လိင်တံအရေပြား ရောင်ရမ်းခြင်း (Balanitis)
အမျိုးသားများ၏ လိင်တံထိပ်ဖျားရောင်ရမ်ခြင်းကို
ခေါ်တဲ့ရောဂါဖြစ်ပါသည်။ လိင်တံထိပ်ဖျားရှိ အရေပြားသည် ငုံနေခဲ့လျှင်
ပိုပြီးဖြစ်လွယ်ပါတယ်။ အရေပြားဖြတ်ထားသူတွေမှာတော့ အဖြစ်နည်းပါတယ်။
ဒီရောဂါဖြစ်လာလျှင် ယားယံမယ်၊ ကုတ်ခြစ်ရာကနေ အနာဖြစ်မယ်၊
ပြည်တည် နာတွေ ပါဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်းမှာ ပြည်ထွက်တာမျိုးလည်း
ဖြစ်တတ်ပါတယ်။ ဗက်တီးရီးယား ပိုးဝင်ရောက်ခြင်း၊ မှိုပိုးဝင်ရောက်ခြင်းများ
ကြောင့်ဖြစ်တတ်သလို ဓာတ်မတည့်မှုကြောင့်လည်းဖြစ်တတ်ပါတယ်။
ဖြစ်နိုင်ခြေရှိသော အန္တရာယ်အခွင့်အလမ်းများ
(၁)ဆီးချိုသွေးချိုရောဂါခံစားနေရသော အမျိုးသားများတွင်
သူတို့ စွန့်ထုတ်တဲ့ဆီးထဲမှာ သကြားဓာတ်တွေ မြင့်မားစွာပါဝင်ပြီး ရောဂါပိုးများ
ပေါက်ပွားလွယ်စေပါတယ်။ဒါကြောင့် ဆီးလမ်းကြောင်းအ၀မှာ ရောင်ရမ်းခြင်းနှင့်
ရောဂါပိုးဝင်ရောက်ခြင်းများဖြစ်ပေါ်လာပါတယ်။
(၂)ပဋိဇီဝဆေးဝါးတွေ အမြောက်အမြားသုံးစွဲနေရတဲ့
အမျိုးသားများတွင် ခန္ဓာကိုယ်ရဲ့ ခုခံမှုစနစ်ကိုပါ ကျဆင်းသွားစေတဲ့အတွက် မှိုပိုးဝင်ရောက် ကူးစက်နိုင်ခြေ
ပိုများစေပါတယ်။
(၃)ကလေးအရွယ် ယောက်ျားလေးများဟာ ဒီရောဂါပိုပြီးရနိုင်တဲ့
အခွင့်အလမ်းပိုများပါတယ်။
(၄)အချို့သော ဓာတုပစ္စည်းများ ဥပမာ- ကွန်ဒုံးထဲတွင်ပါသော
ဓာတုပစ္စည်းများ၊ သန္ဓေတားလိမ်းဆေးများ၊ အ၀တ်လျှော်ဆပ်ပြာများ၊ လူသုံးဆပ်ပြာများတွင်
ပါဝင်သော ဓာတုပစ္စည်းများကို လိင်တံအရေပြားက ထိခိုက်ခံစားလွယ်ပြီး
ဓာတ်မတည်းခြင်းဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီရောဂါဖြစ်ရင် ဘာလုပ်မလဲ
လိင်တံအရေပြားနှင့် လိင်တံထိပ်ဖျားရောင်ရမ်းနေပါက ဆရာဝန်နှင့်တိုင်ပင်ပြသရမှာဖြစ်ပါတယ်။
အဲဒီနေရာတစ်ဝိုက်ကို ကြည့်ရှုစစ်ဆေးပြီး ရောဂါပိုးရှိ၊မရှိ Swab ယူပြီးစမ်းသပ်စစ်ဆေးရမှာဖြစ် ပါတယ်။ ဆီးထဲမှာ သကြားဓာတ်ပါဝင်မှုများနေခြင်း
ရှိ၊မရှိ ဆီးကိုစစ်ဆေးဖို့လည်းလိုပါတယ်။
ဘယ်လိုကုသရသလဲ
ဖြစ်ပွားရခြင်းအကြောင်းရင်းပေါ်မူတည်ပြီး
ကုထုံးကွာခြားမှုရှိပါတယ်။
(၁)ဗက်တီးရီးယားပိုးကြောင့်ဖြစ်တာဆိုလျှင် ပဋိဇီဝဆေးများပေးပြီးကုသနိုင်ပါတယ်။
(၂)လိင်တံထိပ်ဖျားအရေပြားငုံနေခြင်းကြောင့်ဆိုလျှင် ၄င်းအရေပြားကိုဖြတ်ပြီး
Circumcision လုပ်သင့်ပါတယ်။
သို့မှသာ မကြာခဏပြန်ဖြစ်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၃)တကယ်လို့ ဒီရောဂါဟာ လိင်ဆက်ဆံရာမှတစ်ဆင့်
ကူးစက်ခြင်းခံရတာဖြစ်လျှင် သင့်ရဲ့ လိင်ဆက်ဆံဖော် ကိုလည်း
စမ်းသပ်စစ်ဆေးပြီး လိုအပ်တဲ့ကုသမှု ပေးရပါမယ်။
(၄)တကယ်လို့ ဓာတုပစ္စည်းတစ်ခုခုကို
ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တာဆိုလျှင် ၄င်းဓာတုပစ္စည်းကို ရှာဖွေဖော်ထုတ်ပြီး
မသုံးဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။
(၅)ရောင်ရမ်းနေတဲ့နေရာကို သန့်ရှင်းခြောက်သွေ့စွာ ထားရပါမယ်။
၎င်းအရေပြားကို နှိုးဆွစေသော ပစ္စည်းများမှ ကင်းလွတ်အောင်လည်း ထားရပါမယ်။
အကြောင်းရင်းကို သိပြီဆိုပါမှ ဒီရောဂါကိုပျောက်ကင်းအောင် လျင်မြန်စွာ
ကုသနိုင်ပါတယ်။




