28
May

အမျိုးသားသုံး၊ အမျိုးသမီး ကွန်ဒုံအကြောင်း သိကောင်းစရာများ



အန်တီလေးက ဖူးငုံတို့ အပေါ်
လူလွတ် ဆယ်ကျော်သက် ကလေးတွေ အဖြစ်ချည်းသာ ဆက်သွယ် ဆွေးနွေး မနေဘဲ
အနှောင်အဖွဲ့တွေနဲ့ လူငယ်တွေ အဖြစ် ကြည့်မြင် သုံးသပ် ရပါတော့မယ်။ ဘာလို့လဲ
ဆိုတော့ တချို့ ဖူးငုံတွေဟာ စောစီးစွာပဲ အိမ်ထောင်ရေး နယ်ပယ်ထဲကို တိုးဝင်
ရောက်ရှိ သွားကြလို့ပါပဲ။

 

အသက်အရွယ် ငယ်နုသေးသည်နှင့်
အမျှ ဘ၀တာဝေး ခရီးအတွက် လိုအပ်မှုတွေ ရှာဖွေ သိုမှီးစရာတွေ အများကြီး
ကျန်ရှိနေသေးတဲ့ အချိန်မှာ ဖူးငုံတို့ ဘာတွေ လုပ်ကြမလဲ ဆိုတာ စဉ်းစား
သင့်ကြတာပေါ့။

ဖူးငုံတို့ဟာ များသော အားဖြင့်
အချစ်ဆိုတဲ့ ညှို့ဆွဲအားကို မလွန်ဆိုင်နိုင်ဘဲ အိမ်ထောင်ကျ သွားကြတာက
များပါလိမ့်မယ်။ မိဘက စီစဉ်လို့ ပညာရေး ရည်မှန်းချက်တွေကို ကျောခိုင်းသွားရတာလည်း
ရှိကောင်း ရှိနိုင်ပေမယ့် မိမိသဘော ဆန္ဒမပါဝင်ဘဲ ဖြစ်ရတာတော့ နည်းပါးမှာပါ။

 

လက်ထပ် ယူလိုက်ကြတဲ့ အခါမှာ
ဖူးငုံတို့အနေနဲ့ မောင်ရောမယ်ပါ အနှောင်အဖွဲ့တွေနဲ့ လောင်းရိပ်အောက်မှာ ခြေချုပ်
မိသွားပါတော့မယ်။ မိဘက တတ်နိုင်လို့ ကြည့်ရှု စောင့်ရှောက်ထား သူတွေ
ရှိနိုင်သော်လည်း ကိုယ့်တာဝန် ကိုယ်ထမ်း ကြရသူက ပိုများမှာပါ။ စားဝတ်နေရေး ဆိုတဲ့
အကြောင်းသုံးပါးဟာ စာလုံးကလေး လေးလုံးတည်းနဲ့ အတော်ကြီးကို ၀န်ပိစေပါတယ်။

အရွယ် မတိုင်ခင်
ရည်မှန်းချက်တွေ မပြည့်စုံ သေးခင် ကိုယ်ဝန် ရသွားလို့ လက်ထပ်လိုက် ကြရတဲ့
အဖြစ်မျိုးမှာတော့ နှစ်ဦးနှစ်ဖက် အစစ နစ်နာ ကြရတော့တာပါပဲ။ အမှန်တော့ သုံးဦး
သုံးဖလှယ် နစ်နာတာပါ။ ကလေးဟာ သန္ဓေသား ဘ၀မှာ ကတည်းက ရသင့် ရထိုက်တဲ့ လူ့အခွင့်
အရေးတွေ ဆုံးရှုံး နေရနိုင်ပါတယ်။

 

ဖူးငုံတို့ရဲ့ အလုပ်အကိုင်နဲ့
စီးပွားရေး အခြေကျမှ မွေးဖွားလာမယ် ဆိုရင် ကလေး ရရှိနိုင်တဲ့ အခွင့်အရေးတွေ၊ ဥပမာ
ကိုယ်ဝန် ငါးလမှာ မိခင်နှင့်ကလေး စောင့်ရှောက်ရေးကို ဗိုက်အပ် စမ်းသပ် ပြင်ဆင်ရင်း
ကျန်းမာရေး စောင့်ရှောက် ပေးတာမျိုး၊ နှစ်ဖက်သော ဘိုးဘွားမိဘ မိတ်သင်္ဂဟတွေက
ဝမ်းမြောက်ကြိုဆိုတာ မီးနေ၀င် လက်ဆောင် ပေးကြတာမျိုး၊ သူတို့ မျက်မှောက်မှာ ကလေး
မွေးနေ့ပွဲတွေ ကျင်းပ ပေးတာမျိုး၊ မူကြိုချိန်တန် မူကြို၊ ကျောင်းကြီးချိန်တန်
ကျောင်း၊ သူ့ပညာရေး အဆင်ချော ဖြောင့်ဖြူးအောင် လမ်းကြောင်း ပေးတာမျိုး၊
နောင်တစ်နေ့ နောက်ကြောင်း ပြန်ကြည့်လိုက်တဲ့ အခါ ဖူးငုံတို့ရဲ့ အောင်မြင်တဲ့
အိမ်ထောင်ရေးနဲ့ လူမှုဘ၀တွေ အဖြစ် ဒါတွေအားလုံးဟာ ပီတိသောမနဿ ဖြစ်စရာ တွေချည်းပါပဲ။

 

ကျားမ မဟူ ဖူးငုံတို့
နားလည်ထား သိထား သင့်တာတွေကို အန်တီ ပြောပြ ဆွေးနွေးမယ်နော်။ ကိုယ်တိုင်
အိမ်ထောင်ပြုသည် ဖြစ်စေ၊ အိမ်ထောင်ပြုမယ့် သူငယ်ချင်း မောင်နှမ ရှိသည်ဖြစ်စေ၊ အခု
ဆွေးနွေးမယ့် အသိပညာ တွေဟာ ခုန ပြောသလို အောင်မြင်တဲ့ အိမ်ထောင်ရေးနဲ့ လူမှုဘ၀တွေ
ဖြစ်ထွန်းလာဖို့ အဓိကကျမှာပါ။

အန်တီတို့ နေထိုင်ရာ
ကမ္ဘာကြီးပေါ်မှာ တစ်မိနစ်တိုင်း တစ်မိနစ်တိုင်းမှာပဲ အမျိုးသမီး ၁၉၀ ယောက်
မလိုချင်ဘဲ၊ မရည်ရွယ်ဘဲ၊ ကိုယ်ဝန် ရနေကြတယ်။ အမျိုးသမီး ၄၀ ယောက်က ကိုယ်ဝန် ဖျက်ချ
နေကြတယ်။ အဲဒီအနက် အမျိုးသမီး ၁ ယောက်က သေဆုံးနေပါသတဲ့။

ဒါကြောင့်လည်း သားဆက်ခြား
နည်းလမ်းတွေရဲ့ အရေးပါပုံ အခရာကျပုံတွေကို သိထားမယ် ဆိုရင် ကိုယ်တိုင်
အသုံးပြုနိုင် သလို၊ တစ်ဆင့်လည်း ပညာပေးသွား နိုင်သေးတယ်။

 

သားဆက်ခြား
နည်းလမ်းတွေကတော့...

 

(က)
ကွန်ဒုံးအသုံးပြုခြင်း

(ခ) ပဋိသန္ဓေတားဆေး
စားခြင်း

(ဂ) ပဋိသန္ဓေတားဆေး
ထိုးခြင်း

(ဃ)
သားအိမ်တွင်းထည့်ပစ္စည်း

(င)
အရေပြားတွင်းမြှုပ်ထားသော ပစ္စည်း (
Contraceptive Implantation)

(စ)
အရေပြားတွင်ကပ်ထားသောပစ္စည်း (
Contraceptive Patch)

တို့ ဖြစ်ကြပါတယ်။

 

ကွန်ဒုံး

 

ကွန်ဒုံးဆိုရာမှာ
အမျိုးသားသုံး၊ အမျိုးသမီးသုံး ရှိပါတယ်။ မလိုချင် သေးတဲ့၊ မရည်ရွယ်တဲ့ ကိုယ်ဝန်
မရရှိအောင် ကာကွယ်ပေးတဲ့ အပြင် ကူးစက် တတ်သော ကာလသား ရောဂါတွေနဲ့ အိပ်ခ်ျအိုင်ဗီပိုးတို့
အန္တရာယ်မှလည်း ကာကွယ် ပေးပါတယ်။

 

ကာလသားရောဂါ ဆိုတာ
လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါပါ။ လိင်ဆက်ဆံတိုင်း ကူးစက်မှာ မဟုတ်ဘဲ
ရောဂါပိုး ရှိသူနဲ့ လိင်ဆက်ဆံ မိမှသာလျှင် ကူးစက်တာပါ။ အမျိုးသမီးတွေဟာ
အမျိုးသားတွေထက် ကာလသားရောဂါတွေ ကူးစက်ခံရနိုင်တဲ့ အန္တရာယ် ပိုများပါတယ်။ မိန်းမ
တစ်ယောက်ရဲ့ မိန်းမကိုယ် နံရံတွေနဲ့ သားအိမ်ခေါင်းဟာ လိင်ဆက်ဆံစဉ် ထွက်တဲ့အရည်
(သုက်ရည်) ၀င်ဖို့ လမ်းကြောင်းတွေ တိုက်ရိုက် ပွင့်နေလို့ပါ။ အကယ်၍ သုက်ရည်မှာ
ကာလသားရောဂါ ရောဂါပိုး ရှိနေမယ် ဆိုပါက အမျိုးသမီးဟာ ပိုပြီး ရောဂါကူးစက်
ခံရနိုင်ပါတယ်။ အမျိုးသားရဲ့ လိင်တံမှာတော့ လိင်တံဝမှာသာ ရောဂါပိုးဝင်
နိုင်မှာမို့ အမျိုးသမီးဆီမှာ ကာလသားရောဂါ ရောဂါပိုး ရှိနေခဲ့ရင် အမျိုးသားကို
ကူးစက်ဖို့ အခွင့်အလမ်း ပိုပြီး နည်းလျော့ပါတယ်။ အမျိုးသမီးတွေမှာ ကာလသားရောဂါ
ရှိနေရင်လည်း ရောဂါလက္ခဏာ မပြဘဲရှိတတ်တဲ့ အတွက် မကုသဘဲ ရောဂါ ပျံ့နှံ့လွယ်ပြီး
ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါ တွေထဲမှာ
အိပ်ခ်ျအိုင်ဗွီ (
HIV) လည်း
အပါအ၀င် ဖြစ်ပါတယ်။

 

အိပ်ခ်ျအိုင်ဗွီ ဆိုတာ
လူ့ခုခံအား စနစ်ကို ဖျက်ဆီးပစ်သော ဗိုင်းရပ်စ်ပိုး ဖြစ်ကြောင်း လူသိများနေပါပြီ။
သေချာ မမှတ်မိသေးရင်လည်း လေ့ကျင့် မှတ်သားထားဖို့ တိုက်တွန်းပါတယ်။ အေ့ဒ်စ် (
HIV) ဆိုတာက ခုခံအား သိပ်ကျလာတဲ့ အခါမှာ ဝေဒနာတွေကို
ခုခံနိုင်စွမ်း မရှိတော့ဘဲ ပေါ်ပေါက်လာတဲ့ ကပ်ပါးရောဂါ လက္ခဏာ တွေကို ခေါ်တာပါ။
အိပ်ခ်ျအိုင်ဗွီပိုး ကာကွယ်ဆေး ကုသဆေး ယနေ့ထက်တိုင် မတွေ့ရှိ သေးပါဘူး။
အိပ်ခ်ျအိုင်ဗွီပိုး ဆက်မပွားအောင် တားမြစ်နိုင်တဲ့ ဆေးတွေကလည်း ဈေးကြီးပါတယ်။
ကိုယ့်လိင် ဆက်ဆံဖက်မှာ အိပ်ခ်ျအိုင်ဗွီ ရှိမရှိဆိုတာ အပြင်ပန်း ကြည့်ရုံနဲ့
မသိနိုင်ဘူး မဟုတ်လား။ အပြန်အလှန် တစ်ဦးတည်းသော လိင်ဆက်ဆံဖက် ဖြစ်တယ် ဆိုတာ စိတ်ချ
ယုံကြည်မှု မရှိရင် အိပ်ခ်ျအိုင်ဗွီ အပါအ၀င် ကာလသားရောဂါ မရရှိအောင် ကွန်ဒုံး
သုံးစွဲဖို့ တိုက်တွန်းပါတယ်။ ကွန်ဒုံးဟာ ကိုယ်ဝန် မရရှိအောင် ကာကွယ်ပေးရုံမက
အိပ်ခ်ျအိုင်ဗွီနဲ့ တကွအခြားသော ကာလသားရောဂါတွေ ကူးစက်ခြင်းမှ ကာကွယ်
ပေးနိုင်တာမို့ စိတ်ချသေချာ သုံးစွဲစေလိုပါတယ်။

 

အမျိုးသမီးသုံးကွန်ဒုံး

 

အမျိုးသားက ကွန်ဒုံး
မသုံးစွဲလိုတဲ့ အခါမှာ အမျိုးသမီးက တပ်ဆင် ထားလိုက် နိုင်ပါတယ်။ လိင်ဆက်ဆံတဲ့
အခါတိုင်း အသစ်တစ်ခု သုံးစွဲသင့်ပါတယ်။ သက်တမ်းကုန် နေရင်၊ အထုပ်ပေါက်ပြဲနေရင်၊
ကွန်ဒုံးပွန်းပဲ့ ဟောင်းစုတ်ရင် မသုံးစွဲပါနဲ့။ ကွန်ဒုံးကို အထုပ်ထဲက ထုတ်ရင်
သွားနဲ့၊ ဓားနဲ့၊ ကပ်ကြေးနဲ့ ကိုက်ညှပ် မထုတ်ပါနဲ့။ တခြားထက်တဲ့ ချွန်တဲ့
ပစ္စည်းတွေ မသုံးပါနဲ့။ ကွန်ဒုံး ပျက်စီး နိုင်ပါတယ်။ ကွန်ဒုံးဟာ ချောဆီ
အတွင်းအပြင် အလုံအလောက် ရှိရဲ့လား စစ်ဆေးဖို့ လိုပါတယ်။

ကိုယ်တိုင်တပ်ဆင်ရတာ
လွယ်ကူပါတယ်။ တစ်ဦးတည်း သီးသန့် ရှိတဲ့ အခါမှာ လေ့ကျင့်ထားနိုင်ပါတယ်။

 

(၁) ပွင့်နေတဲ့
ဘက်ကို အောက်ဖက် ထားပြီး ကိုင်ပါ။

 

(၂) သက်တောင့်သက်သာ
အနေအထားနဲ့ ပေါင်ကွပြီး ထိုင်ခုံပေါ် ခြေတစ်ဖက် တင်ထား နိုင်ပါတယ်။ ကွန်ဒုံးရဲ့
ပိတ်နေတဲ့ ဘက်ကို ကိုင်ပြီး အတွင်းကွင်းကို ရှည်ရှည် ကျဉ်းကျဉ်းဖြစ်အောင် ညှစ်ကိုင်ရပါမယ်။
တခြား လက်က မိန်းမကိုယ်ဝကို ဟထားရပါမယ်။ အတွင်းကွင်းကို မိန်းမ ကိုယ်ထဲ
အသာသွင်းရပါမယ်။

 

(၃) လက်ညှိုးကို
ကွန်ဒုံး အတွင်းဘက်ကို ထည့်ပြီး အတွင်းကွင်းကို အတွင်း အရောက်နိုင်ဆုံး
တွန်းသွင်းရပါမယ်။ ကွန်ဒုံး လိမ်မနေ စေရပါဘူး။

 

(၄) အပြင်ကွင်းက
မိန်းမ ကိုယ်ဝမှာ ရှိပြီး ကွန်ဒုံးသားဟာ မိန်းမကိုယ် နံရံနဲ့ ကပ်နေပြီး
အတွင်းသားနဲ့ တသားတည်း ဖြစ်နေရပါမယ်။

 

ယောကျာ်း လိင်တံကို
ကွန်ဒုံးနဲ့ မိန်းမ ကိုယ်နံရံကြားထဲ ၀င်မသွားဘဲ မိန်းမ ကိုယ်ထဲသို့ သေချာဝင်အောင်
လက်နဲ့ အသာ ထိန်းသွင်း ပေးရပါတယ် (ချောဆီ အလုံအလောက် သုံးစွဲမှ သာလျှင်
လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံးဟာ နေရာတကျ ရှိနေပါလိမ့်မယ်)။ ဆက်ဆံပြီးတဲ့ အခါမှာ
အပြင်ကွင်းကို လိမ်ပြီး ကွန်ဒုံးကို အပြင် ဆွဲထုတ် ရပါတယ်။ မတ်တတ် မရပ်ခင်
ကွန်ဒုံးကို ဆွဲထုတ်ရမှာ ဖြစ်ပါတယ်။ အမျိုးသားသုံး ကွန်ဒုံးလို လိင်တံ မပျော့ခင်
အလျင်စလို ဆွဲထုတ်စရာ မလိုပါဘူး။ သုံးပြီး ကွန်ဒုံးကို အမှိုက်ပုံး၊ အိမ်သာတွင်းထဲ
စွန့်ပစ်ရပါမယ်။ ရေဆွဲ အိမ်သာထဲ ရေဆွဲမချပါနဲ့။ ကွန်ဒုံး အပိုဆောင်ထား သင့်ပါတယ်။

အမျိုးသားသုံး ကွန်ဒုံးကို
တစ်ပြိုင်တည်း မသုံးရပါဘူး။ ကွန်ဒုံးချင်း ပွတ်တိုက် စုတ်ပြဲ သွားပါလိမ့်မယ်။
အမျိုးသား အများစုဟာလည်း အမျိုးသမီးဘက်က ကွန်ဒုံးသုံးတာကို နားလည် လက်ခံလာကြပါပြီ။
အမျိုးသားသုံး ကွန်ဒုံးလို အလျင်စလို မဟုတ်ဘဲ ၈ နာရီ ကြိုသွင်း ထားနိုင်လို့
နှစ်သက်ကြပါတယ်။ နာကျင်ခြင်း လုံးဝမရှိပါဘူး။ ကျပ်ခြင်း၊ တင်းခြင်း မရှိပါဘူး။
အပူအအေး မျှတပါတယ်။

 

ရာသီ လာနေတဲ့ အခါ၊ သားအိမ်
နောက်လန်နေတဲ့ အခါ၊ ကိုယ်ဝန်ဆောင် နေတဲ့အခါ သုံးစွဲနိုင်ပါတယ်။ (သွေးဆုံးပြီး
သူတွေ အတွက်လည်း သင့်လျော်ကြောင်း ကြုံတုန်းပြော ချင်ပါတယ်)။ အမျိုးသားသုံး
ကွန်ဒုံးလုပ်တဲ့
latex တို့ nanoxynol-9 တို့နဲ့ သွေး မတည့်ဘဲ ယားယံတတ် သူတွေလည်း
သုံးစွဲနိုင်ပါတယ်။ အရင် လေးငါးနှစ်တုန်းက ဆိုရင် အမျိုးသမီးသုံး ကွန်ဒုံးဆိုတာ
ပစ္စည်း အသစ်အဆန်း ဖြစ်နေသေးခဲ့တဲ့ အတွက် သုံးစွဲဖို့ လက်မခံချင်တာရယ်၊ နည်းပညာနဲ့
အတွေ့အကြုံ မပြည့်စုံ သေးတာရယ်၊ သုံးစွဲစဉ် အသံမြည်တဲ့ အတွက် ငြင်းဆန်ကြပါတယ်။ အခု
နောက်ဆုံးပေါ်တွေကတော့ အဲဒီ ချို့ယွင်း ချက်မရှိဘဲ လိင်မှု ဆိုင်ရာ အိမ်ထောင်သည် ဘဝ
အရသာကို ပြည့်ဝစွာ ခံစား နိုင်ကြပါတယ်။ အမျိုးသားသုံး ကွန်ဒုံး သုံးစွဲနည်းကို
ပုံနဲ့တကွ ဖော်ပြထားပေးပါတယ်။

 

ပဋိသန္ဓေတားဆေး စားခြင်း၊
ထိုးခြင်း

 

ကိုယ်ဝန် တားတဲ့ စားဆေး၊
ထိုးဆေးတွေဟာ ဟော်မုန်းဓာတ် ဖြစ်ပါတယ်။ တချို့ အမျိုးသမီးတွေ အတွက် ခေါင်းကိုက်၊
ပျို့အန်၊ ခေါင်းမူး၊ စိတ်မကြည်လင်၊ ကိုယ်အလေးချိန် တိုးလာ၊ ရင်သား တင်းလာတဲ့
ဘေးထွက် ဆိုးကျိုး အနည်းအကျဉ်း ရှိတတ်ပါတယ်။ အန္တရာယ် မရှိပါဘူး။ တစ်လ၊ နှစ်လ
အကြာမှာ သက်သာ ပျောက်ကင်း သွားပါလိမ့်မယ်။ စားဆေး တစ်နေ့ တစ်လုံး နေ့စဉ်
အချိန်မှန်မှန် မပျက်မကွက် ဖိုမ ဆက်ဆံမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သောက်ရပါတယ်။
ဆေးကတ်မှာ ပြထားတဲ့ မြား အတိုင်း ရာသီစလာတဲ့ နေ့မှ စသောက်ရပါမယ်။ တစ်လမှာ ၂၁ ရက်
ဆက်တိုက် သောက်ပြီး သံဓာတ်ပါတဲ့ သွေးအား ထိန်းပေးတဲ့ ဆေး အညိုရောင် ဆေးလုံး
ကုန်တဲ့အထိ ၇ ရက် ဆက်သောက် ရပါတယ်။ ဆေးကတ် အသစ်ကို နောက်နေ့မှာ မြားအတိုင်း
ဆက်သောက်ရပါတယ်။

 

သားဥအိမ် ကနေ လစဉ် သားဥ
မထွက်အောင် စားဆေးက တားပေး ထားတဲ့ အတွက် အမျိုးသားရဲ့ သုက်ပိုးနဲ့ မတွေ့နိုင်လို့
ကိုယ်ဝန် မရနိုင်တာပါ။ ဆေးသောက် ရပ်လိုက်တာနဲ့ သားဥ ပြန်ထွက်လာပြီး ကိုယ်ဝန်
ရနိုင်ပါတယ်။

ကိုယ်ဝန် မရှိအောင် ကာကွယ်
ပေးနိုင်သော်လည်း အိပ်ခ်ျအိုင်ဗွီ အပါ အ၀င် ကာလသားရောဂါ မကူးစက်အောင် လုံးဝ
မကာကွယ် နိုင်ပါဘူး။

-    တစ်လ ၁ လုံး ထိုးဆေး

-    သုံးလ ၁ လုံး ထိုးဆေး

သုံးလခံ ထိုးဆေးတွေက
အချိန်ကြာကြာ သားဥ မထွက်အောင် တားထားပေးတဲ့ အတွက် ဆေးဖြတ်လိုက်ပြီး အချိန်ကြာကြာ
ဆက်လက်ပြီး ကိုယ်ဝန် မရှိဘဲ ဖြစ်နေတတ်ပါတယ်။ ကိုယ် အလေးချိန် သိသိသာသာ တိုးတဲ့
အတွက် အလှ ပျက်ပါတယ်။ သတိ ကောင်းကောင်းနဲ့ နေ့စဉ် သောက်ဆေး သောက်တာက ပိုပြီး
အဆင်ပြေကြောင်း ထောက်ခံ တိုက်တွန်း ပါတယ်။

 

သားအိမ်တွင်းထည့် ပစ္စည်း
(ပိုက်ထည့်ခြင်း)

 

ကိုယ်ဝန် တားရင်း သားဆက်ခြားတဲ့
နည်းတွေ အနက် ဒီနည်းလမ်းကို ရာနှုန်းပြည့် အားပေးပါတယ်။ အမျိုးသမီး အတော်များများပဲ
လက်ခံ ကျင့်သုံးနေကြပြီ ဖြစ်တဲ့ နည်းလမ်းကောင်း အဖြစ် ကြော်ငြာ မောင်းခတ်
လိုက်ပါရစေ။ နောက်ဆုံးပေါ် ကြေးနီကြိုး ပတ်ထားတဲ့ ပလတ်စတစ် ပစ္စည်း ဖြစ်ပြီး
ကိုယ်ဝန် မရအောင် နှစ်နှင့်ချီ တားထားနိုင်ပါတယ်။ ဘာဟော်မုန်းဓာတ်မှ မပါဝင်ဘဲ
သားအိမ်အတွင်း နံရံမှာ သားဥ လာမကပ်နိုင်ဘဲ ကိုယ်ဝန် ဖြစ်မလာနိုင်အောင် သဘာဝ
အတိုင်း ကိုယ်ဝန် တားထား တာပါ။ လိင်မှုဆိုင်ရာ အိမ်ထောင်သည် ဘ၀ကို မထိခိုက်ပါဘူး။
သားအိမ်ဝမှာ ပလတ်စတစ် ကြိုးစရှည် ထွက်မနေတဲ့ အတွက် အမျိုးသားရဲ့ လိင်တံထိပ်ကို
စူးမှာ အနှောင့်အယှက် ဖြစ်မှာလည်း မပူရပါဘူး။

 

အပြည်ပြည် ဆိုင်ရာ လူထုရေး
ဝန်ဆောင်မှု အဖွဲ့အစည်း (
PSI) ကနေ ဆေးခန်းတွေမှာ ကြိုတင် အကြောင်းကြားထားတဲ့ နေ့တွေမှာ
ပစ္စည်းထည့် ပေးပါတယ်။ ၀န်ဆောင်စရိတ် တစ်ထောင်ကျပ် တိတိသာ ကုန်ကျမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ရှိ မနေကြောင်း သေချာအောင် ဆီးစစ် လိုက်ပြီးတာနဲ့ တန်းထည့်
ပေးလိုက်တာပါပဲ။ နေ့စဉ်၊ လစဉ် အချိန်မှန်မှန် ဆေးသောက်နေဖို့ မလိုတဲ့ အတွက်
တစ်ပန်းသာပါတယ်။ တတ်ကျွမ်း နားလည်တဲ့ ဆရာဝန်နဲ့ ထည့်ဖို့ လိုပါတယ်။ အချိန်မရွေး
ပြန်ထုတ် နိုင်ပါတယ်။ ထုတ်ချင်လာရင်လည်း တတ်ကျွမ်း နားလည်တဲ့ ကျန်းမာရေး
ဝန်ထမ်းနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

 

အရေပြားတွင်း မြှုပ်ထားသော
ပစ္စည်း (
Contraceptive Implant) သုံးစွဲခြင်း

 

ဟော်မုန်းဓာတ်ရဲ့ အာနိသင်ဟာ
ကိုယ်ဝန်တားတဲ့ စားဆေး ထိုးဆေးတွေနဲ့ အာနိသင် အတူတူပါပဲ။ ပရိုဂျက်စတိုဂျင်
ဟော်မုန်းဓာတ် ပါဝင်တဲ့ ပလတ်စတစ် ပြွန်ကလေးကို လက်မောင်း အရေပြား အောက်ထဲသို့
ဆယ်မိနစ်လောက် အချိန် ယူပြီး ဖြည်းဖြည်းချင်း သွင်းပေးထားပါတယ်။ ပြွန်အရွယ်အစားက
၄၀+၂ မီလီမီတာ ဖြစ်ပါတယ်။ ဆံခြည်မျှင် ကလေး အရွယ်လောက်ပဲ ရှိတာပါ။ ထုံဆေး အကူအညီ
အနည်းငယ် လိုအပ်ပါတယ်။ ဟော်မုန်းဓာတ်ကို ခန္ဓာကိုယ် အတွင်းသို့
တစိမ့်စိမ့်ပျံ့နှံ့စေပြီး ကိုယ်ဝန် မရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ တစ်ခါ
သွင်းထားရင် ၃ နှစ် ထားနိုင်ပါတယ်။ ယူကေမှာ
Implanon ကို အသုံးပြုကြပါတယ်။

 

ထုံဆေး အကူအညီ အနည်းငယ်
လိုအပ်ပါတယ်။ ဟော်မုန်းဓာတ်ကို ခန္ဓာကိုယ် အတွင်းသို့ တစိမ့်စိမ့် ပျံ့နှံ့စေပြီး
ကိုယ်ဝန် မရအောင် စွမ်းဆောင် ပေးနိုင်ပါတယ်။ သူ့အားသာချက်က ပြန်ထုတ်ချင်ရင်
လွယ်ကူပါတယ်။ ကိုယ်ဝန် ပြန်ဆောင် နိုင်ပါတယ်။ သူ့အားနည်းချက် ကတော့ လက်မောင်းမှာ
အနာရွတ် ကျန်စေတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

 

အရေပြားတွင်ကပ်ထားသော ပစ္စည်း (Contraceptive
Patch)
သုံးစွဲခြင်း

 

ပေါ့ပေါ့ပါးပါး ၄ စင်တီ ပတ်လည်
ညိုဝါ ရောင်ပြားကလေး
EVRA ကို ၂၀၀၄
ခုနှစ်ကတည်းက ကနေဒါ နိုင်ငံမှာ စတင် သုံးစွဲနေပြီး ဖြစ်ပါတယ်။ ပရိုဂျက် စတိုဂျင်
ဟော်မုန်းဓာက် ပါဝင်တဲ့ ပျော့ပျောင်းတဲ့ သုံးလွှာပြား ကလေး ပါပဲ။ လက်မောင်း
အပြင်ဘက်ခြမ်း၊ ကျောပြင်၊ တင်ပါး၊ ၀မ်းဗိုက်သားတို့မှာ ကော်ကောင်းကောင်းနဲ့
ကပ်ထားပြီး တစ်ပတ် တစ်ကြိမ် နောက်တစ်ခု လဲလှယ် ကပ်ထား ရုံပါပဲ။ နောက်တစ်ပတ် ကတော့
ပက်ခ်ျမကပ်တဲ့ ရက်တွေပါ။ အဲဒီ ရက်အတွင်း ရာသီ လာပါတယ်။ တစ်ပတ်အကြာ ပက်ခ်ျ ပြန်ကပ်
ထားရပါမယ်။ ပက်ခ်ျ မကပ်ရတဲ့ရက် ပိုနည်းသွားဖို့ နည်းလမ်း ရှာဖွေ ကြံဆလျက် ရှိပါတယ်။

 

သူ့အားသာချက်က
မသုံးချင်တော့ဘူး ဆိုရင် ဖြတ်ထားဖို့ လွယ်ကူပါတယ်။ ကိုယ်ဝန် ပြန်ဆောင် နိုင်ပါတယ်။
အရေးပေါ် တားဆေး (
Emergency Contraceptive) တားဆေးစားဖို့ မေ့လျော့ သွားတဲ့ အခါမျိုးမှာဖြစ်စေ၊
ကွန်ဒုံး မသုံးလိုက်မိတဲ့ အခါမျိုးမှာ ဖြစ်စေ၊ ကွန်ဒုံး ပေါက်ပြဲသွားလို့ ဖြစ်စေ၊
အဆင်သင့် မဖြစ်သေးတဲ့၊ မလိုချင်သေးတဲ့ ကိုယ်ဝန် ရသွား နိုင်ပါတယ်။ အိမ်ထောင်ရှင်
မဟုတ်သူတွေလည်း ချစ်သူနဲ့ အနေအထိုင် လွန်ကျွံမိတဲ့ အဖြစ်ကြောင့်
ကိုယ်ဝန်ရသွားမှာကို စိတ်ပူ ရတတ်ပါတယ်။ လေ့လာမှုမရှိဘဲ လူပြော သူပြောနဲ့
သုံးစွဲနေကြတဲ့ ဆေးမြီးတိုတွေ၊ ဆေးပြား၊ ဆေးရည်တွေကို သုံးစွဲတာ ဟာဆေး
အတုအယောင်တွေ ရှိနိုင်ပါတယ်။ ထိရောက်မှု မရှိတဲ့ အပြင် ကျန်းမာရေးကို
ထိခိုက်စေနိုင်ပါတယ်။

 

စိတ်ချ ယုံကြည်ရအောင် Postinor-2 လို့ အမည်ရတဲ့ အရေးပေါ် တားဆေးကို သုံးစွဲရပါလိမ့်မယ်။  လွန်ခဲ့တဲ့ (၅)ရက်အတွင်း လိင်ဆက်ဆံခဲ့ မိရင်၊ သားဆက်ခြား
နည်းလမ်း တစ်ခုခုကို မသုံးစွဲခဲ့ရင်၊ ကွန်ဒုံး ပေါက်ပြဲခဲ့ရင်၊ သားဆက်ခြား
သောက်ဆေး သောက်ဖို့ မေ့လျော့ခဲ့ရင်၊ သို့မဟုတ် ဆေးစသောက်တာ နောက်ကျခဲ့ရင်၊
သားဆက်ခြား ထိုးဆေးထိုးဖို့ ရက်လွန်နေခဲ့ရင်၊ အလိုမတူဘဲ လိင်ဆက်ဆံ ခဲ့ရရင်၊
Postinor-2 ကို သောက်နိုင်ပါတယ်။

အကာအကွယ်မဲ့
လိင်ဆက်ဆံမိပြီး(၅)ရက် အတွင်း (၁၂၀ နာရီအတွင်း)
Postinor-2 ဆေး(၂)လုံးကို သောက်ရပါမယ်။ စောစော သောက်လေ ထိရောက်လေပါ။
ပျို့အန်ခြင်း သက်သာစေဖို့ အစာစားပြီးမှ ဆေးသောက် သင့်ပါတယ်။ ဆေးသောက်ပြီး (၂)နာရီ
အတွင်း ပျို့အန်ခဲ့ရင် နောက်ထပ် ဆေး ၂ လုံး ချက်ချင်း သောက်ပါ။ နောက်တစ်ကတ်
ဝယ်ဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ထဲကို ဆေးလုံး ၂ လုံးရဲ့ အာနိသင် ရောက်မှသာလျှင်
ကာကွယ်မှု အပြည့်အ၀ ရရှိပါတယ်။ ဆေးသောက်ပြီး ၂ နာရီကျော်မှ အန်ခဲ့ရင်တော့
နောက်ထပ်သောက်ဖို့ မလိုအပ်တော့ပါဘူး။
Postinor-2 ဆေးရဲ့ အာနိသင်တွေကတော့ သားဥ မထွက်အောင် တားဆီးပေးတယ်။
သားဥ မျိုးအောင်ခြင်းမှ ဟန့်တားပေးတယ်။ မျိုးအောင်ပြီးတဲ့ သားဥကို သားအိမ်တွင်းမှာ
နေရာယူခြင်းမှ တားဆီးပေးတယ်။ အဲဒီ အာနိသင်တွေ အရ ကိုယ်ဝန် မရနိုင်တော့ပါဘူး။

 

Postinor-2 ဟာ
ကိုယ်ဝန်  ပျက်ကျစေတဲ့ ဆေး မဟုတ်ပါဘူး။
ကိုယ်ဝန် ရှိမှန်း မသိဘဲ သောက်မိရင် ဆေးအာနိသင် ပြမှာ မဟုတ်ပါဘူး။ ဘေးထွက်
ဆိုးကျိုးအနေနဲ့ တစ်ခါတစ်ရံ ပျို့အန်၊ ခေါင်းကိုက်၊ ရင်သားတင်း၊ သွေးဆင်းတာတွေ
ဖြစ်တတ်သော်လည်း ၂၄ နာရီကျော်ရင် ပြန်သက်သာ ပျောက်ကင်း သွားမှာပါ။
Postinor-2 ဟာရေရှည် သုံးစွဲရမယ့် သားဆက်ခြား နည်းလမ်း မဟုတ်ပါဘူး။
ရေရှည် သားဆက်ခြားဖို့ လိုအပ်ရင် ဆရာနဲ့ တိုင်ပင်ဆွေးနွေးပြီး သင့်တော်တဲ့
နည်းလမ်းတစ်ခု ရွေးချယ်သင့်ပါတယ်။

ဒါဆိုရင်တော့ ဖူးငုံတို့ရဲ့
ဘ၀ရှေ့ရေး၊ ပညာရေးတွေမှာ ပေါ်ပေါက်လာမယ့် အတားအဆီးတွေကို ကာကွယ် ပြင်ဆင်
နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်

အမျိုးသားသုံး၊ အမျိုးသမီး ကွန်ဒုံအကြောင်း သိကောင်းစရာများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top