဒုံနဲ့
ပတ်သက်တဲ့ အသိပညာတွေကို ဖြန့်ဝေခွင့် ရမှာဖြစ်တဲ့အတွက် ကျမတို့ ၀မ်းသာပါတယ်။

 

 

သင်တန်းသူ (၃)။                
အမျိုးသမီးကွန်ဒုံက အိတ်အိုင်ဗွီ ရောဂါပိုးကို ကာကွယ်နိုင်ပြီး
သားဆက်ခြားရာမှာလည်း ကာကွယ်နိုင်ကြောင်းကို ထိုင်း၊ မြန်မာ နယ်စပ်မှာရှိတဲ့
ကျန်းမာရေး ၀န်ထမ်းတွေ၊ လူမှု အဖွဲ့အစည်းတွေအားလုံး တစ်စုတစည်းတည်း သိစေဖို့
ရည်ရွယ်ပြီး ဒီ သင်တန်းကို ပြုလုပ်ခဲ့တာပါ။

 

သင်တန်းသူ (၁) ။               
သုံးရက် သင်တန်း ဖြစ်တဲ့အတွက် ကိုယ်လိုချင်တဲ့ သတင်း အချက်အလက်တွေ လွဲမှားနေတဲ့
အယူအဆတွေ မေးနိုင်တယ်၊ ဖြေရှင်းနိုင်တဲ့အတွက်ကြောင့် ဒီသင်တန်းကို
တက်ရောက်တဲ့အတွက် ပိုပြီးတော့ သိလာတာပေါ့ အရင်တုန်းကတော့ နည်းနည်းပဲ
သိခဲ့တာပါရှင့်။

 

အောက်တွင် ဗွီဒီယို ဖိုင်ကိုလည်း ရယူနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top